မလေးရှားတွင်အိမ်ခြံမြေဈေးကွက်အားပျော့နေခြင်း၊ အိမ်ထောင်စုတိုင်းတွင် စိတ်ဝင်စားမှုပျောက်ဆုံးနေခြင်းတို့ကြောင့် ယခု ၂၀၁၆ နှစ်စပိုင်းကာလများတွင် အိမ်ခြံမြေရောင်းလိုအား ကျဆင်းနေလျက်ရှိကြောင်း ကွာလာလမ်ပူအခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မလေးရှားအမျိုးသား အိမ်ခြံမြေသတင်းအချက်အလက်ဌာန (Napic) မှ ထုတ်ပြန်သော အိမ်ခြံမြေဈေးကွက်အစီရင်ခံစာတွင် ၂၀၁၅ ခုနှစ်အတွင်း မလေးရှားအိမ်ခြံမြေဈေးကွက်သို့ လူနေအိမ်ခန်းနှင့် လုံးချင်းသစ်ပေါင်း ၇၀၂၇၃ ၀င်ရောက်လာရာ ၂၀၁၄ ခုနှစ်က လူနေအိမ်ခန်း၊ လုံးချင်းပေါင်း ၈၈၉၉၇ ၀င်ရောက်ခဲ့မှုနှင့် နှိုင်းယှဉ်လျှင် ၁၉ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဖော်ပြထားသည်။
မလေးရှားလက်ထောက်ဘဏ္ဍာရေးဝန်ကြီး ချွာတီယောင်းက ရင်းဂစ်ငွေ ၅၀၀၀၀၀ အောက် တန်ဖိုးနည်းနေအိမ်များအတွက် ၀ယ်လိုအား မြင့်တက်လာရန် မျှော်လင့်ထားသည်။
“ပြီးခဲ့တဲ့နှစ်က အရောင်းအ၀ယ်ဖြစ်ခဲ့တဲ့ အိမ်ခြံမြေရဲ့  ၈၀ ရာခိုင်နှုန်းဟာ ရင်းဂစ် ၅၀၀၀၀၀ အောက် နေအိမ်တွေဖြစ်ပါတယ်။
ဒီလိုနေအိမ်တွေ ၀ယ်လိုအားမြင့်တက်နေဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”ဟု ၀န်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဂျိုဟော်နှင့် ပီနန်ကဲ့သို့သော အဓိကပြည်နယ်ကြီးများတွင် နေအိမ်သစ်ဈေးကွက်တင်မှု များစွာကျဆင်းသွားသည်ကို တွေ့ရပြီး ဂျိုဟော်ပြည်နယ်တွင် ၄၂ ဒသမ ၈ ရာခိုင်နှုန်း၊ ပီနန်ပြည်နယ်တွင် ၄၇ ဒသမ ၅ ရာခိုင်နှုန်းအသီးသီး ကျဆင်းသွားသည်။
“နိုင်ငံရဲ့ အိမ်ခြံမြေရောင်းချမှု ကဏ္ဍကြီးတစ်ခုလုံးအနေနဲ့ ယခင်ကအောက် ၄၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်”ဟု ၀န်ကြီး ချွာတီယောင်းက ပြောကြားသည်။
နေအိမ်သစ်များ ဈေးကွက်တင်သွင်းမှုကို အဓိကတွေ့ရသည်မှာ ကွာလာလမ်ပူ၊ ဆလန်ဂေါနှင့် ဂျိုဟော်တို့တွင်ဖြစ်ပြီး ၂၀ ဒသမ ၆ ရာခိုင်နှုန်း၊ ၁၈ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၁၃ ဒသမ ၄ ရာခိုင်နှုန်း အသီးသီးရှိကြသည်။
ပြည်တွင်း၊ ပြည်ပမရေရာမှုများကြောင့် ၂၀၁၆ ခုနှစ်အတွင်းတွင်လည်း မလေးရှားအိမ်ခြံမြေဈေးကွက် အားပျော့နေဦးမည်သာဖြစ်ကြောင်း ချွာတီယောင်းက ခန့်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)