တောင်ကိုရီးယားတွင် ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ၀မ်ငွေ ၃ ဒသမ ၂၃ ထရီလီယံ တန်ကြေးရှိ သဘာဝဓာတ်ငွေ့အရည် (LNG) သိုလှောင်ကန်များ ဆောက်လုပ်ရေးစီမံကိန်းများ လေလံဆွဲရာတွင် ကြိုတင်လက်ဝါးရိုက်ဈေးညှိကာ တင်ဒါဆွဲခဲ့ကြသည့် ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီ ၁၃ ခုကို တောင်ကိုရီးယားသမမျှတသည့်ကုန်သွယ်ရေး ကော်မရှင် (FTC) က ၀မ်ငွေ ၃၅၁ ဒသမa ၆ ဘီလီယံ (ကန်ဒေါ်လာ ၃၅၇ ဒသမ ၄ သန်း)ဒဏ်ငွေပေးဆောင်စေရန် အမိန့်ချမှတ်လိုက်ကြောင်း တောင်ကိုရီးယားအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Pulse ၏ ဧပြီ ၂၇ ရက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။
တင်ဒါကမ်းလှမ်းသည်မှာ တောင်ကိုရီးယားအစိုးရပိုင် ကိုရီးယားသဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်းမှ ဖြစ်သည်။
မသမာမှုများပြုလုပ်ခဲ့သည့် ကုမ္ပဏီများတွင် နာမည်ကျော် ဟွန်ဒိုင် Engineering & Construction ( E&C )ကုမ္ပဏီ၊ ဒေဝူး E&C ကုမ္ပဏီတို့ပင် ပါဝင်လျက်ရှိသည်။
စစ်ဆေးတွေ့ရှိချက်များအရ သဘာဝဓာတ်ငွေ့သိုလှောင်ကန်၁၂ ခုကို တင်ဒါခေါ်ယူမှုသုံးကြိမ်အတွင်း၌ ကြိုတင်သဘောတူဈေးညှိမှုများ ပြုလုပ်ခဲ့ကြကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။
ပြိုင်ဘက်သုံးဦးဖြစ်သော ဟွန်ဒိုင်း E&C ၊ ဆမ်ဆောင်းကော်ပိုရေးရှင်းနှင့် ဒိုဆန် အကြီးစားစက်မှုလုပ်ငန်းနှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့မှ လေလံဆွဲသော ဈေးနှုန်းများမှာ ၃၀၈ ဒသမ ၅ ဘီလီယံမှ ၃၉၃ ဒသမ၇ဘီလီယံအကြားမကွာဟလှသော ဈေးနှုန်းပမာဏဖြစ်နေသည်ကို တွေ့ရသည်။
သဘာဝဓာတ်ငွေ့ကန်ဆောက်လုပ်ရေး စီမံကိန်းများမှာ အဆိုပါကုမ္ပဏီများကိုပင် ချထားပေးခဲ့ခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းကလည်း ဟိုနမ်အဝေးပြေးလမ်းမကြီး ဆောက်လုပ်ရေးလုပ်ငန်းလေလံဆွဲရာတွင်ကြိုတင် ဈေးညှိမသမာမှုများ ပြုလုပ်ခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီများကို ၀မ်ငွေ ၄၃၅ ဒသမ ၅ ဘီလီယံ ဒဏ်ငွေချမှတ်ခဲ့ဖူးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)