ရန်ကုန်မှာသာတဲ့လ
သာချိန်လွန်နေပြီလား
ရန်ကုန်မှာသာတဲ့လ
သာပေမဲ့လည်း အလကား . . .
လွန်ခဲ့တဲ့ ၃၅ နှစ်လောက်ကနေ ခုထိနာမည်ကြီးလူကြိုက်များနေဆဲ စိုင်းထီးဆိုင်ရဲ့ သီချင်းတစ်ပုဒ်ပါ။ အရှိန်အ၀ါတွေကြီးတဲ့ လျှပ်စစ်မီးရောင် ပြိုးပြိုးပြက်ပြက်တွေ မှုန်းခြယ်ထားတဲ့ မြို့ပြအရောင်အ၀ါတွေကို သဘာဝအလင်းရောင်ဖြစ်တဲ့ လမင်းရောင်ရှိန်က မထိုးဖောက်နိုင်တဲ့အကြောင်းလေးပါ။ တကယ်လည်း မှန်ကန်တဲ့အမှန်တရားတစ်ခုပါပဲ။ ရန်ကုန်သူ၊ ရန်ကုန်သားတွေအနေနဲ့ လမင်းရဲ့ အေးမြတဲ့အရောင်အ၀ါကို ခံစားချိန်မရသလို ခံစားရကောင်းမှန်းလည်း မသိတော့ပါဘူး။ ခြံကျယ်ဝင်းကျယ်နဲ့နေရတဲ့သူတွေတောင် လရောင်ရဲ့ဖမ်းစားမှုကို လျစ်လျူရှုခဲ့တာ ကြာလှပေါ့။ တစ်ခါတလေလောက် မီးပျက်သွားတဲ့အခါမျိုးကျမှ ခြံထဲ မ၀ံ့မရဲထိုးဖောက်လာတဲ့ လရောင်ခြည်တန်းမှုန်ဝါးဝါးကို ကြည့်ရင်း လဆိုတာ ဒီလိုအလင်းရောင်လည်း ပေးနိုင်စွမ်းရှိပါလားဆိုတဲ့အသိ ရှိသလိုလိုဖြစ်နေရင်း မီးလည်းပြန်လာရော လျှပ်စစ်ရောင်ရှိန်တွေရဲ့ရင်ခွင်ထဲ အပြေးအလွှားခိုင်ဝင်ကြ။
ခြံကျယ်ဝင်းကျယ်နဲ့မနေနိုင်တဲ့ ပျားအုံတိုက်ခန်းကျဉ်းတွေက ပျားအုံလူသားတွေကျတော့ လရောင်ရဲ့ လျှပ်တစ်ပြက်ရိုက်ချက်ကို အဲသလိုတောင် တစ်စွန်းတစ်စမြည်းစမ်းခွင့်မရရှာကြ။ မီးလာနေစဉ်ကာလတစ်လျှောက်လုံး လေးဖက်လေးတန် အုတ်သားထုကာရံထားတဲ့ တိုက်ခန်းဧရိယာကြား လျှပ်စစ်ဓာတ်အားကိုသာ အဖော်ပြုနေထိုင်ကြရ။ မီးပျက်သွားတဲ့အခါကျတော့ ဖယောင်းတိုင် ရှာပါဟဲ့၊ လက်နှိပ်ဓာတ်မီး ရှာပါဟဲ့၊ LED မီးအိမ် ရှာပါဟဲ့နဲ့ ၀ရုန်းသုန်းကားတွေ ဖြစ်ကြ။ အခန်းထဲ အလင်းရောင်မှိန်ပျပျလေးရတာနဲ့ ၀န်တာထွက်ထိုင်။ အဲဒီတော့မှ လရောင်လေး မစို့မပို့ ရ။ ရတာကလည်း တိုရေရှားရေ။ အလင်းရောင်ရဲ့ရင်းမြစ် လမင်းကိုမော့ကြည့်လိုက်တော့ လွတ်လွတ်ကင်းကင်း ထင်ထင်ရှားရှား မြင်ရတယ်ဆိုတာ မရှိ။ တိုက်ခေါင်မိုးတွေက စွန်းထွက်နေတဲ့ တီဗီအင်တာနာတိုင်တွေက ငါးတစ်ကောင်ရဲ့အရိုးစုတွေလိုလို။ အဲဒီအရိုးစုတွေက လမင်းကို ဘက်ပေါင်းစုံက ထိုးဖောက်။ ကဗျာဆရာမောင်အောင်ပွင့်ရဲ့ ငါးရိုးနင်တဲ့ငွေလမင်း ကဗျာက ပြန်လတ်ဆတ်လာ။
မြန်မာလူမျိုးဆိုတာက သဘာဝတရားကို အင်မတန် တန်ဖိုးထားတဲ့လူမျိုး။ သဘာဝအရင်းအမြစ်တွေကိုလည်း နှစ်နှစ်ခြိုက်ခြိုက်သုံးဆောင်တဲ့လူမျိုး။ ပြီးတော့ သဘာဝတရားကိုထိန်းသိမ်းပြီး သဘာဝပျက်စီးတဲ့အလုပ်မျိုးလုပ်ရမှာ အင်မတန်မလိုလားတဲ့လူမျိုး။ အထူးသဖြင့် နေနဲ့ လကို ဦးထိပ်ထားတတ်တဲ့လူမျိုး။ ကိုးကွယ်ယုံကြည်မှုမျက်နှာစာကမဟုတ်ဘဲ နှစ်သက်မြတ်နိုးမှုမျက်နှာစာကနေ တန်ဖိုးထားခဲ့တာ မြန်မာ့ ရှေးဟောင်းစာပေတေဲမှာ အထင်အရှားတွေ့နိုင်တယ်။ နေကိုတော့ ရဲရင့်ခြင်း၊ စွမ်းအားပြည့်ဝခြင်း၊ ထိုးဖောက်နှိမ်နင်းနိုင်စွမ်းရှိခြင်း စတဲ့ လက်ရုံးခွန်အားကိုယ်စားပြု icon တစ်ခုအနေနဲ့ တင်စားသလို လကိုတော့ ကြည်သာအေးမြခြင်း၊ ငြိမ်းချမ်းလှိုက်လှဲခြင်း၊ ချမ်းမြေ့ချစ်ကြည်ခြင်း စတဲ့ နှလုံးသားခံစားမှု icon တစ်ခုအနေနဲ့ တင်စားတတ်ပါတယ်။
နေရောင်က ခွန်အား၊ စွမ်းအား အပြည့်ပေးနိုင်တာမို့ အားကိုးအားထားပြုတယ်ဆိုပေမဲ့ နေရောင်ကို တခုတ်တရခံယူတာမျိုးတော့ ရှားတယ်။ ဆောင်းတွင်းလို အင်မတန်အေးတဲ့အချိန် မနက်စောစောပိုင်းမှာ အနွေးဓာတ်ရဖို့ နေဆာလှုံတာမျိုး၊ နေရောင်ကောင်းကောင်းမမြင်ရတဲ့ တောင်ပေါ်ဒေသတွေမှာ နေရောင်ခြည်ကို အရူးအမူးခြစ်ကုတ်ယူရတာမျိုးက လွဲလို့ပေါ့။ ဒါပေမဲ့ လရောင်ကိုတော့ ချမ်းမြေ့ကြည်လင်ခြင်းအလင်းဓာတ် ရယူခံစားလေ့ရှိကြတယ်။ လရောင်ရဲ့ ထွေးပိုက်ယုယမှုကို နှစ်နှစ်သက်သက်ခံယူကြတယ်။ တစ်နည်းအားဖြင့်ပြောရရင် နေဟာ လူသားတွေရဲ့ ဖခင်ဓာတ်၊ လဟာ လူသားတွေရဲ့မိခင်ဓာတ်ရယ်လို့ သတ်မှတ်ပြီး နေရောင်ကနေရရှိတဲ့ခွန်အားတွေနဲ့ အလုပ်လုပ်ပြီး ပင်ပန်းမှုတွေကို လရောင်ရဲ့ရင်ခွင်မှာထွေးပွေ့မှုခံယူရင်း ဖြေဖျောက်ကြတယ်။
ဒါကြောင့် ရှေးမြန်မာအိမ်တွေမှာ လသာဆောင်ဆိုတာကို တစ်ခွင်တစ်ပြင်ထည့်သွင်းဆောက်လုပ်ကြတယ်။ အဲဒီခေတ်တွေတုန်းက လျှပ်စစ်မီးဆိုတာကလည်း မပေါ်သေးဘူးလေ။ လူတွေလုပ်တဲ့အလင်းရောင် မတွင်ကျယ်သေးချိန်မှာ သဘာဝရဲ့အလင်းရောင်ကိုပဲ တန်ဖိုးထားသုံးဆောင်ကြတယ်။ လရောင်ဟာ လူသားတွေရဲ့စိတ်ကို ချမ်းမြေ့မှုပေးစွမ်းနိုင်တာမို့ လရောင်ခြည်ကိုခံယူရခြင်းဟာလည်း စိတ်နှလုံးချမ်းမြေ့မှုကိုပါ တစ်ပါတည်း ဆောင်ကြဉ်းလာခဲ့တယ်။ လရောင်အောက်မှာ မိသားစု စကားစမြည်အေးအေးဆေးဆေးပြောပြီး မိသားစုဝင်ချင်းကြားက ချစ်ခြင်းတရားသံယောဇဉ်ကြိုးကို မြဲသထက်မြဲအောင် ထပ်တိုးရစ်ချည်တာဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ကြည်နူးစရာဓလေ့တစ်ခုပါ။
အဲဒီလရောင်အောက်မှာပဲ သက်ကြီးဝါကြီးပုဂ္ဂိုလ်တို့ချင်း ဗဟုသုတဖလှယ်ကြ၊ အသိတရားတွေနှိုးဆွကြ၊ သုတစုံလင်တူးဆွကြ စတဲ့ သက်ကြီးစကားတွေကို သက်ငယ်တွေက မြေ၀ယ်မကျလိုက်နာမှတ်သားတာဟာလည်း မြန်မာ့လူ့ဘောင်ရဲ့ ထုံးကောင်းလေးတစ်ခုပါ။ ဒီလိုနည်းနဲ့ပဲ သက်ကြီးစကား သက်ငယ်ကြားနဲ့ အသိသုတတွေဟာ မျိုးဆက်တစ်ဆက်ကနေတစ်ဆက် စီးမျောလက်ဆင့်ကမ်းလာခဲ့နိုင်တာပါ။ ဒါကြောင့် ရှေးမြန်မာကြီးတွေဟာ အိမ်တစ်ဆောင်ဆောက်ရင် အရပ်မျက်နှာတွက်ချက်ပြီး မျက်နှာဖွင့်၊ ဘုရားခန်းတို့ တွက်ချက်စီစဉ်တဲ့နည်းတူ လသာဆောင်ကို ဘယ်လိုတည်ဆောက်မလဲဆိုတာပါ အရေးကြီးကဏ္ဍအနေနဲ့ထည့်သွင်းထားပါတယ်။
စကားစမြည်ပြောလို့ ညဥ့်နက်လာတဲ့အခါ လူစုခွဲကြ၊ ဧည့်သည်တွေက ကိုယ့်အိမ်ကိုယ်ပြန်၊ မိသားစုဝင်တွေက ဘုရားဦးချပြီး အိပ်ရာဝင်ကြ၊ အဲဒီလို လူရှင်းသွားချိန် လသာဆောင်ပေါ်မှာ ပုတီးစိပ်၊ စင်္ကြံန်လျှောက်၊ မေတ္တာပို့၊ အမျှအတန်းဝေနဲ့ ကုသိုလ်ကမ္မဌာန်း စီးဖြန်းရတာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နှိုင်းမရတဲ့ ပီတိသုခပါ။ မြန်မာလူမျိုးတို့အိမ်ရဲ့ လသာဆောင်ဆိုတာ သာယာချမ်းမြေ့မှုမေတ္တာတရား၊ ကုသိုလ်အာရုံ စတာတွေနဲ့ ထုံမွမ်းထားတဲ့ ကောင်းခြင်းမင်္ဂလာ အောင်မြေသာပါပဲ။ အမိုးအကာမဲ့ လသာဆောင်တွေကို မိုးနည်းတဲ့ အထက်အညာအရပ်မှာ အတွေ့များပြီး မိုးကောင်းတဲ့ အောက်ပြည်အောက်ရွာမှာတော့ လသာဆောင်ကို အမိုးအောက် အနောက်တောင်ဘက်စွန်းမှာ တည်ဆောက်လေ့ရှိပါတယ်။
အခုပြောခဲ့တဲ့ တခမ်းတနားတည်ဆောက်ထားတဲ့ လသာဆောင်တွေဆိုတာ ရှေးမြန်မာ ကြေးရတတ်လူကုံထံတွေ နေလေ့ရှိတဲ့ နှစ်ထပ်အိမ်ကြီးတွေ ဖြစ်ပါတယ်။ တစ်ထပ်ပဲဆောက်ထားတဲ့အိမ်တွေမှာတော့ လသာဆောင်ရယ်လို့ သီးခြားထည့်မထားတော့ဘဲ ခြံဝိုင်းထဲက ကွပ်ပျစ်ကျယ်ကြီးကိုပဲ လသာဆောင်စည်းဝေးခန်းမ သဘောမျိုး သုံးစွဲကြပါတယ်။ လရောင်ဟာ လူသားတွေရဲ့စိတ်ကို ညွတ်နူးအေးမြစေတာမို့ လရောင်အောက်မှာပြောတဲ့စကားတွေဟာလည်း စိတ်နှလုံးကြည်သာချမ်းမြေ့စေတဲ့စကားမျိုးပဲ ရွေးပြောလေ့ရှိပါတယ်။ ဆိုလိုတာကတော့ မြန်မာလူမျိုးတွေဟာ လရောင်ကို မိခင်ရင်ငွေ့လိုသဘောထားပြီး ခိုလှုံတန်ဖိုးထားချင်စိတ် သမိုင်းနဲ့ချီပြီးအပြည့်အ၀ရှိခဲ့တယ်ဆိုတာပါပဲ။
ခေတ်တွေတဖြည်းဖြည်းပြောင်းလာတာနဲ့အမျှ တိုးတက်လာတဲ့ခေတ်ပေါ်လူ့အသုံးအဆောင်ပစ္စည်းတွေရဲ့ လွှမ်းမိုးမှုအောက် တစ်စတစ်စပါးလျားလာခဲ့တဲ့ သဘာဝအနှစ်သာရတွေထဲမှာ လရောင်လည်း တစ်ခုအပါအ၀င်ဖြစ်ခဲ့ပါတယ်။ ထည်ဝါတဲ့လျှပ်စစ်မီးတွေရဲ့အလယ်မှာ သဘာဝအရောင်အလျှံဖြစ်တဲ့ လရောင်ခြည် ဘယ်လိုမှမထိုးဖောက်နိုင်တော့ပါဘူး။ ဒ်ီကြားထဲ မြန်မာ့လူနေမှုစနစ်အရ အိမ်ရာပုံစံတွေကလည်း အရင်ခေတ်တွေတုန်းကလို စိတ်တိုင်းကျတည်ဆောက်နိုင်တာမဟုတ်လေတော့ ရှိနေတဲ့အခန်းအနေအထားအတိုင်း အလိုက်သင့်နေထိုင်ရုံကလွဲလို့ ဘာမှတတ်နိုင်တာလည်းမဟုတ်။
မြေလွတ်မြေပို မဆိုစလောက်ရှိထားတဲ့ မြို့သစ်တွေကအိမ်ကလေးတွေရယ်၊ ခြံဝင်းကျယ်ကျယ်နဲ့နေနိုင်တဲ့ လူကုံထံအသိုင်းအ၀ိုင်းရယ်ကလွဲရင် လရောင်ကိုထိတွေ့နိုင်တဲ့ မြို့ပြလူသားဆိုတာ တော်တော်ရှားနေပါပြီ။ ပျားအုံလိုအစီအရီရှိနေတဲ့ တိုက်ခန်းတွေထဲက ပျားလူသားတွေအတွက်တော့ လရောင်ဆိုတာ စာဖွဲ့နေစရာတောင်မရှိတော့ဘူးပေါ့။ ရန်ကုန်လိုမြို့ပြမျိုးမှာ သာပေးနေရတဲ့ လမင်းရဲ့အလင်းရောင်ဟာလည်း . . .
ရန်ကုန်မှာ သာတဲ့လ
သာချိန်လွန်နေပြီလား . . .
ရန်ကုန်မှာ သာတဲ့လ
သာပေမဲ့လည်း အလကား . . .
ဆိုတဲ့ သီချင်းစာသားလေးအတိုင်းပါပဲ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com