အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ စတင်တာဝန်ယူသော ၂၀၁၆တွင်အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့(IMF)တို့က မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုမှာ အာဆီယံဒေသတွင်အလားအလာအကောင်းဆုံးအဖြစ် ပြန်လည်ဦးမော့လာမည်ဟု ခန့်မှန်းထားသည်။
အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၈ ဒသမ ၄ ရာခိုင်နှုန်းထိ မြင့်တက်လာမည်ဟု မှန်းထားပြီး
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအ ဖွဲ့က ၈ ဒသမ ၆ ရာခိုင်နှုန်းရှိမည်ဟု ဧပြီအတွင်းက အစီရင်ခံစာ ထုတ်ပြန်ထားသည်။
ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှေးကွေးနေချိန်တွင်
နိုင်ငံရေးအခြေအနေမသေချာမရေရာမှုများကို ကျော်လွှားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် အခြေအနေကောင်းများ ရှိနေသဖြင့် စီးပွားရေးအလားအလာကောင်းနေခြင်းဟု နိုင်ငံတ
ကာငွေကြေးရန်ပုံငွေအဖွဲ့မှ စီးပွားရေးပညာရှင်များက ခန့်မှန်းထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးမှုများသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်၌ ၇ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်သော်လည်း ငွေကြေးဖောင်းပွမှုမှာ ၉ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သော ဖိလစ်ပိုင်နှင့်ဗီယက်နမ်နိုင်ငံတို့၏ စီးပွားရေးဖွံ့ဖြိုး
မှုနှုန်းသည် ၂၀၁၆ တွင် ၆ ရာခိုင်နှုန်းကျော်ရှိနေကြောင်း ကမ္ဘာ့ဘဏ်၏အာရှပစိဖိတ်ဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးသော်လည်း ဖွံ့ဖြိုးဆဲအာရှနှင့် ပစိဖိတ်ဒေသစီးပွားရေးတိုးတက်မှုနှုန်းမှာ အင်အားကောင်းနေကြောင်းကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင်
ဖော်ပြထားသည်။
သို့သော် မြန်မာနိုင်ငံအတွက် နိုင်ငံတကာစီးပွားရေးချိတ်ဆက်မှုတွင် တရုတ်နိုင်ငံ၏စီးပွားရေးကျဆင်းမှုက အစိုးရသစ်အတွက် စိုးရိမ်စရာဖြစ်နေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ဒုတိယဌာနေ ကိုယ်စားလှယ် မစ္စတာပီတာ ဘရင်းဘယ်လ်က ပြောသည်။
အရှေ့တောင်အာရှနိုင်ငံများ၏ ၂၀၁၆ စီးပွားရေးတိုးတက်မှုသည် ၄ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ်၏ အာရှပစိဖိတ်ဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။
‘‘ဒီတိုးနှုန်းက မဖြစ်နိုင်စရာ မရှိပါဘူး။ ဆန်စပါးပြောင်းကလည်း ပုံမှန်တိုးတက်နေပါတယ်။ ခရီးသွားလုပ်ငန်းကလည်းအပေါင်းလက္ခဏာ ဆောင်ပါတယ်။ ဓာတ်ငွေ့ကသာ နည်းနည်းကျနိုင်တာ။ အားလုံးပေါင်းလိုက်ရင် အကုန်လုံးတိုးတက်လာတော့ ဒီနှုန်းက ဖြစ်လာတာပါ’’ဟု မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင်ဟိုးလ်ဒင်းကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးတင်ထွဋ်ဦးက ပြောသည်။
တစ်ဦးချင်းဝင်ငွေ၊ လူနေမှုအဆင့်အတန်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ တိုးမြှင့်လာပြီး လူတစ်ဦးချင်း ငွေသုံးစွဲမှုမြင့်တက်မှသာ စီးပွားရေးတိုးတက်သည်ဟု ဆိုနိုင်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ကုန် ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ)တွင်သဘာဝဓာတ်ငွေ့ ရောင်းရငွေမှာ အဓိကဝင်ငွေဖြစ်နေသည်။
အဖွဲ့အစည်းများက ကိန်းဂဏန်းများအပေါ် အခြေခံသဖြင့် ရလဒ်များ ထွက်ပေါ်လာသော်လည်း အမှန်တရားများကိုလည်းထည့်သွင်းသင့်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဒေါက်တာစိုးထွန်းက ပြောသည်။
Credit: 7Daydaily