တရုတ်ရင်းနှီးမြှုပ်နှံသူတို့သည် တောင်ကိုရီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းပြုလုပ်လာလျက်ရှိရာ အဓိကအားဖြင့် အိမ်ခြံမြေကဏ္ဍ နှင့် ဖျော်ဖြေရေးကဏ္ဍတို့တွင်ဖြစ်ကြောင်း asiatime သတင်းတစ်ရပ်တွင် ဖော်ပြသည်။
၂၀၁၄ ခုနှစ်တွင် ထုတ်လွှင့်ခဲ့သည့် ကိုရီးယားဇာတ်လမ်းတွဲဖြစ်သော My Love From Another Star နှင့် ယခု ၂၀၁၆ ခုနှစ်အတွင်း ဖေဖော်ဝါရီ ၂၄ မှ ဧပြီ ၁၄ ရက်အထိ ထုတ်လွှင့်ပြသခဲ့သည့် Descendants of the Sun တို့၏ တရုတ်ပြည်တွင် အံ့အားသင့်ဖွယ်ရာ အောင်မြင်မှုများကို တွေ့မြင်ရသော တရုတ်ရင်းနှီးမြှုပ်နှံသူတို့သည် တောင်ကိုရီးယားဖျော်ဖြေရေးကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြသည်။
တောင်ကိုရီးယားတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အရှိန်မြင့်လာခြင်းမှာ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်ကို ပြီးခဲ့သော ၂၀၁၅ ခုနှစ် ဇွန်လအတွင်း လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
တရုတ်နိုင်ငံရှိ အကြီးမားဆုံးဆောက်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သော တရုတ်အစိုးရပိုင် ဆောက်လုပ်ရေးအင်ဂျင်နီယာကော်ပိုရေးရှင်း (CSCEC) သည် တောင်ကိုရီးယားနိုင်ငံ ၊ ဂျီဂျူးကျွန်းတွင် ကန်ဒေါ်လာ ၆၀၆ သန်းတန်ကြေးရှိ “Dream Tower” project ကို ယခုလအတွင်း စတင်လျက်ရှိသည်။
အဆိုပါပရောဂျက်အတွင်း နိုင်ငံခြားသားသီးသန့် ကာစီနိုအဆောက်အအုံတစ်ခုလည်း ပါဝင်သည်။
တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် ကုမ္ပဏီများစွာသည် တောင်ကိုရီးယားရှိ ဂျီဂျူးကျွန်းတွင် အပန်းဖြေအဆောက်အအုံပေါင်းများစွာ ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။
Bloomberg မှ ထုတ်ပြန်သော အချက်အလက်များအရ ကိုရီးယားတွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုမှာ ပြီးခဲ့သောနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံအထိရှိနေပြီး ၁၁၉ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည်။
တောင်ကိုရီးယားပြည်တွင်း developer တို့က ၎င်းတို့ဈေးကွက်ဝေစုကျဆင်းလာမှုကို ရတက်မအေးဖြစ်လျက်ရှိပြီး အခြားတစ်ဖက်တွင် တရုတ်အစိုးရကလည်း ပြည်တွင်းအရင်းအနှီးများစီးထွက်မှုကို ရတက်မအေးဖြစ်လျက်ရှိကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)