မလေးရှားတွင် ဆောက်လုပ်ရေးကဏ္ဍ၌ လုပ်ကိုင်နေကြသော ကျွမ်းကျင်လုပ်သားများ၊ ကြီးကြပ်ရေးမှူးများအားလုံးသည် လာမည့် ၂၀၁၆ ဇွန်လ ၁ ရက်မှစတင်ကာ ဆောက်လုပ်ရေးလုပ်ငန်းဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (CIDB) ၏ အသိအမှတ်ပြုလက်မှတ် ရယူရမည် ဖြစ်ကြောင်း CIDB မှ ညွှန်ကြားရေးမှူး အော့တ်မန် ဆာဖာက ပြောကြားကြောင်း ပီနန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
“ဒီစည်းမျဉ်းသစ်က ဆောက်လုပ်ရေးကဏ္ဍကျွမ်းကျင်အလုပ်သမားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ပြည်တွင်း၊ ပြည်ပအလုပ်သမား အားလုံး ပါပါတယ်။ ဒီစည်းမျဉ်းက အထွေထွေလုပ်သားတွေနဲ့ မဆိုင်ပါဘူး။”ဟု အော့တ်မန်က ပြောကြားသည်။
အဆိုပါအသိအမှတ်ပြုလက်မှတ်သည် မလေးရှားနိုင်ငံသား အလုပ်သမားတို့အတွက် အခမဲ့ဖြစ်သော်လည်း ပြည်ပလုပ်သားများမှာမူ လုပ်ငန်းကျွမ်းကျင်မှုအလိုက် ရင်းဂစ် ၃၇၀ မှ ၇၀၀ အကြား အခကြေးငွေပေးဆောင်ရမည်ဖြစ်သည်။
လုပ်ငန်းကျွမ်းကျင်မှုအနည်း၊ အများအပေါ်မူတည်၍ ၁၀ ရက် သင်တန်းတက်ခြင်း (သို့မဟုတ်) တစ်နေ့တာ စမ်းသပ်စစ်ဆေးမှု ခံယူခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း အော့တ်မန်က
ပြောကြားသည်။
ယခုပြဌာန်းလိုက်သော CIDB အက်ဥပဒေ၏ အခန်း ၂၊ အပိုဒ် ၃၃ က (၂) အရ ဆောက်လုပ်ရေးကဏ္ဍလုပ်သား ၅၉ မျိုးသည် CIDB အသိအမှတ်ပြု ရယူရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။
အဆိုပါ ၅၉ မျိုးတွင် လေအေးပေးစက် တပ်ဆင်သူများ၊ လက်သမားများ၊ မျက်နှာကြက်တပ်ဆင်သူများ၊ စက်ယန္တရားကိုင်တွယ်သူများ၊ ကွန်ကရစ်ဖျော်စက် မောင်းနှင်သူများ၊ သံချီသံကွေး၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတပ်ဆင်သူများ၊ ဆေးသုတ်သမားများနှင့် မီးဘေးကာကွယ်ရေးပစ္စည်းတပ်ဆင်သူများ အပါအ၀င် ဖြစ်သည်။
လက်ရှိအားဖြင့် ဂျိုဟာပြည်နယ်ရှိ ဆောက်လုပ်ရေးကျွမ်းကျင်လုပ်သား ၆၁၈၇၁ ဦးမှာ CIDB အသိအမှတ်ပြုလက်မှတ် ရရှိထားကြပြီ ဖြစ်သည်။
ကျန်အလုပ်သမားများအနေဖြင့် CIDB အသိအမှတ်ပြုလက်မှတ် ရယူရန် ပျက်ကွက်ပါက ရင်းဂစ် ၅၀၀၀ ထက် မပိုလွန်သောငွေ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်ဟု CIDB အက်ဥပဒေတွင် ပြဌာန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)