အိမ် ခြံ မြေ ဈေးကွက်သည် ငွေကြေးစီးဆင်းမှုပမာဏအများဆုံး ငွေကြေးခဝါချရန် အကောင်းဆုံးသော ဈေးကွက် တစ်ခုဖြစ်ခဲ့သည်။မတန်တဆ များပြားလာ ခဲ့သော ငွေကြေးစီးဆင်းမှု၊ ခဝါချမှုများ ၏ နောက်ဆက် တွဲအကျိုးဆက်အဖြစ် မြန်မာ့အိမ်ခြံမြေ ဈေးကွက်သည် နယူးယောက်ကဲ့သို့သော မြို့ကြီးများ၏ ဈေးကွက် များနည်းတူ အချိန်တိုကာလအတွင်း တန်ဖိုးလွန်စွာမြင့်မားလာခဲ့သည်။
ယင်းအခြေအနေ အနေအထားအား ထိန်းသိမ်းနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် အစိုးရမှ ထိန်းချုပ်ကန့်သတ်နိုင်ရန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ထိုကဲ့သို့သောနည်းလမ်းများထဲတွင် အခွန်နှုန်းထားဖြင့် ထိန်းချုပ်ခြင်းသည် လည်းတစ်ခုအပါအဝင်ဖြစ်သည်။ အိမ် ခြံ မြေ အရောင်းအဝယ် ကဏ္ဍတွင် ၂၀၁၅ ခုနှစ်အချိန်အထိ ဝင်ငွေခွန်ရလမ်းမဖော်ပြနိုင်သော ဈေးကွက်အရောင်းအဝယ်များအတွက် အခွန်နှုန်းထားသတ်မှတ်ချက် မှာ ရောင်းဝယ်လိုသူများအတွက် အတန်အသင့်ပြေ လည်သော နှုန်းထားတစ်ရပ်ဖြစ်ခဲ့သည်။သို့သော် လက်ရှိအစိုးရသစ် မပေါ်ထွန်းမီကတည်းက ပြင်ဆင်ပြောင်း လဲရန်ပြဌာန်းခဲ့သော အိမ် ခြံ မြေ အခွန်နှုန်းထားသစ်မှာ အမှန်တကယ်စတင်ကျင့်သုံးချိန်တွင် ရည်ရွယ်ချက် ပစ်မှတ်ကို အမှန်တကယ်မ ထိရောက်နိုင်သေး ဘဲ ခုတ်ရာတစ်ခြား ရှရာတစ်လွဲ အနေအထား တစ်ရပ် ဖြစ်လာခဲ့ပြီး အများစု၏ လက်ညိုးထိုးဝေဖန်စရာ သတ်မှတ်ချက်တစ်ရပ်ဖြစ်လာခဲ့သည်။လက်ရှိအခွန်ငွေနှုန်းထားမြင့်မားလာရခြင်း၏ အဓိကအချက် သည် ငွေကြေးဖောင်း ပွမှုကိုတားဆီးရန်၊ ဝင်ငွေခွန်ရလမ်း မဖော်ပြနိုင်သော ငွေကြေးများကို တားဆီးထိန်းချုပ်ရန် ၊ငွေမည်းစီးဆင်းမှုမှ ကာကွယ်ရန်၊ အိမ်ခြံမြေ ဈေးကွက် အတွင်း သို့ ငွေကြေးခဝါချမှုမတရားစီးဝင်နေမှုအား ကြပ်မတ်နိုင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
""အခွန်နှုန်းထားတိုးမြှင့်သတ်မှတ်လိုက်တာက ငွေကြေးခဝါချမှုအပေါ်မှာ ဖိဖိစီးစီး လုပ်တဲ့သဘောရှိ လာတာပေါ့။ဘာကြောင့်လဲဆို မြန်မာနိုင်ငံကို စီးပွားရေးအရ နိုင်ငံတကာက စောင့်ကြည်မှုတွေများလာတယ်။နောက်တစ်ခါ ငွေကြေးဖောင်းပွမှုက ရင်းနှီးမြုပ်နှံမှုတွေကို လေးပင်သွားစေတယ်။ဒါတွေကြောင့် ကြပ်မတ်တာဖြစ်တယ်လို့ ဆရာတို့ယူဆတယ်။""ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးမှ သုံးသပ်ပြောကြားသည်။
၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သတ်မှတ်ကောက် ခံခဲ့သောအခွန်နှုန်းထားသည် ငွေတန်ဖိုးအလွှာအလိုက်အရောင်းအဝယ် လူတန်းစားအရပ်ရပ်အတွက် အဆင်ပြေခဲ့သောနှုန်းထားတစ်ရပ်ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။ရာဖြတ်တန်ဖိုး အခွန်နှုန်းထားသတ်မှတ်ချက်အဟောင်းမှာ တစ်ကျပ်မှ သိန်းတစ်ရာအထိ လျှင် အခွန်ငွေ သုံးရာခိုင်နှုန်း၊ သိန်းတစ်ရာမှ သိန်းငါးရာအထိလျှင် အခွန်ငွေ ငါးရာခိုင်နှုန်း၊သိန်းငါးရာမှ သိန်းတစ်ထောင်အထိလျှင် ဆယ်ရာခိုင်နှုန်း၊ သိန်းတစ်ထောင်မှ သိန်းတစ်ထောင့် ငါးရာအထိလျှင် နှစ်ဆယ်ရာခိုင်နှုန်း၊သိန်းတစ်ထောင့်ငါးရာအထက်လျှင် သုံးဆယ် ရာခိုင်နှုန်း သတ်မှတ်ကောက် ခံခဲ့သည်။ယင်းကဲ့သို့ကောက်ခံချိန်တွင် နိုင်ငံတော်၏ အခွန်ငွေရရှိမှုမှာ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ကျပ်ဘီလျံ ၁၂၀၀ ဝန်းကျင်ရရှိနေရာမှ ၂၀၁၄ - ၂၀၁၅ ခုနှစ်တွင် ဘဏ္ဍာငွေ ကျပ်ဘီလျံ ၄၄၀၀ ကျော်ရရှိသည်အထိ တိုးမြင့်လာကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ထားသောစာရင်းများအရတွေ့ရသည်။
""သင့်တင့်ဆီလျော်တဲ့ အခွန်ဖြစ်တဲ့အတွက် အခွန်ရရှိမှုက တိုးလာတယ်။အခွန်လည်း မရှောင်ကြဘူး။ ဒါကြောင့် ပြည်သူတွေဝယ်ယူတဲ့အခါမှာလည်း အရှုပ်အရှင်း ကင်းလာတယ်။ကောင်းတဲ့သဘောတွေပဲပေါ့။""ဟု မြန် မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ပြောကြားသည်။ သို့သော် ၂၀၁၆ ဧပြီလ တစ်ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သော အိမ်ခြံမြေ ဝင်ငွေခွန်နှုန်းထားအသစ်သည် အခြေခံ လူတန်းစားများကိုသာ အကျိုးမဲ့စေရန်ရည်ရွယ်သကဲ့သို့ ဖြစ်နေပြီး တိုးမြင့်ကောက်ခံခဲ့သည့် ရည်ရွယ်ချက်နှင့် သွေဖယ်သကဲ့သို့ဖြစ်နေသည်။
အိမ် ခြံ မြေ အခွန် နှုန်းထားအသစ်သည် ယခင်ထက် ငါးဆ ဝန်းကျင်မြင့်တက်လာခဲ့သော်လည်း ယင်းပမာဏ သည် ငွေကြေးခဝါချမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်မည်မဟုတ်ပဲ လက်သေးများကိုသာ အခက်အခဲကြုံတွေ့စေသကဲ့သို့ဖြစ်နေသည်။""အိမ် ခြံ မြေ မှာ သိန်းတစ်ထောင်ဆိုတာတောင် သူဌေးတွေ ထဲ ပြန်တွက်ရင် ဆင်းရဲသားအဆင့်ပဲရှိသေး တယ် ။ပြောရရင် ကောင်းကောင်းမွန်မွန် ကျယ်ကျယ်ဝန်းဝန်း မနေနိုင်သေးဘူး။ဒါတောင် သိန်းတစ်ထောင်နော်။ဒါကို သိန်း သုံးရာလောက်ကို ၁၅ ရာခိုင်နှုန်းဆောင်ရမယ် ဆိုတော့ တကယ်သွားထိတာက လိုအပ်လို့ စုထားဆောင်းထားပြီးဝယ်တဲ့သူတွေပဲသွားထိတာပေါ့။ဘာကြောင့်လဲဆိုရင် သိန်း တစ်ထောင်အထက်က ၃၀ ရာခိုင်နှုန်းချည်းပဲဆိုတော့ တကယ်ခဝါချနေသူတွေက အားသာပြီး အမှန်တကယ် လိုအပ်သူတွေမှာ နစ်နာတယ်""ဟု အကျိုးဆောင်တစ်ဦးမှ သုံးသပ်ပြောဆိုသည်။
လက်ရှိအခွန်နှုန်းထားအသစ်၏ သတ်မှတ်ချက်မှာ တစ်ကျပ်မှ သိန်းသုံးရာ အထိလျှင် အခွန်ငွေ ၁၅ ရာခိုင်နှုန်း၊သိန်း ၃၀၀ မှ သိန်း တစ်ထောင်အထိလျှင် ၂၀ ရာခိုင်နှုန်း နှင့် သိန်းတစ်ထောင်အထက်လျှင် ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားသည်။ယင်းကဲ့သို့အခွန်ငွေတိုးမြင့်လာမှုသည် ဈေးကွက်ပါးနေမှုကို ဆွဲချသည့်အခြေအနေ အလားအလာကို ဖြစ်စေနိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီးအိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ကပြောပြသည်။ ""ပြည်သူကို ဝန်ထုပ်ဝန်ပိုးကြီးစေတယ်။ အိမ်ခြံမြေနဲ့ပတ်သက်သူတွေ အခွန်ဆောင်ချင်စိတ်လျော့ပါးစေတယ်။အရောင်းအဝယ်အေးစေတာနဲ့အမျှ အိမ် ခြံ မြေ နဲ့စပ်ဆိုင်တဲ့ ဆောက်လုပ်ရေး တွေ Developer တွေပါ အများကြီးထိခိုက်တယ်""ဟု အထက်ပါ ပုဂ္ဂိုလ်မှ ထောက်ပြသည်။
ယခင်ထက် ငါးဆနီးပါး မြင့်မားလာသော နှုန်းထား အသစ်ကြောင့် အိမ် ခြံ မြေ ဝယ်ယူသူများသည် အများအားဖြင့်အခွန်ရှောင်လာနိုင်ဖွယ်ရှိနေသည်။""အိမ် ခြံ မြေ ကတော့အရောင်းအဝယ် ဖြစ်နေမှာဘဲ။ခုကတော့ သာမန်အခြေခံလူတန်းစား မရှိတဲ့ လူတန်းစားတွေ ကိုဖိနှိပ်သလိုဖြစ်နေတယ်။ ဒီတော့ ငွေကြေးခဝါချမှုကို တားဆီးထိန်းချုပ်ဖို့တကယ်လုပ်တာလား ၊နှိပ်စက်ဖို့လုပ်တာလား သရုပ်ခွဲရတော့မယ်။ဒီလို အခွန် မြင့်မားမှုရဲ့နောက်မှာ အခွန်ရှောင်မှုတွေ ရှိလာတော့မယ်။ အဲဒီအတွက် အရှုပ်အရှင်းတွေရှိ လာတော့မယ်။နိုင်ငံတော်ကလည်းအခွန်မရတော့ဘူး။ ဒီတော့ ဒါတွေကို ပြန်လည် သုံးသပ်ပေးဖို့လိုနေပြီ။ အားလုံးကလည်း ပြန်လည်ပြင်ဆင်ပေးဖို့မျှော်နေကြပါတယ်။""ဟု မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးမှ ပြောပြခဲ့သည်။
သိန်းတစ်ထောင်အထက်အ တွက်သတ်မှတ်ထားသော အခွန်ငွေ ၃၀ ရာခိုင်နှုန်းသည် သိန်းသောင်းချီ ရောင်းဝယ်နေကြသော ငွေကြေးခဝါချမှုအများစုကိုမတားဆီးနိုင်ဘဲ အခြေခံလိုအပ်ချက်အရ စုဆောင်းဝယ်ယူနေကြရသော လူတန်းစားများအတွက်သာ အခက်အခဲဖြစ်နေသောကြောင့် ခုတ်ရာတစ်ခြား ရှရာတစ်လွဲဖြင့် ရေလိုက်လွဲ နေသော နှုန်းထားများအား ပြည်သူ့အစိုးရသစ်အနေဖြင့်ပြန်လည် သုံးသပ်ပြင်ဆင်ပါက အိမ် ခြံ မြေ ဈေးကွက်အတွက် အမှန်တကယ်ကူကယ်ရာဖြစ်လာနိုင်ကြောင်း ထပ်လောင်းတင်ပြလိုက်ရပါသည်။
မင်း ၀ဿာ န် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com