ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ CBD Area ဟုခေါ်သော စီးပွားရေးလုပ်ငန်းများ အခြေစိုက်ရာနေရာတွင် ရုံးခန်းဖွင့်လိုသည့် နိုင်ငံခြားသားများအတွက် အခန်းရှားပါးလျက်ရှိပြီး ငှားရမ်းရန် ခက်ခဲလျက်ရှိကြောင်း အိမ်ခြံမြေအတိုင်ပင်ခံအဖွဲ့ Knight Frank Thailand က ထုတ်ပြန်သော စစ်တမ်းတစ်ရပ်တွင် ဖော်ပြသည်ဟု ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဘန်ကောက်တွင် ရုံးခန်းနေရာရှားပါးမှုမှာ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် အထင်ရှားဆုံးဖြစ်သည်။
ယင်းသို့ဖြစ်ရခြင်းမှာရုံးခန်းအဆောက်အအုံသစ်များ
ဖြည့်တင်းနိုင်မှုနည်းပါးခြင်းနှင့်ငှားရမ်းလိုမှု မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်သည်။
ရုံးခန်းနေရာရှားပါးမှုကြောင့် လာမည့် ၂ နှစ်တာကာလအတွင်း ငှားရမ်းခဈေးနှုန်းများ အဆက်မပြတ် မြင့်တက်နေမည်ဖြစ်ကြောင်း Knight Frank Thailand က ခန့်မှန်းထားသည်။
စီးပွားရေးလုပ်ငန်းအများအပြားသည် CBD Area တွင် ငှားရမ်းခ ဈေးနှုန်းများဆက်တိုက်မြင့်တက်လာမှုကြောင့် အခြားနေရာများသို့ ပြောင်းရွှေ့ ဖွယ်ရှိကြောင်းလည်း ခန့်မှန်းထားသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်း AIA Sathorn Tower, Major Tower နှင့် Bhiraj Tower သုံးခုဆောက်လုပ်ပြီးစီးခဲ့ရာတွင် ရုံးခန်းငှားရမ်းမှုကဏ္ဍသို့ ၂ ဒသမ ၁၁ ရာခိုင်နှုန်းသာ ဖြည့်တင်းနိုင်စွမ်း တိုးတက်မှုရှိသည်။
၂၀၁၅ ခုနှစ်အတွင်း ငှားရမ်းခဲ့သည့် ရုံးခန်းများ၏ ၅၃ ရာခိုင်နှုန်းမှာ CBD Area ပြင်ပတွင်တည်ရှိပြီး ၄၇ ရာခိုင်နှုန်းသာလျှင် CBD Area အတွင်းတွင် တည်ရှိသည်။
၂၀၁၆ ခုနှစ်အတွင်း ငှားရမ်းနိုင်မည့် ရုံးခန်းသစ် အများစုမှာ CBD Area ပြင်ပတွင်သာ တည်ရှိဖွယ်ရှိသည်။
၂၀၁၆ တွင် CBD Area အတွင်း ရုံးခန်းငှားရမ်းနိုင်မည့်ပမာဏ ၁၃ ရာခိုင်နှုန်းသာရှိနိုင်ပြီး CBD Area ပြင်ပတွင် ၈၇ ရာခိုင်နှုန်းရှိနိုင်ကြောင်းလည်း Knight Frank Thailand က ခန့်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)