ပြည်တွင်းအိမ်ခြံမြေလုပ်ငန်းမှာ ဂျပန်အိမ်ခြံမြေလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းကုမ္ပဏီတွေက ဝန်ဆောင်မှု (service) နဲ့စီမံခန့်ခွဲမှု (management) အပိုင်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးမှုတွေ ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ဒုတိယ ဥက္ကဌ ဦးကိုကိုထွေးက ‘သူတို့က အခုကတော့ အရင်မိတ်ဆက်တဲ့သဘောပါ ၊ service နဲ့ management တွေ ဒီမှာလုပ်မယ် ၊ ဒီကစိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းမယ် ၊ MOU သဘောတော့ မဟုတ်သေးဘူး ၊ သူတို့နဲ့ ချိတ်ဆက်လုပ်ဆောင်မယ့် ကုမ္ပဏီတွေရှိလာရင်တော့ ဘယ်အပိုင်းရင်းနှီးမြှုပ်နှံမယ် ၊ ဘယ်လိုပုံစံမျိုးလာမယ်ဆိုတာတွေ ရှိလာမှာပါ ၊ ခုမှပထမဆုံး မိတ်ဆက်တဲ့ အခြေအနေပဲ ရှိပါသေးတယ်’လို့ ရှင်းပြပါတယ်။
ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဂျပန်နိုင်ငံက Xymax , Blios , System Brain Corporation စတဲ့ကုမ္ပဏီသုံးခုက မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနဲ့ လာရောက်ဆွေးနွေးတာဖြစ်ပါတယ်။
အဆောက်အအုံတွေကို စီမံခန့်ခွဲမှုအပိုင်းတွေ ၊ ဝန်ဆောင်မှုအပိုင်းတွေမှာ ဝင်ရောင်ရင်းနှီးမြှုပ်နှံဖို့ လာရောက်ဆွေးနွေးတာလို့ သိရတယ် ။ ပြည်တွင်းမှာ လိုအပ်နေတဲ့ အပိုင်းတွေဖြစ်တာကြောင့် သူတို့နိုင်ငံမှာ လုပ်ဆောင်နေတဲ့ နည်းပညာတွေနဲ့ စနစ်တွေကို ပြည်တွင်းမှာ အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် အထောက်အကူဖြစ်စေတယ်လို့ သိရပါတယ်။
Xymax ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ‘သူတို့ရဲ့ Management ပြုလုပ်ပေးတဲ့ လုပ်ငန်းကို မြန်မာမှာ မစရသေးပေမဲ့ ကိုးရီးယားမှာတော့ လုပ်ငန်းလုပ်ဆောင်နေပါပြီ’ လို့ ပြောပါတယ်။
ပြည်တွင်းမှာ လိုအပ်နေတာက အဆောက်အအုံကို စီမံခန့်ခွဲမှုအပိုင်းမှာ စနစ်တကျလုပ်မယ့် အဖွဲ့အစည်းတွေပါ ။ ဥပဒေရှိပေမဲ့ ကွန်ဒိုဆိုလည်း ပိုင်ရှင်တွေကစုပြီး လုပ်ဆောင်ရတာတွေကြောင့် စနစ်တကျမဖြစ်တာတွေရှိပြီး တချို့ဆို လိုအပ်တဲ့ ဝန်ဆောင်မှုတွေ မပေးနိုင်တာ မရတာတွေရှိနေတယ်လို့ ပြောပါတယ်။
ဂျပန်ကလာရောက်ဆွေးနွေးတဲ့ ကုမ္ပဏီတွေက သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်မယ့် သူတွေကိုဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
ဦးကိုကိုထွေးက ‘ဒီက လုပ်ငန်းတွေက ကိုယ်တိုင်လုပ်မယ်ဆို မြန်မာနိုင်ငံနဲ့ ကိုက်ညီအောင်လုပ်နိုင်ရင် သူတို့ထက်ပိုလုပ်နိုင်ပါသေးတယ် ၊ ကျွန်တော်တို့ကတော့ အတူပူးပေါင်းလုပ်ချင်တဲ့ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပေးတာ ၊ ဆက်သွယ်ပေးတာတွေ လုပ်ဆောင်ပေးသွားမှာပါ’လို့ ပြောပါတယ် ။
Credit: The Modern