မြန်မာနိုင်ငံ၏ စီးပွားရေးပထ၀ီအနေအထားအရ ရန်ကုန်နှင့် မန္တလေးအပြင်ဧရာဝတီ၊မကွေးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့မှာလည်း အရေးအပါဆုံးဖြစ်နေပြီး အခြားဒေသများထက် စီးပွားရေးတိုးတက်မှုနှုန်း မြင့်မားမည်ဟု မျှော်မှန်းထားကြောင်း အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှစ် ၂၀ စီမံကိန်းအရ သိရသည်။
မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ ထူးခြားသော ပထ၀ီအနေအထားနှင့် အခြေခံသယံဇာတအရင်းအမြစ်များပေါ် အခြေခံပြီး ဂျီဒီပီပါဝင်မှုသည် နိုင်ငံတစ်ဝန်းကျယ်ပြန့်စွာ ကွဲပြားနေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တိုးတက်မှုနှုန်းထားများနှင့် ဂျီဒီပီပါဝင်မှုများသည် အဓိကမြို့ပြဧရိယာ
ဒေသနှစ်ခုဖြစ်သော ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အပြင် ဧရာဝတီ၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ ပါဝင်နေပြီး ယင်းဒေသကြီး ငါးခု၏ ဂျီဒီပီကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း နှစ်ဆတိုးခဲ့သည်ဟု ခန့်မှန်းထားသည်။
မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့သည် တစ်ဦးချင်း ၀င်ငွေ အမြင့်ဆုံးရှိသည့် ကမ်းရိုးတန်းဒေသ နှင့် မြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဌာန၏ အချက်အချာကို ပိုင်ဆိုင်ထားသည်။ လူဦးရေ ၇၃၀၀၀၀၀ ခန့်ရှိပြီး ယင်းတို့အနက် ၆၄ ရာခိုင်နှုန်းသည် လုပ်သားများဖြစ်ကာ မှီခိုသူအချိုးအစားမှာ ၄၁ ရာခိုင်နှုန်းခန့်ရှိသည်။
ရန်ကုန်မြို့တွင် စက်မှုဇုန် ၁၂ ခုရှိပြီး တစ်နိုင်ငံလုံးရှိ စက်မှုဇုန်အားလုံး၏ ၃၂ ရာ ခိုင်နှုန်း ပိုင်ဆိုင်ထားကာ သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းလည်း တည်ရှိသည်။
ရန်ကုန်မြို့သည် ယင်း၏ အခြေခံ အဆောက်အအုံ၊ လုပ်သားအင်အား၊ ဒေသဆိုင်ရာ
ဈေးကွက်များကြောင်မြန်မာနိုင်ငံ၏ စက်မှုထုတ်ကုန်ဖြစ်ထွန်းရာ ဒေသတစ်ခု ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးသည် သမိုင်းအစဉ်အလာကြီးမားသော မြို့တစ်မြို့ဖြစ်ပြီး တရုတ်၊ အိန္ဒိယတို့နှင့် ဆက်စပ်လျက်ရှိသည့် ကုန်သွယ်မှု ဗဟိုဌာနကြီးတစ်ခုဖြစ်ကာ ကျောက်မျက်ရတနာ၊ သတ္တု၊ ကျောက်မျက်အကြမ်းထည်များ၊ ဆန်၊ ၀ါဂွမ်းတို့ ရောင်းဝယ်ဖောက်ကားရာ ကြီးမားသော ဒေသဆိုင်ရာ ဈေးကွက်ကြီးတစ်ခုဖြစ်သည်။
မန္တလေး၏ ပထ၀ီအနေအထားသည် အရှေ့အာရှနှင့် အနောက်အာရှကို ဆက်သွယ်ပေးသော အဓိကဆုံမှတ်ဖြစ်ပြီး အိန္ဒိယမှ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်သို့ ချိတ်ဆက်ပေးသော လမ်းဆုံအဖြစ် တည်ရှိနေခြင်းဖြစ်သည်။
မြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသော ဧရာဝတီတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ ထုတ်လုပ်မှုတိုးမြှင့်ရန် နှင့် သားငါးကဏ္ဍ၏ ပို့ကုန်တိုးမြှင့်ရေးတို့မှ
ဂျီဒီပီတိုးတက်မှုမြင့်မားရန် ရည်မှန်းထားသည်။
ဧရာဝတီတိုင်းဒေသကြီးသည်ယခင်ကတည်းကမြန်မာနိုင်ငံ၏ဆန်အိုးကြီး ဖြစ်သည့်အပြင်အခြားစိုက်ပျိုးမွေးမြူရေးလုပ်
ငန်းများ၊ သာယာလှပသော ကမ်းခြေများကဲ့သို့ ခရီးသွားဆွဲဆောင်နိုင်သည့် နေရာဒေသများကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အလားအလာကောင်းများ
ရှိနေခြင်း ဖြစ်သည်။
မကွေးတိုင်းဒေသကြီးသည် ကုန်တွင်းပိုင်းဒေသဖြစ်ပြီး ရေနံသိုက်များရှိရာ ဒေသတွင်း ဂျီဒီပီတိုးတက်လာရေးအတွက် လျင်မြန်စွာ အားဖြည့်ပေးနိုင်မည်ဟု မျှော်မှန်းထားသည်။ ထို့ပြင် ဒေသတစ်ကြောရှိ မြေပဲ၊ နှမ်း စသည့် ဆီထုတ်လုပ်ရေးလုပ်ငန်းများ၊ သံနှင့် သံပစ္စည်းထုတ်လုပ်ရေးနှင့် ပတ်သက်သော စက်ရုံများသည် ဒေသစီးပွားရေးအတွက် အသက်သွေး
ကြောများအဖြစ် တည်ရှိနေခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် အိန္ဒိယနှင့် နယ်စပ်ဒေသကုန်သွယ်မှုအနေဖြင့် သဘာဝသယံဇာတများကို တင်ပို့ခြင်းဖြင့် အကျိုးကျေးဇူးများ သိသိသာသာရရှိနိုင်မည်ဖြစ်ပြီး တင်ပို့သောကုန်စည်များမှာ သတ္တု၊ ကျောက်မျက်ရတနာများ၊ လယ်ယာထွက်ကုန်များ၊ ၀ါထွက်ကုန်များ ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် သီးနှံမျိုးစုံထုတ်လုပ်နိုင်သော စိုက်ပျိုးမြေအလျှံပယ်ရှိသော ဒေသကြီးတစ်ခုဖြစ်ရာ ဆန်ကြိတ်ခွဲလုပ်ငန်း၊ ပဲမျိုးစုံထုတ် လုပ်သည့်လုပ်ငန်း၊ အစားအစာထုတ်လုပ်သည့်လုပ်ငန်း၊ လယ်ယာကဏ္ဍ၀န်ဆောင်မှု လုပ်ငန်းနှင့် လယ်ယာထွက်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။
အဆိုပါ တိုးတက်သော တိုင်းဒေသကြီး နှင့် ပြည်နယ်ငါးခု၏ စီးပွားရေးပုံသဏ္ဌာန်သည် နှိုင်းယှဉ်အကျိုးကျေးဇူးများအပေါ် အခြေခံပြီး ကွဲပြားခြားနားလျက်ရှိရာ ယင်းတို့အပေါ် ဦးတည်ကာ လူမှုစီးပွားတိုးတက်ရေးမူဝါဒ၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ ဖွံ့ဖြိုးလာရေး မဟာဗျူဟာများကို တည်နေရာ အနေအထားပေါ် မူတည်ပြီး ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုနှစ် ၂၀ စီမံကိန်းတွင် ဖော်ပြထားသည်။
Credit: Eleven Media Group