ကျူးကျော်ဆိုသည့်စကားလုံးက မြန်မာ့လူ့အဖွဲ့အစည်းအတွင်း မကောင်းသောရည်ညွှန်းမှုဖြင့်သုံးစွဲသော စကားလုံးဖြစ်သည်။ ၂၁ ရာစုအတွင်း နေထိုင်မှုနယ်ပယ်၌ အသုံးတွင်ကျယ်လာသောစကားလုံးလည်းဖြစ်သည်။ တကယ်တော့ ကျူးကျော်နေထိုင်မှု၊ ကျူးကျော်တဲ၊ ကျူးကျော်ရပ်ကွက်၊ ကျူးကျော်အိမ်ရာဟူသည် ယခုမှနိုးထလာသော အခန်းကဏ္ဍများမဟုတ်၊ လွန်လေပြီးသော နှစ်ပေါင်း ခြောက်ဆယ်ကျော်ကတည်းက ရှိနှင့်ပြီးအခင်းအကျင်းများသာဖြစ်၏။ မည်သည့်နေရာကိုကျူးကျော်ခြင်းဖြစ်သနည်း၊ စည်ပင်သာယာရေးကော်မတီဟု ယခု အသုံးတွင်ကျယ်နေပြီဖြစ်သော မြူနီစီပယ်အဖွဲ့ပိုင် မြေနေရာများကို ၀င်ရောက်ကျူးကျော်ခြင်းပင် ဖြစ်ပေချိမ့်။
မြန်မာမင်းများလက်ထက်ကတော့ ကျူးကျော်ဟူသောစကားကို လူမှုရေး၊ အိမ်ထောင်ရေး အခန်းကဏ္ဍများတွင်သာ အသုံးပြုကြသည်။ နေရာထိုင်ခင်းနှင့်ပတ်သက်၍ အိမ်ရာပရ၀ဏ်တစ်ခုအတွင်း အိမ်ရှင်ခွင့်မပြုဘဲ အတင်းအဓမ္မ၀င်ရောက်ကျော်နင်းခြင်းအမှုလောက်သာရှိဟန်တူသည်။ မြေနေရာကျူးကျော်ခြင်းမရှိသည်မှာတော့ ထိုခေတ်ထိုအခါက မြန်မာ့နယ်မြေသည် မြေကလည်ူအလျှံပယ်၊ သစ်ဝါးကလည်းအလျှံပယ် ဖြစ်နေခြင်းကြောင့် သူတစ်ပါးနှင့် လုယက်တည်ဆောက်နေစရာ မလိုခြင်းကြောင့်ဖြစ်ဟန်တူသည်ဟု ယူသော် ရ၏။ မြေပိုင်ရှင်၊ လယ်ပိုင်ရှင်တို့ အသီးသီးအသကအသကရှိနေသည့်တိုင်အောင် လစ်နေလပ်နေသောေုမလွတ်မြေရိုင်းများက အနတက္ကမ။
အင်္ဂလိပ်နယ်ချဲ့တို့၏ကိုလိုနီဘ၀ ကျရောက်သွားသော အချိန်တွင် မြို့ကွက်ဖော်ခြင်း၊ မြေတိုင်းစနစ် များဖြင့် မြေပုံရေးဆွဲမှတ်တမ်းတင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ မြူနီစီပယ်အဖွဲ့က ဆိုခဲ့ပါမြေပုံများနှင့် မြေရာဇယား များကိုအသုံးပြုကာ မြေရာစီမံခန့်ခွဲခြင်းများ ပြုခဲ့သည်။ သို့ရာတွင် နေသည့်လူဦးရေနှင့် ရှိနှင့်ပြီးမြေက အချိုးအဆများစွာကွာခြားသည့်အလျောက် နေစရာအတွက် အချင်းများရခြင်းများ မရှိခဲ့။ ရန်ကုန်မြစ်ကြောင်းအတိုင်း လှေ၊ သမ္ဗန်များဖြင့် ကုန်စည်ရောင်းဝယ်မှုပြုကြရင်း အမျိုးတူကုန်သည်များ စုစည်းပေါင်းစပ်၍ နေရာထိုင်ခင်းအခြေချခြင်း၏ သက်သေအထောက်အထားများကို စဥ့်အိုးတန်း၊ ၀ါးတန်း၊ ကိုင်းတန်း စသော ကုန်စည်အမျိုးအမည်များအလိုက် နာမည်ပေးထားသည့် လမ်းအမည်များကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ထို့ပြင်တစ်ဝ ဧရာဝတီတိုင်းအတွင်းရှိမြို့များမှ ရန်ကုန်သို့လာရောက်အခြေချရာတွင် ဒေသတူများစုစည်းနေထိုင်ခြင်း၏ သက်သေအထောက်အထားအဖြစ် မအူပင်လမ်း၊ ညောင်တုန်းလမ်း၊ ဖျာပုံလမ်း စသည့်လမ်းနာမည်များကို ကြည့်ခြင်းဖြင့် သိနိုင်သည်။
ဆိုခဲ့ပါ အခြေချနေထိုင်သူများကို မြူနီစီပယ်က အရေးယူခြင်း၊ ဖယ်ရှားခိုင်းခြင်း၊ ဖျက်သိမ်းပစ်ခြင်း စသည်တို့ ပြုလုပ်ခဲ့သည်ဟု မကြားဖူးခဲ့။ မြူနီစီပယ်အဖွဲ့အနေဖြင့်လည်း လူနေကျဲပါးလွန်းသော ရန်ကုန်နယ်နိမိတ်အတွင်း ခုလို လာရောက်အဃျြေနေထိုင်ခြင်းကိုပင် အူလှိုက်သည်းလှိုက် အားပေးကူညီလိုက်သေး၏။ မီးတိုင်များစိုက်ပေးခြင်း၊ စာတိုက်ဆောက်ပေးခြင်း၊ ဘူတာတည်ပေးခြင်း၊ ရဲစခန်းတိုးချဲ့ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးခဲ့သည်။ အဲ . . . မြေခွန်နှင့် လူခွန်ကတော့ မပျက်မကွက်ဆောင်ရသပေါ့လေ။ သူတို့တွက်ကိန်းက ရန်ကုန်နယ်နိမိတ်အတွင်း ကုန်စည်အရောင်းအ၀ယ်ကိစ္စရပ်နှင့်နွှယ်၍ အခြားမြို့ရွာများမှဒေသခံတို့ လာရောက်အဃျြေနေထိုင်ခြင်းဖြင့် ကုန်စည်စီးဆင်းမှုများပြားလာပြီး ရန်ကုန်သည် အနယ်နယ်အရပ်ရပ်မှထွက်ကုန်များ၏စုရပ်သဖွယ်ဖြစ်လာကာ စီးပွားရေးတိုးတက်လာစေရန်ဖြစ်သည်ဟု ယူဆရသည်။ တကယ်လည်း ထိုသို့ဖြစ်ခဲ့သည်မှာ သမိုင်းကြောင်းအထင်အရှားပင်။
ကျူးကျော်ရပ်ကွက်ဟူသောစကားကို သိသိသာသာကြားဖူးသည်မှာတော့ လွတ်လပ်ရေးရပြီးကာလများမှာဖြစ်၏။ အားလုံးသိကြသည့်အတိုင်း မြန်မာ့လွတ်လပ်ရေးသည် လက်နက်ကိုင်သောင်းကျန်မှုမြောက်မြားစွာနှင့် ဖွားဖက်တော်ဖြစ်ခဲ့ရသည်။
သည်တော့ လက်နက်ကိုင်သောင်းကျန်းသူများကြီးစိုးရာ နယ်ဘက်မှ ဥပဒေစိုးမိုးရာ ရန်ကုန်သို့ အလုံးအရင်းနှင့်ခိုဝင်လာကြသည့် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်မိဘပြည်သူများမှာ ရန်ကုန်ရွှေမြို့တော်ကြီး၌ ပိုလျှံအင်အားစုများ ဖြစ်နေလေရကား သူတို့နေရေးထိုင်ရေးအတွက် ကြုံသလို တိုးဝင်နေထိုင်ရာမှ ကျူးကျော်ရပ်ကွက်များ အပြိုင်းအရိုင်းပေါ်ထွန်းခဲ့သည်ဟု သိမှတ်ခဲ့ရဖူးသည်။
မိမိဇာတိရပ်ရွာ၌ အသက်အန္တရာယ်ပင်မလုံခြုံသဖြင့် ဘေးလွတ်ရာအရပ်သို့ အားကိုးတကြီးပြေးဝင်ခိုလှုံလာကြသူတို့ကို နေရပ်သို့ အတင်းအဓမ္မပြန်ပို့၍လည်းဖြစ်သည်မဟုတ်။ ထို့ကြောင့် ထိုစဉ်က အာဏာရအစိုးရဖြစ်သည့် ဖဆပလအစိုးရက မြို့သစ်များဖော်ထုတ်ကာ နေရာချထားပေးခဲ့သည်။
တစ်ခါတစ်ရံ ကျူးကျော်ဟူသည့်ခေါင်းစဉ်အောက် ၌ နိုင်ငံရေးအသုံးချမှုဆိုသည့် ခေါင်းစဉ်ကွဲတစ်ခုက တွဲကပ်ပါလာသေး၏။ ဖဆပလနှစ်ခြမ်းကွဲပြီးသည်၏နောက် ရွေးကောက်ပွဲကျင်းပရာတွင် မဲဆန္ဒအရေအတွက်များများရစေရေးအတွက် ကျူးကျော်ဇာတ်ညွှန်းများ ရေးလာကြသည်။ နယ်မှလူများကို ရွာလုံးကျွတ်နီးပါး စရိတ်အကုန်အကျခံကာ ရန်ကုန်သို့ခေါ်ယူ၍ ယာယီနေရာထိုင်ခင်းပေးကာ မိမိပါတီကိုမဲထည့်ရန် ဆွဲဆောင်စည်းရုံးလာကြသည်။
အနိုင်ရပါက တဲပေါ်မှတိုက်ပေါ်တင်ပေးမည် ဟူသောမက်လုံး မစားရ၀ခမန်းပြောကြသော် လည်း ရွေးကောက်ပွဲပြီးသောအခါတွင်ကား အတိတ်မေ့သူမေ့၊ ရွှေပျောက်သူပျောက်ဖြင့် စားပြီးနားမလည်တွေဖြစ်ကုန်ကြသည်။
ဆိုခဲ့ပါအခင်းအကျင်းမျိုးကို ထိုခေတ်ထိုအခါကရေးသားထုတ်ဝေခဲ့သော စာပေလက်ရာ စာအုပ်စာတမ်းများတွင် အထင်းသားတွေ့နိုင်သည်။ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ဤမြေမှသည် ၀တ္ထုသည် ထိုထိုသောကျူးကျော်ရပ်ကွက်များထဲ၌ တစ်ခုအပါအ၀င်ဖြစ်သော ကျူးကျော်ရပ်ကွက်တစ်ခု၏သရုပ်ကို ဖော်ကျူးထားခြင်းဖြစ်သည်။ ကျူးကျော်ရပ်ကွက်ဖြစ်သည့်အားလျော်စွာ နေထိုင်သူတို့၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စာရိတ္တ အစစအရာရာနိမ့်ကျနေသည်ကို အနုစိတ်ခြယ်မှုန်းထားသည်။ နောက်ပိုင်းတွင် နိုင်ငံအုပ်ချုပ်သူနှင့် အုပ်ချုပ်မှုစနစ်အပြောင်းအလဲများအရ မြို့သစ်များ ဆင့်ကဲဆင့်ကဲဖော်ထုတ်ပေးလိုက်သဖြင့် ကျူးကျော်ဟူသောဝေါဟာရ အနည်းငယ်မှေးမှိန်သွားခဲ့သည်။
ဒီမိုကရေစီအသွင်ပြောင်းအစိုးရခေတ်မှာတော့ ကျူးကျော်ဟူသောအသံများကို ခပ်စိပ်စိပ်ကြားလာရသည်။ ကျူးကျော်နေထိုင်သူတို့ကို အင်အားသုံးဖယ်ရှားသောပုံရိပ်အရ ဘူဒိုဇာအစိုးရဟူသည့် အမည်ဆိုး တံဆိပ်ကပ်ခြင်းခံခဲ့ရသည်။ ကျူးကျော်နေထိုင်သူတို့သည် ဒီရေအလားတရိပ်ရိပ်တိုးမြင့်လာသည့် ရန်ကုန်အိမ်ခြံမြေဈေးကို တွယ်ကာကပ်ကာပင်အမီလိုက်နိုင်စွမ်းမရှိသည့် လက်လုပ်လက်စားအခြေခံလူတန်းစားများအဖို့ ထိုသို့ကျူးကျော်နေထိုင်ခြင်းသည်ပင် ထွက်ပေါက်တစ်ခုဖြစ်နေသည်။ ယင်းမှာ သူတို့အတွက် အမှန်တရား။ တာဝန်ရှိသူများဘက်မှကြည့်လျှင်လည်း ပိုင်ရှင်ရှိထားသည့်မြေပေါ်သို့ ခွင့်ပြုချက်မရှိ ကိုယ့်သဘောနှင့်ကိုယ် ၀င်ရောက်နေထိုင်ခြင်းသည် ကျူးကျော်ရာကျသည်။ ကျူးကျော်သူတို့ကို အချိန်တစ်ခုပေးပြီး ဖယ်ရှားပေးရန်တောင်းဆိုပြီးမှ ဖယ်ရှားမပေး၍ အင်အားသုံးဖယ်ရှားရခြင်းဖြစ်ရာ သူတို့ဘက်ကလည်း မှန်သည်။ ထိုအမှန်နှစ်ခု သဟဇာတမဖြစ်ခြင်းသည်သာ မှားနေသောအချက်ဖြစ်သည်။
ယခု အရပ်သားစစ်စစ်အစိုးရ တာဝန်လွဲပြောင်းယူပြီး တစ်လသက်တမ်းအတွင်း၌ပင် ကျူးကျော်ကိစ္စကို စနစ်တကျဖြေရှင်းရန် အစီအမံများစတင်လုပ်ဆောင်နေပြီဟု သိရရာ နေစရာရှားပါးလွန်းသူတို့နှင့် ဥပဒေကိုမျက်ကွယ်မပြုလိုသူတို့ကြား မည်သို့သောအားပြိုင်မှုများ ဖြစ်လာလိမ့်မလဲဟု ခေါင်းထောင်ကြည့်မိသည်အမှန်။
မိမိတို့အစိုးရကို ဘူဒိုဇာအစိုးရဟု ကင်ပွန်းအတပ်မခံရစေရေးအတွက် ကျူးကျော်စာရင်းများကို စနစ်တကျစတင်ကောက်ခံနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ နှုတ်ထွက်စကားကို သတင်းစာစာမျက်နှာပေါ်မှတစ်ဆင့် ဖတ်လိုက်ရတော့ အနုမောဒနာပြုမိသည်။ သဟဇာတမဖြစ်ခဲ့သော အမှန်တရားနှစ်ရပ် ရင်ကြားစေ့မည့်သမယ မဝေးလှတော့ပြီဟု
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com