ဗီယက်နမ်အိမ်ခြံမြေဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ငန်းသစ်အရေအတွက်မှာ ၂၀၁၆ ပထမသုံးလပတ်ကာလအတွင်း ၅၉၆ ခုအထိရှိခဲ့ပြီးရာခိုင်နှုန်းအားဖြင့် ၁၄၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်းဗီယက်နမ်အစိုးရ၏ တရားဝင်ထုတ်ပြန်သောစာရင်းအချက်အလက်များတွင် ဖော်ပြသည်ဟုဟနွိုင်းအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဆောက်လုပ်ရေးလုပ်ငန်းသစ်တို့၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာဗီယက်နမ်ဒေါင်ငွေ ၄၅ ဒသမ ၅ ထရီလီယံ
(ကန်ဒေါ်လာ ၂ ဘီလီယံ) အထိရှိခဲ့ရာယခင်နှစ်ကထက် ၄၀၇ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်းဗီယက်နမ် စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာနမှ ထုတ်ပြန်သည်။
ကုမ္ပဏီသစ်အရေအတွက်၊ ရင်းနှီးမြှုပ်နှံမှုပမာဏနှစ်ရပ်လုံးတွင် ယခုကဲ့သို့ များပြားစွာမြင့်တက်မှုမှာအခြားမည်သည့်ကဏ္ဍတွင်မျှ မရှိချေ။
ဗီယက်နမ်တစ်နိုင်ငံလုံးတွင် ၂၀၁၆ ပထမသုံးလပတ်အတွင်းကဏ္ဍစုံလုပ်ငန်းသစ်များ ၂၃၇၆၇ ရှိခဲ့ပြီးယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၄ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အဆိုပါဝန်ကြီးဌာနကထုတ်ပြန်သည်။
အဆိုပါလုပ်ငန်းအားလုံး၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာဗီယက်နမ်ဒေါင်ငွေ ၁၈၆ ထရီလီယံ (ကန်ဒေါ်လာ ၈ ဒသမ ၂၅ ဘီလီယံ) ရှိခဲ့ပြီး ၆၇ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ကျန်းမာရေးနှင့် လူမူရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများသည် ဆောက်လုပ်ရေးလုပ်ငန်းပြီးလျှင် ဒုတိယအဖွံ့ဖြိုးဆုံးကဏ္ဍဖြစ်ပြီးလုပ်ငန်းသစ် ၁၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
အနုပညာနှင့်ဖျော်ဖြေရေးလုပ်ငန်းများမှာကုမ္ပဏီသစ် ၂၃၉ ခုသာရှိပြီး ၂၃ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်။
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ၏ ကြီးထွားမှုမှာလည်း မြင့်မားခဲ့ပြီးရင်းနှီးမြှုပ်နှံမှုပမာဏဒေါင်ငွေ ၄ ဒသမ ၅ ထရီလီယံရှိခဲ့ပြီး ၂၅၃ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ယခုနှစ်ပထမသုံးလပတ်အတွင်းအမြဲတမ်း (သို့မဟုတ်) ယာယီပိတ်သိမ်းသွားသောစီးပွားရေးလုပ်ငန်းပေါင်း ၂၀၀၄၄ ရှိခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)