အစိုးရသစ်လက်ထက်မှာ အများဆုံးဖြေရှင်းရမယ့် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး သည်ကိစ္စရပ်တွေကို စီမံချက်တစ်ခုအနေနဲ့ ဖြေရှင်းနိုင်ဖို့ အဖွဲ့တစ်ခုဖွဲ့ကာ ဆောင်ရွက်ပေးဖို့ရှိတယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
အဖွဲ့တစ်ခုဖွဲ့ဖို့ အစိုးရအဖွဲ့အစည်း အစည်းအဝေးမှာ ဆွေးနွေးထားပြီး တောင်သူများ မြေယာသိမ်းဆည်းခံရမှုတွေကို ဖြေရှင်းပေးဖို့ကိစ္စဟာ မန္တလေးတိုင်းအစိုးရရဲ့ ရက် ၁၀၀ စီမံချက်အတွင်းမှာ ပါဝင်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ‘သိမ်းထားတာတွေ ဥပဒေနဲ့ညီတယ် ၊ မညီတယ်ဆိုတဲ့အခါ ဘယ်လိုစုံစမ်းတဲ့အခါ ဘယ်သူတွေကို စုံစမ်းခိုင်းရလဲဆိုတော့ သက်ဆိုင်ရာ ထွေအုပ် ၊ မြေစာရင်းတို့ ၊ အစိုးရဝန်ထမ်းတို့ကို စုံစမ်းခိုင်းရတယ် ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဆီက ပြန်လာတဲ့ ရလဒ်ကိုက်ညီမှုရှိရဲ့လားဆိုတာ ပြန်ချင့်ချိန်ရတယ် ၊ တိုင်တာတွေ အကုန်လုံး မှန်တယ်လို့ ယူဆဆုံးဖြတ်ရင် အခက်အခဲတွေ့မှာပါ’ လို့ ပြောပါတယ်။
မြေယာကိစ္စနဲ့ ပတ်သက်လို့ ဖွဲ့စည်းမယ့်အဖွဲ့မှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ၊ လွှတ်တော်ကိုယ်စားလှယ် ၊ ကြေးတိုင်နဲ့ မြေစာရင်း ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး စတဲ့သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေ ပါဝင်မယ်လို့ သိရပါတယ်။
‘ဒီလိုဖွဲ့တဲ့ အဖွဲ့ထဲမှာ လွှတ်တော်ကိုယ်စားလှယ်ပါကိုပါရမယ် ၊ သူတို့က ပြည်သူ့ကိုယ်စားလှယ် ၊ သူတို့လဲ တန်ဖိုးရှိတယ် ၊ ခရိုင်ထွေအုပ်တွေနဲ့လဲ ပြောပြီးပြီ ၊ ဒါကို စီမံချက်ထုပ်ပြီးလုပ်မှာပါ ၊ စစ်ပေးမယ် ၊ စစ်ပေးမယ်ဆိုပေမဲ့ နောက်ဆုံးစွန့်လွတ်နိုင်တာ ဘယ်ကစွန့်လွတ်နိုင်လဲဆိုတော့ ပြည်ထောင်စုကိုလှမ်းတင်ရတယ်’ လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
အရင်အစိုးရလက်ထက်မှာ မြေယာသိမ်းဆည်းမှုတွေ အများဆုံးဖြစ်ပွားခဲ့ပြီး မြေယာသိမ်းဆည်းခံရသူတွေနဲ့ သိမ်းဆည်းသူတွေကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ကာ လူသေဆုံးမှုတွေအထိ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။
Credit: The Kumudra