မလေးရှားတွင် လက်ရှိဆောက်လုပ်လျက်ရှိကြသော တန်ဖိုးနည်းအိမ်ရာပမာဏသည် ၀ယ်လိုအားကို ပြည့်မီအောင် ဖြည့်တင်းနိုင်ခြင်းမရှိသေးသောကြောင့် တန်ဖိုးနည်းအိမ်ရာများပိုမိုဆောက်လုပ်ကြရန် မလေးရှား developer များကိုညွှန်ကြားမည်ဖြစ်ကြောင်းမလေးရှားဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမိုဟာမက်အာဝင် စီရီဂါ အဗ္ဗဒူလာကပြောကြားသည်ဟုဆလန်ဂေါအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မလေးရှားdeveloperအများစုသည် အမြတ်အစွန်းများသည့် ဇိမ်ခံအိမ်ရာစီမံကိန်းများကိုသာဆောက်လုပ်လိုကြကြောင်းအဗ္ဗဒူလာကပြောကြားသည်။
ယင်းအကြောင်းရပ်နှင့်စပ်လျဉ်း၍ မလေးရှားအစိုးရက developer များကိုခေါ်ယူတွေ့ဆုံကာ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် တန်ဖိုးနည်းအိမ်ရာများပိုမိုဆောက်လုပ်ကြရန် အားပေးတိုက်တွန်းသွားမည်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
မလေးရှားတွင် တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်မည်ဆိုလျှင် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် တန်ဖိုးနည်းအိမ်ခန်းပေါင်း ၄၅၇၁၃ ခန်းဆောက်လုပ်ပြီးစီးခဲ့ပြီး ၆၁၉၆၃ ခန်းမှာဆောက်လုပ်ဆဲဖြစ်သည်။
ဆောက်လုပ်ဆဲအပြင် အခြားတန်ဖိုးနည်းအိမ်ရာစီမံကိန်းအများအပြားအကောင်အထည်ဖော်နိုင်မည်ဆိုပါကအနာဂတ်တွင် မလေးရှား၌ တန်ဖိုးနည်းအိမ်ရာဖြည့်တင်းနိုင်မှု မြင့်တက်လာမည်ဖြစ်ကြောင်းအဗ္ဗဒူလာကပြောကြားသည်။
မလေးရှားပြည်သူတို့၏ အကြွေးတင်မှုအခြေအနေကိုကြည့်မည်ဆိုလျှင်အိမ်ထောင်စုတို့၏ အကြွေးမှာတိုင်းပြည် ဂျီဒီပီ၏ ၈၇ ဒသမ ၉ ရာခိုင်နှုန်းအထိရှိနေသော်လည်း ပြန်လည်မပေးဆပ်နိုင်သူnon-performing loans (NPL) နှုန်းမှာနည်းပါးသည်။
ငွေချေးယူမှုများအနက်အများစုမှာ နေအိမ်ဝယ်ယူမှုများအတွက် ဖြစ်သည်။
အကြွေးပြန်လည်မပေးဆပ်နိုင်မှု NPL နှုန်းနည်းပါးသည်ကို ကြည့်မည်ဆိုလျှင် မလေးရှားပြည်သူတို့သည် အကြွေးပြန်လည်ပေးဆပ်နိုင်သည့် စီးပွားရေးအခြေအနေရှိသည်ကိုညွှန်ပြလျက်ရှိသည်။
သို့တိုင် မလေးရှားအစိုးရသည် အိမ်ထောင်စုတို့၏အကြွေးအခြေအနေကိုအနီးကပ်စောင့်ကြည့်နေမည်ဖြစ်သည်ဟုအဗ္ဗဒူလာကပြောကြားသည်။
၂၀၁၆ ခုနှစ် ဧပြီလအတွင်းအချက်အလက်များအရမလေးရှားတွင် အကြွေးပြန်လည်မပေးဆပ်နိုင်သူမှာရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၁၇ ရာခိုင်နှုန်းရှိသည်။
ဆောက်လုပ်ရေးကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသည့်သော့ချက်တစ်ခုဖြစ်ရာအခြေခံအဆောက်အအုံဆောက်လုပ်ရေးကဏ္ဍနှင့် နေအိမ်ဆောက်လုပ်ရေးကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်လာစေရန် မလေးရှားအစိုးရကဆက်လက်ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်းလည်းအဗ္ဗဒူလာကပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)