၂၀၁၆ ခုနှစ်အတွင်းအာရပ်စော်ဘွားများပြည်ထောင်စုတွင် အိမ်ခြံမြေဈေးနှုန်း ၁၀ ရာခိုင်နှုန်းကျဆင်း မည်ဖြစ်ကြောင်းအရှေ့ အလယ်ပိုင်းအိမ်ခြံမြေဈေးကွက် အကဲခတ်ပုဂ္ဂိုလ်တို့ကခန့်မှန်းသည်ဟုအဘူဒါဘီအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အမေရိကန်ဒေါ်လာဈေးမာနေမှု၊ ရေနံဈေးကျဆင်းမှုနှင့် ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု နည်းပါးခြင်းတို့သည် အာရပ်စော်ဘွားများပြည်ထောင်စုတွင် အိမ်ခြံမြေဈေးကွက်အပေါ် ကြီးမားသောထိခိုက်မှုများပေါ်ပေါက်လာစေခြင်း ဖြစ်သည်။
အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာစေမည့် အရိပ်လက္ခဏများလည်းမတွေ့ရသေးကြောင်းသုံးသပ်ကြသည်။
၂၀၁၅ ခုနှစ်အတွင်းတွင် အိမ်ခြံမြေပေါက်ဈေးများ ၁၀ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအကြားကျဆင်းခဲ့သည်။
ယခုနှစ်အတွင်းတွင် ဒူဘိုင်းအိမ်ခြံမြေပေါက်ဈေးများမှာ ၁၀ ရာခိုင်နှုန်းထပ်မံကျဆင်းဖွယ်ရာရှိနေသည်။
အိမ်ခြံမြေဈေးကွက်အားနည်းနေရခြင်း၏ အခြားအချက်တစ်ခုမှာရင်းနှီးမြှုပ်နှံမှုများအားနည်းနေခြင်းကြောင့်လည်း ဖြစ်သည်။
အမေရိကန်ဒေါ်လာဈေးခိုင်နေမှုကြောင့် အာရပ်စော်ဘွားများပြည်ထောင်စုတွင် အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမည့် ပြည်ပ၀ယ်လက်တို့အတွက် ပိုမိုအရင်းအနှီးကြီးမားလာစေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)