တောင်ကိုရီးယားအစိုးရသည် ဟန်မြစ်ကမ်းတစ်လျှောက် အဆောက်အအုံဆောက်လုပ်ရာတွင် ၃၅ ထပ်အမြင့်ဆောက်လုပ်ရန်သာကန့်သတ်ထားခဲ့ရာယခုအခါ မြစ်ကမ်းဘေးမြင်ကွင်းနှင့် ကောင်းကင်မြင်ကွင်းပသာဒစုံလင်စေရန်အတွက် ရည်ရွယ်ကာလွတ်လပ်စွာဆောက်လုပ်ခွင့်ပေးတော့မည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာသည်ဟုဆိုးလ်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဟန်မြစ်ကမ်းဘေးလူနေအဆောက်အအုံများဆောက်လုပ်မှုဆိုင်ရာဒီဇိုင်းစည်းမျဉ်းစည်းကမ်းများနှင့် စပ်လျဉ်း၍ တောင်ကိုရီးယားတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
အမြင့်မှတ်တူသောအဆောက်အအုံများ မြစ်ကမ်းဘေးတွင် တန်းစီနေကြသည်မှာ မြစ်ကမ်းတစ်လျှောက်မြင်ကွင်းကိုပျက်စီးစေကြောင်း ဝေဖန်ကြသည်။
အဆိုပါဝေဖန်မှုများနှင့် စပ်လျဉ်း၍ ဆိုးလ်မြို့ တော်အုပ်ချုပ်ရေးအဖွဲ့သည် အင်္ဂါနေ့ကဆွေးနွေးခဲ့ကြပြီး ၃၅ ထပ်သာဆောက်လုပ်ရန်ကန့်သတ်ထားမှုကိုဖြေလျော့ပေးရန် ဆုံးဖြတ်ခဲ့ကြကြောင်းထိပ်တန်း အရာရှိတစ်ဦး ကပြောကြားသည်။
မြစ်ကမ်းတစ်လျှောက် အဆောက်အအုံဆောက်လုပ်မှု အမြင့်ကန့်သတ်ချက်ကိုဖြေလျော့ပေးခြင်းအားဖြင့် ဗိသုကာဒီဇိုင်းစုံလင်စွာဆောက်လုပ်လာကြတော့မည်ဖြစ်ရာ မြင်ကွင်းစုံလင်သည့် ရှုခင်းကိုတွေ့မြင်လာရတော့မည်ဖြစ်သည်။
“တစ်သမတ်တည်းဖြစ်နေတဲ့ အဆောက်အအုံဗိသုကာဆိုင်ရာကို ပြုပြင်ပြောင်းလဲဖို့အချိန်ရောက်လာပါပြီ။ ကျွန်တော်တို့အနေနဲ့ ဗိသုကာဒီဇိုင်းရေးဆွဲရာမှာလွတ်လပ်စွာဖန်တီးနိုင်စွမ်းရှိဖို့အတွက် ပြင်လွယ်ပြောင်းလွယ်ရှိဖို့ ခွင့်ပြုရတော့မှာပါ။” ဟုအဆိုပါအရာရှိကပြောကြားသည်။
အဆောက်အအုံနှင့် ဆောက်လုပ်မည့်မြေအချိုးသည် ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအကြားရှိရမည်ဟူသည့် ကန့်သတ်ချက်ကိုလည်းဖြေလျော့ပေးစေလိုသည့် သဘောထားများရှိနေကြကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)