ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်မည့် ဧရိယာအတွင်း ပါဝင်သော ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တို မြို့နယ်များမှ လယ်မြေများ အရောင်းအ၀ယ် လုံးဝမရှိတော့ဘဲ စားဝတ်နေရေး ကျပ်တည်းသဖြင့် လယ်သမားအချို့ လယ်မြေများအား အချင်းချင်း ပေါင်နှံမှု ပြုလုပ်နေကြောင်း ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးခင်မောင်သန့်က ပြောကြားသည်။
ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်မည့် ဧရိယာအတွင်း ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ရပ်ကွက်လေးခု (ရွာ ၁၁ ရွာ)၊ တွံတေးမြို့နယ်အတွင်းမှ ရွာ ၁၁ ရွာနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ် အတွင်းမှ ရွာလေးရွာပါဝင်ပြီး အဆိုပါနေရာများမှ လယ်မြေများ အရောင်းအ၀ယ် လုံးဝမရှိတော့ကြောင်း သိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ဆောင်ပါက လျော်ကြေးရမည့်အပြင် ဒေသဖွံ့ဖြိုးရေးအတွက် မျှော်မှန်းကာ ဒေသခံလယ်သမား အများစုက လယ်မြေများကို ထုတ်မရောင်းတော့ခြင်း ဖြစ်ကြောင်း၊ သို့သော် လယ်မစိုက် တော့သည့်အတွက် စားဝတ်နေရေး ကျပ်တည်းသည့် လယ်သမားအချို့က လယ်မြေများကို အချင်းချင်း ပေါင်နှံမှု ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
"လယ်မြေအရောင်းအ၀ယ် လုံးဝမရှိဘူး။ လယ်သမားတွေကလည်း စီမံကိန်းပြီးရင် လျော်ကြေးရမှာဆိုတော့ ထုတ်မရောင်းကြတော့ဘူး။ ရောင်းချင်လည်း အရင်လို ဈေးမရတော့တာ။ စီမံကိန်းကလည်းအခု အစိုးရသစ်ပြောင်းတော့ စောင့်ဆိုင်းနေတဲ့ ပုံစံပါ။ ဒေသခံတွေကတော့ ဒေသဖွံ့ဖြိုးဖို့ မြန်မြန်လုပ်စေ ချင်တာပေါ့။ အဲဒီထဲမှာမှ အချို့လယ်သမားတွေက စားဝတ်နေရေး တော်တော်ကို ကျပ်တည်းနေကြတယ်။ ဒါကြောင့် အချင်းချင်း လယ်မြေတွေကို ပေါင်နှံပြီး လေး၊ ငါး၊ ၁၀ သိန်း စသည်ဖြင့် ယူသုံးကြတယ်။ အတိုးကလည်း လေးငါးကျပ်တိုး လောက်နဲ့ပေါ့" ဟု ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးခင်မောင်သန့်က ပြောကြားသည်။
ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်မည့် ဧရိယာအတွင်း လယ်မြေဧက သုံးသောင်းနီးပါး ပါဝင်ပြီး အဆိုပါ လယ်မြေများအတွက် လျော်ကြေးအနေဖြင့် ဒေသခံလယ်သမားများ အတွက် လယ်မြေ တစ်ဧကလျှင် ဂရန်ရှိမြေကွက် နှစ်ကွက်နှင့်တိုက်ခန်းတစ်ခန်း၊ ဒေသခံလယ်သမားမဟုတ်သူများအတွက် မြေကွက်နှစ်ကွက်ကို
လျော်ကြေးအဖြစ် ပေးမည်ဖြစ်သည်။
ရန်ကုန်မြို့သစ် စီမံကိန်းအား မူလက ယခုနှစ်လယ်ပိုင်းတွင် စတင်အကောင်အထည်ဖော်ရန် မျှော်မှန်းထားခဲ့သော်လည်း စီမံကိန်းမှာ ယခင်အစိုးရဟောင်းက လုပ်ကိုင်ခွင့်ပြုခဲ့သည့် စီမံကိန်း ဖြစ်သောကြောင့် မည်သို့ဆက်လက် လုပ်ဆောင်ရမည်ကို လက်ရှိအစိုးရသစ်နှင့် လွှတ်တော်ထံ ပြန်လည် တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သစ် စီမံကိန်းတွင် မြစ်ကူးတံတားငါးစင်း၊ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ အငှားအိမ်ရာ စီမံကိန်းများ၊ ကျောင်းများ၊ ဘိုးရွားရိပ်သာ၊ အဝေးပြေး ယာဉ်ရပ်နားစခန်း၊ ပြတိုက်များ စသည်တို့ ပါဝင်မည်ဖြစ်ပြီး စီမံကိန်းကာလကို ၁၀ နှစ်မှ ၁၅ နှစ်အထိ အကောင်အထည်ဖော်ရန် မျှော်မှန်းထားကြောင်း သိရသည်။
Credit: Eleven Media Group