တိုက်ခန်းတွေအရောင်းအဝယ်ပိုင်ဆိုင်မှုတွေနဲ့ သက်ဆိုင်နေတဲ့တိုက်ခန်းဆိုင်ရာ ဥပဒေ (Apartment Law) သည် နှစ်ထဲမှာ အတည်ပြုမှုလုပ်ဆောင်နိုင်မယ်ဆို ဈေးကွက်ပျက်နေတဲ့ တိုက်ခန်းဈေးကွက် ပြန်ကောင်းလာနိုင်တယ်လို့ သိရပါတယ်။
ကန်ထရိုက်ဈေးကွက်နဲ့ ကြိုပွိုင့်စနစ်ပျက်ပြီးကတည်းက တိုင်ခန်းအရောင်းအဝယ်ဈေးကွက်ပါ ပျက်ခဲ့တာပါ။ တိုက်ခန်းဈေးကွက်က အငှားဈေးကွက်သာဖြစ်နေသလို တိုက်ခန်းရောင်းဝယ်ရာမှာလည်း ပိုင်ဆိုင်မှုမခိုင်မာဘဲ အရှုပ်အရှင်းများစေတဲ့ အပျောက်စနစ်ကြောင့် အားနည်းချက်တွေရှိပြီး အရောင်းအဝယ်ရပ်သလောက်ဖြစ်နေတာပါ။
သည်နှစ်ထဲမှာပဲ Apartment Law ကိုအတည်ပြုနိုင်ဖို့ ရေးဆွဲနေတာကြောင့် လူနေတိုက်ခန်းတွေ အရောင်းအဝယ်ခိုင်မာမှုပိုရှိလာပြီး အကျိုးခံစားခွင့်တွေ ရလာနိုင်တာကြောင့် ဈေးကွက်ပြန်ကောင်းလာနိုင်တယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ်။
ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က ‘ဥပဒေထွက်လာရင်တော့ ပိုကောင်းတယ် ၊ စည်းကမ်းချက်တွေပါလာရင် အပျောက်စနစ်လဲပျောက်သွားမယ် ၊ ပိုင်ဆိုင်မှုတွေခိုင်မာလာမယ် ၊ မြေရှင်တွေကန်ထရိုက်တွေရဲ့ အရှုပ်အရှင်းတွေလဲ ပျောက်သွားမယ်’လို့ ပြောပါတယ်။
သည်ဥပဒေက ဆောက်လုပ်ရေးကန်ထရိုက်ဈေးကွက်အတွက် လိုအပ်နေပြီး မြေရှင်ကန်ထရိုက်တာ ဝယ်သူအားလုံးအတွက် အစဉ်ပြေမှုရှိနိုင်တယ် ။ ကွန်ဒိုဥပဒေလို မြေပိုင်ဆိုင်ခွင့်ရှိမရှိ နိုင်ငံခြားသားတွေကို ရောင်းချခွင့်ရှိမရျိအပြင် တရားဝင်ပေါင်နှံခွင့်ပါရလာနိုင်တဲ့ အခွင့်အရေး မျှော်လင့်ချက်တွေ ရှိနိုင်တယ်လို့ သိရပါတယ်။
တိုက်ခန်းနဲ့ပတ်သက်ပြီး ဥပဒေသီးသန့်မရှိတာကြောင့် ဈေးကွက်ထဲမှာ လိမ်လည်မှုတွေ ပိုင်ဆိုင်မှုပြဿနာတွေ ရှိနေတာပါ ။ ဝယ်ယူသူတွေအတွက် နစ်နာမှုများတဲ့အပြင် အပျောက်စနစ်ကြောင့် အိမ်ရှင်အိမ်ငှား ဥပဒေနဲ့ဆက်စပ်နေတာကြောင့် အရှုပ်အရှင်းတွေ ဖြစ်နေကြတာပါ။
ဝယ်ယူသူနစ်နာနေတဲ့အချက်
အဆောက်အအုံကိုသာ ပိုင်ဆိုင်ခွင့်ရှိပြီး ပြိုပျက်ရင် ပိုင်ဆိုင်မှုမရှိတော့တာတွေ ၊ အရစ်ကျနဲ့ ကြိုပွိုင့်စနစ်တွေမှာ ရပိုင်ခွင့်အကျိုးခံစားခွင့်တွေ အတည်အကျပြဌာန်းထားမှုမရှိတာ ၊ စာချုပ်ပုံစံသတ်မှတ်ထားမှုမရှိတာ ၊ စာချုပ်ပုံစံ သတ်မှတ်ချက် သီးသန့်မရှိတာတွေပါ။
ပြည်တွင်းပြည်ပ အိမ်ခြံမြေအကျိုးဆောင် ကိုကျော်ဇေယျာက ‘ကွန်ဒိုကတော့ ဥပဒေရှိတာကြောင့် အဆင်ပြေပေမဲ့ တိုက်ခန်းတွေကတော့ ဥပဒေအရပိုင်ဆိုင်မှုက တော်တောအားနည်းနေတာ ၊ ဥပဒေသီးသန့် တကယ်လိုအပ်နေတာပါ ၊ အငှားရော အရောင်းအတွက်ပါ လိုအပ်တယ်’လို့ ပြောပါတယ်။
Credit :The Modern