တကယ်တမ်းပြောရလျှင် မြေလွတ်မြေရိုင်းရှားပါးသော ရန်ကုန်လိုမြို့ပြဒေသ၌ ကျွန်တော်တို့လင်မယား သည် မြေပိုင်ရှင်အသေးစားများ ဖြစ်နေ၏။ ဘုရားစူးလွတ် မြေပိုင်ရှင်ဟု ပြောလို့ရနိုင်သလို မည်ကာမတ္တမြေပိုင်ရှင်ဟူ၍လည်း ပြောနိုင်ဖွယ်ရှိသည်။ မည်သို့ပင်ပြောဆိုကင်ပွန်းတပ်သည်ဖြစ်စေ လေးဖက်လေးတန် အုတ်နံရံအတိပြီးသော ပျားအုံသဏ္ဌာန် တိုက်ခန်းကျဉ်းများထဲမှ ပျားလူသားဘ၀ထက်တော့ သာသေးသည်ဟု ကိုယ့်ဘာသာကိုယ် စိတ်ကြီးဝင်ဂုဏ်ယူမိနေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့လင်မယားနေထိုင်သော တန်းလျားပုံစံ ၀န်ထမ်းအိမ်ရာတိုက်တန်း၏ နောက်ဘက်တွင် ၁၂ ပေ × ၁၇ ပေ မြေကွက်လပ်အလွတ်ကို ကျွန်တော်တို့ ပိုင်ဆိုင်ထားသောကြောင့်ဖြစ်၏။
သို့သော် ထိုသို့ပိုင်ဆိုင်ထားရခြင်းသည်ပင် ရန်သူပေါလာစေသလားတော့မသိ။ ကျွန်တော်တို့အိမ်ရာမှာက အိမ်သာစနစ်ကို နှစ်ခန်းတွဲစနစ်ဖြင့်တည်ဆောက်ထား၏။ အခန်းနှစ်ခန်းကို အိမ်သာတစ်လုံးတည်း သုံးရခြင်းတော့မဟုတ်၊ အိမ်သာခန်းနှစ်ခန်း ကို ဘေးချင်းကပ်ထားပြီး ဆားဗစ်ကျင်းတစ်ကျင်း တည်းသို့စွန့်ပစ်သောစနစ် ဖြစ်သည်။ ကျွန်တော်တို့အခန်းအိမ်သာက နောက်ဖေးခေါင်းရင်းဘက်တွင်ရှိရာ ခြေရင်းဘက်တွင်အိမ်သာထားသော ခေါင်းရင်းခန်းနှင့် ဆားဗစ်ကျင်းအတူတူဖြစ်သည်။ ကျွန်တော်တို့ခြေရင်းခန်းကတော့ သူတို့နှင့်ကပ်လျက်အခန်းနှင့်အတူ ဆားဗစ်ကျင်း သုံးရသည်။ ဆားဗစ်ကျင်းက အခန်းအပြင်ဘက် နှစ်ခန်၏အလယ်တွင် ရှိသည်။ နောက်ဖေးဘက်တွင် မြေပို ၁၇ ပေကျော်ကျော်ရှိရာ ဘေးနှစ်ခန်းက သွပ်ပြားတွေကာပြီး နယ်နိမိတ်သတ်မှတ်ကြ၏။ ကျွန်တော်တို့ကတော့ လင်ကိုယ်မယားနှစ်ယောက်တည်းလည်းဖြစ်၊ များသောအားဖြင့် လုပ်ငန်းခွင်ထဲမှာသာ အချိန်ကုန်ကြသည်ဖြစ်ရာ နောက်ဖေးကို ခြံကာမထား။
ဆားဗစ်ကျင်းက ခေါင်းရင်းမှာရှိပြီး ပင်မရေဆိုးမြောင်းက ကျွန်တော်တို့အခန်းခြေရင်းမှာဖြစ်၍ ဆားဗစ်ကျင်းမှထွက်သော ရေဆိုးများမှာ ကျွန်တော်တို့အခန်းကို ကွေ့ဝိုက်စီးဆင်း၏။ ကျွန်တော်တို့လင်မယားက နောက်ဖေးခြံထဲထွက်လေ့ရှိသည်မဟုတ်သဖြင့် နောက်ဖေးကအခြေအနေမသိ။ သို့သော် အနံ့အသက်တွေက မိုးတွင်းဆို အော်ဂလီဆန်စရာ ကြိုင်လှောက်လာသည့်အချိန်မျိုးဆို ဒီရေဆိုးမြောင်းကိစ္စ ဘယ်လိုလုပ်မလဲဆိုတာ လင်မယားနှစ်ယောက် တိုင်ပင်ကြသည်။ ဒီကြားထဲ ကိုယ်က ကိုယ့်အိမ်နောက်ဖေးကို ဆေးဖော်ကြောဖက်မလုပ်လေတော့ အသုံးပြုချင်သည့် ဘေးအိမ်နှစ်ခန်း က မြေပိုပိုင်ဆိုင်ထားကြသူများပမာ ကျွန်တော်တို့မြေကို အသုံးချကြ၏။ အသုံးချပုံက မြေကွက်ထဲ သူတို့နှစ်အိမ်ထွက်အမှိုက်တွေ ပစ်ကြ၏။ မသိမသာပစ်ခြင်းဖြစ်သော်လည်း ကြာတော့ သိသိသာသာတွေ ဖြစ်လာသည်။ နောက် ခြံထဲမှာ အပင်တွေ ပိုင်စိုးပိုင်နင်းဝင်စိုက်ကြ၏။
ကျွန်တော်က ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ဘဲ ဘာသာလ၀ါနေသော်လည်း ဇနီးသည်ကတော့ အိမ်နီးနားချင်းမိန်မသားတို့ စောင်းမြောင်းပြောဆိုသည့် စကားတင်းဆိုခြင်းကို တော်တော်အသည်းပေါက်နေ၏။ စာနယ်ဇင်းသမားနှင့် ကျောင်းဆရာမ လောကကြီးကိုအလင်းပြသောစုံတွဲဖြစ်ပါလျက် မိမိအိမ်နောက်ဖေးမြေလွတ် ကို ပေလာယျကန်ထားရကောင်းလားဟူသည့်သဘော စကားတင်းဆိုသံ ကြားရဖန်များလတ်သော် ဇနီးသည် တိုက်ပွဲခေါ်သံခင်းတော့၏။ ကျွန်တော်တို့တိုက်တန်းသည် အနောက်အရပ်သို့မျက်နှာမူရာ နောက်ဖေးသည် အရှေ့အရပ်ဖြစ်သည်။ ထို့ကြောင့် တောင်ဘက်တွင်ရှိသော ဆားဗစ်ကျင်းကို ခြံနယ်နိမိတ်အတိုင်း အနောက်မှအရှေ့သို့ မြောင်းအဖြောင့်တူး၊ နယ်နိမိတ်အစပ်ရောက်တော့ တောင်မှမြောက်သို့ အဖြောင့်ဆက်တူး၊ အင်္ဂလိပ်အက္ခရာ L ပုံစံ ထိုမြောင်းကို အုတ်ရိုးခံ၍ သွပ်ပြားထောင်ကာလိုက် လျှင် မြောင်းထုမြှရေဆိုးတို့၏ အဆင်းသည်လည်းကောင်း၊ အနံ့သည်လည်းကောင်း ကျွန်တော်တို့အခန်းကို အနှောင့်အယှက်ပြုနိုင်မည်မဟုတ်တော့။ ကပ်လျက်အခန်းနှစ်ခန်းကလည်း နယ်နိမိတ်သတ်သတ်မှတ်မှတ်ရှိနေပြီဖြစ်သော ကျွန်တော်တို့နောက်ဖေးခြံထဲ အမှိုက်ပစ်ရန်လွယ်တော့မည်မဟုတ်။ ဇနီးသည်က ထိုအစီအစဉ်ကိုချပြပြီး တိုက်ပွဲခေါ်သံ အကောင်အထည်ဖော်သောအခါ ထိုဗျူဟာကို ပြီးမြောက်အောင်ဆက်လက်ခင်းကျင်းရမည်မှာ အိမ်ထောင်ဦးစီးသေနာပတိ ကျွန်တော့်တာဝန် သာ ဖြစ်တော့၏။
သို့နှင့် သူ့အစီအစဉ်အကောင်အထည်ဖော်လိုက်ရာ ငွေ ကျပ် သုံးသ်န်းနှစ်သောင်းကျော် ကုန်သွားသည်၏အခြားမဲ့၌ ကျွန်တော့်အခန်းနောက်ဖေးတွင် အလျား ၁၂ ပေ နီးပါး၊ အနံ ၁၇ ပေ ရှိ ခြံကွက်တစ်ကွက်ကို စိတ်ရှင်းရှင်း သန့်သန့်မြင်တွေ့ရတော့၏။ သည်တော့လည်း ကိုယ့်မျက်စိရှေ့မှာမြင်နေရသည့် အဆိုပါမြေကွက်လေးက ပိုတန်ဖိုးရှိနေသလိုလို။ သည်တော့ ဇနီးသည်က အနှစ်နှစ်အလလ တိမ်မြုပ်ထားခဲ့သည့် သူ့ဆန္ဒတစ်ခုကို ထိုမြေကွက်၌ အကောင်အထည်ဖော်ရန် မနှေးအမြန် မဆိုင်းမတွ စီစဉ်တော့၏။ ယင်းမှာအခြားမဟုတ် အိမ်နောက်ဖေး ဈေးဆိုင်တည်ရန်အကြံအစည်ပင် ဖြစ်ပေခြိမ့်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်ကို လေးစားကျင့်သုံးလိုသူ ကျွန်တော်ကလည်း ခြွင်းချက်မရှိ ပစ်ခတ်ထောက်ခံ၏။ သို့သော် ဗိုလ်ချုပ်ဆောင်ဆန်းလို မြေကွက် ကျယ်ကျယ်မပိုင်ဆိုင်ရကား ပေါက်တူးအားရပါးရ၀င့်ရန်နေရာမရှိသော so call မြေကွက်ကလေးတွင် ဘယ်လိုဘယ်ပုံသောစိုက်ခင်းကို တည်ဆောက်မည်နည်းဟု လင်မယားနှစ်ယောက် ခေါင်းချင်းရိုက်ရတော့၏။
ကျွန်တော်တို့ကယ်တင်ရှင်ကား ခြံကာပညာရှင်ဖြစ်တော့သည်။ သူက မြေဆွေးနှင့် မြေသားကောင်းကောင်း များ စေတနာဗလပွနှင့် သယ်လာပေးသည်။ ကျွန်တော်က ခြံထဲမှာ မြေညှိပြီး ပျိုးဘောင်လေးတွေလုပ်ပေးရသည်။ပျိုးဘောင်တွေက ခြံနယ်နိမိတ်အတိုင်း တစ်ပေခွဲအကျယ်၊ တစ်ထွာခန့်အမြင့် လုပ်ပေးခြင်းဖြစ်သည်။ အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက် ခြံစည်းရိုးနယ်နိမိတ်သုံးခုမှာ ပျိုးဘောင် သုံးခု။ ကျန်သည့်အပိုင်းကို ဇနီးသည် ဆက်လက်အသုံးတော်ခံရာတွင်တော့ ကျွန်တော် မပါဝင်တော့။ သူက အစေ့ကြဲတန်ကြဲသည်၊ ပျိုးပင်ချတန်ချသည်၊ အကိုင်းထိုးတန်ထိုးသည်။ မနက်အလုပ်မသွားခင် ရေလောင်း၊ ပိတ်ရက်တွေမှာ ပေါင်းသင်၊ မြေဩဇာကျွေး၊ သည်လိုနှင့် ကျွန်တော်သတိထားမိသောအချိန်မှာတော့ သူ့စိုက်ခင်းက အရွက်အလက်ဖားဖားဝေေ၀နှင့် အသီးလေးတွေ ဆုပ်ဆုပ်ခဲခဲ။
အရှေ့ဘက်ခြံစည်းရိုးမြေဘောင်တစ်ပိုင်းမှာထိုးထားသော ချဉ်ပေါင်နီပင်များက သန်စွမ်းလှသလို နောက်တစ်ခြမ်း မှ ရှောက်ပင်ပုလေးကလည်း အသီးမတင်သေးသည့် တိုင်အောင် အရွက်တွေက ဖားဖားဝေ လျက်။ မြောက်ဘက်ခြံစည်းရိုးမြေဘောင်မှာလည်း ဟော်လန်သံပရာပုနှစ်ပင်က သီးကင်းလေးတွေ ပြနေပြီ၊ အဲသည့်ဘေးက ပန်းငရုတ်ပုလေးတွေကလည်း ဖြူ၊ နီ၊ ၀ါ၊ ညို၊ နက် အရောင်အသွေးစုံစုံလင်လင်နှင့် ခဲနေအောင်သီးသည်။ တောင်ဘက်ခြံစည်းရိုးမြေဘောင်မှာလည်း ရုံးပတီနှင့် ခရမ်းကြွပ်ပင်တွေက အသီးတွေ တိုးလိုးတွဲလောင်း။ ယင်းမြေဘောင်သုံးခုအလယ်ကောင်တည့်တည့် ဗျူဟာအကျဆုံးနေရာမှာ အဓိဇာတ်လိုက် လူတစ်ရပ်ကျော် သင်္ဘောပင်ပျို။ သူကလည်း အပွင့်တွေပွင့်ပြီး၍ သီးကင်းငါးလုံး၊ ခြောက်လုံး ပြနေသည်။ ထပ်ပြီးပြစရာ အပွင့်တွေက ရိုးတံများတွင်ပြူတစ်ပြူတစ်။ သင်္ဘောပင်က ခြံမကာခင်ကတည်းက ရှိနှင့်ပြီးသား။ ခုတ်မပစ်ချင်သဖြင့် သူ့ကိုဗဟိုပြုကာ အခြားအခင်းအကျင်းများ ဖြည့်စွက်မွမ်းမံရခြင်း။
စိုက်ခင်းက မည်ကာမတ္တမျှပင်ဖြစ်သော်လည်း သူ့အရွယ်နှင့်အစွယ်နှင့် သပ်ရပ်အချိုးကျနေ၏။ ခြံအလယ်မှ သင်္ဘောပင်အရွက်ဖားဖားများက အပင်ပုကလေးများကို နေရောင်စူးစုးနှင့် မိုးရေပြင်းပြင်း မကျရောက်အောင် ကာကွယ်ထား၏။ ချဉ်ပေါင်ဟင်း၊ ရုံးပတီသီးကြော်ချက် ဖူလုံအောင်စားရ၏။ ခရမ်းကြွပ်သီး၊ ရှောက်ရွက်နု တို့စရာကို ပန်းငရုတ်စပ်စပ်ထောင်းထည့်ထားသော ငါးပိရည်ဖျော်နှင့် တွဲဖက်စားသုံးနိုင်ပြီဖြစ်၏။ များမကြာမီသောကာလတွင် ငါးပိရည်ဖျော်စပ်စပ်ကို ရှောက်သီး၊ သံပရာသီး ညှစ်စားနိုင်ရုံသာမက ထမင်းစားပြီးလျှင် သင်္ဘောသီးအချိုတည်းနိုင်တော့မည်ဖြစ်သည်။ ဆိုခဲ့ပါအနေအထားက စားအိုးကြီးကြီးမိသားစု အတွက် ပြောပလောက်ဖွယ်မဟုတ်သော်လည်း လင်ကိုယ်မယားနှစ်ယောက်တည်းရှိသည့်အိမ်ထောင်စုအတွက်တော့ အဆင်ပြေသည်။ စားလို့ရသည့်အပင်တွေချည်းပြွတ်သိပ်စိုက်လို့ကလည်း မဖြစ်။ အပင်တွေရှုပ်ပြီး မြွေပါးကင်းပါးစိုးရိမ်ရနိုင်သည်။ ထို့ကြောင့် နည်းနည်းနှင့်ကျဲကျဲ အောက်ခြေရှင်း အပင်ပုများသာ ရွေးချယ်စိုက်ထားရသည်။
ကိုယ်ထင် ခုတင်ရွှေနန်းဟူသည့် မြန်မာဆိုရိုးစကားက သည်နေရာမှာ ကိုးကား၍အကောင်း ဆုံးဖြစ်နေ၏။ ပေါက်တူးဝေ့စရာတောင် ကျယ်ကျယ်ဝန်းဝန်းမရှိသည့် ဒီလိုမြေကွက်ကလေးတွင် တည်ထားသော စိုက်ခင်းဟူသည် မှာ ပေမီဒေါက်မီ ဒေါင်ဒေါင်မြည် စိုက်ခင်းတော့မဟုတ်။ စိုက်ခင်းအသေးစား မီနီစိုက်ခင်းလေးမျှသာဖြစ်၏။ သို့ရာတွင် ကျွန်တော်တို့ မိမိစိုက်ခင်းလေးကို ချစ်သည်။ စိုက်ခင်းထဲဆင်းလိုက်မိသည့်အချိန် ဖြစ်ပေါ်လာသည့်ပီတိက တော်ရုံသောကများကို ပြယ်လွင့်သွားစေသည်။ မီနီစိုက်ခင်း၏ ရင်တွင်းပီတိဟုပဲ ဆိုရတော့မည်သာ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com