ရန်ကုန်တိုင်းအစိုးရသစ်က ကျူးကျော်များ အားဖြေရှင်း မည်ဆိုပါက အချိန်ပေး ဖြေရှင်းရမည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ထောက်ပြသည်။
" အရင်အစိုးရလို ဂေါ်လူဇာနဲ့ထိုးပြီး ဖယ်ရှားလို့ ရမဲ့ ခေတ်တော့ မဟုတ်တော့ဘူး အရင်ဆုံး စာရင်းအတိအကျကောက် ပြီးရင် သူတို့အတွက် နေရာ ပြန်ချထားပေးဖို့ လုပ်ရမယ် " ဟု မြို့ပြစီမံကိန်းပညာရှင် ဦးဝင်းမြင့်ကပြောသည်။
နေရာပြန်လည်ချထားပေးရာတွင် ရန်ကုန်မြို့စွန်တွင် မြေလွတ်မြေရိုင်းပေါများသော်လဲ ပုဂ္ဂလိကလုပ်ငန်းရှင်များလက်ထဲသို့များစွာရောက်ရှိနေပြီး အစိုးရပိုင်မြေမှာ နည်းပါးနေသောကြောင့် ပြသနာ ရှိကြောင်း ၄င်းကဆိုသည်။
ရန်ကုန်တွင် ကျေးလက်မှ ရွေ့ပြောင်း အခြေကျနေထိုင် သူများပြားသောကြောင့် အလုံးအရင်းဖြင့် တိုးပွားလာသည့် ကျူးကျော် ပြသနာကို အစိုးရသစ်လက်ထပ်အတွင်း အခက်အခဲ ဆုံးဖြေရှင်းရမည့် စိန်ခေါ်မှုဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများကထောက်ပြသည်။
" ရန်ကုန်မှာနေစရာမရှိလို့ ကျူးကျော်နေရတဲ့ အင်အားက ဘယ်လောက်ရှိတယ်ဆိုတဲ့ စာရင်း ကျွန်တော်တို့မှာ တိတိကျကျမရှိဘူး။ ဒီစာရင်းကို စပြီးလုပ်ပါမယ်။ဘာကြောင့် ဒီစာရင်းကို တိတိကျကျ လုပ်ချင်တာလဲဆိုတော့ ကျူးကျော် ပြီးနေရင် မြေကွက်တစ်ကွက်ရနိုင် မယ်ဆိုတဲ့ ကျူးကျော်နေတဲ့နေရာကို ပိုင်ချင်ပိုင်သွားနိုင်မှာပဲဆိုတဲ့ အတွေး မျိုးနဲ့တော့ မဖြစ်စေချင်ဘူး။
တကယ် လည်း နေစရာမရှိဘူး။ တကယ်လည်း အခက်အခဲဖြစ်နေတယ်ဆိုရင် ကိုယ့် နိုင်ငံသားတွေအတွက် အကာအကွယ် တစ်ခုရဖို့ဖြစ်ရမယ်။ အဲဒီအတွက် စာရင်းအင်းတိတိကျကျဖြစ်ဖို့ ပထမ ဦးစားပေးလုပ် မှာဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကြေးမုံသတင်းစာ နှင့်တွေ့ဆုံစဉ် ဖြေကြားသည်။ စာရင်းကောက် ယူရာတွင် စာရွက်ပေါ် တွင်ရေးသားစာရင်းကောက် ယူခြင်းမဟုတ်ဘံ မျက်နှာနှင့် လက်ဗွေစနစ်များယူ၍ ကွန်ပြုတာတွင် စနစ်တကျ သိမ်းဆည်း ကောက် ခံမှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းကဆိုသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com