၂၀၁၆ ခုနှစ်အတွင်းဂျပန်တွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားအလုပ်သမားပေါင်း ၁ သန်းခန့်အထိစံချိန်တင် ခန့်ထားဖွယ်ရှိကြောင်းတိုကျိုအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဂျပန်သည် ပြည်တွင်းလုပ်သားလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန်အတွက် ပြည်ပအလုပ်သမားများအပေါ် မှီခိုရမှု ပိုမိုမြင့်တက်လာလျက်ရှိကြောင်းဂျပန်အစိုးရကထုတ်ပြန်ထားသည်။
ယေဘုယျအားဖြင့် ဂျပန်အစိုးရသည် ပြည်ပအလုပ်သမားများကိုဂျပန်တွင် အမြဲအခြေချနေထိုင်ရန် ခွင့်မပြုချေ။
သို့ရာတွင် ဂျပန်လူဦးရေကျဆင်းလာမှုနှင့် စီးပွားရေးကဏ္ဍမှာလည်းကမ္ဘာ့ရွာအသွင်ဖြစ်လာမှုတို့ကြောင့် ပြည်ပလုပ်သားများလွယ်လင့်တကူခေါ်ယူခွင့်ပြုရန် ဂျပန်စီးပွားရေးအသိုင်းအ၀ိုင်းမှ တောင်းဆိုမှုများကြောင့် ရှင်ဇိုအာဘေးအစိုးရသည် ပြည်ပအလုပ်သမားဦးရေ မြင့်တက်လာစေရန် ကူညီပံ့ပိုးလျက်ရှိသည်။
ရှင်ဇိုအာဘေးအစိုးရသည် ၀န်ကြီးချုပ်ရုံးတွင် အကြံပေးအဖွဲ့တစ်ခုထားရှိရန်စီစဉ်လျက်ရှိရာဂျပန်လူဦးရေကျဆင်းခြင်း၊ အလုပ်သမားရှားပါးမှု အကြောင်းရပ်များကိုမည်သို့ဖြေရှင်းရန် အကြံပေးရေး ဖြစ်သည်။
ပြည်ပလုပ်သားများ မြှင့်တင်ခန့်ထားနိုင်ရန် မဟာဗျူဟာကိုလာမည့် မေလ (သို့မဟုတ်) ဇွန်လအတွင်းချမှတ်သွားမည်ဖြစ်သည်။
ကျွမ်းကျင်မှုမြင့်မားသော ပြည်ပလုပ်သားများကိုဦးစားပေးခေါ်ယူသွားမည်ဖြစ်ပြီးဖွံ့ဖြိုးဆဲနိုင်ငံများမှ အလုပ်သမားများကိုလည်းon-the-job-trainingအစီအစဉ်ဖြင့် ခေါ်ယူရန် သုံးသပ်မည်ဟုဆိုသည်။
လက်ရှိအားဖြင့် ဂျပန်တွင် ရောက်ရှိနေသော ပြည်ပအလုပ်သမားများအနက် အများပြားဆုံးမှာတရုတ်နိုင်ငံသားများဖြစ်ပြီး ၃၅ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။
တရုတ်နောက်တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ဘရာဇီးတို့မှာအစဉ်လိုက်ရပ်တည်လျက်ရှိကြသည်။
ပြည်ပအလုပ်သမားများကိုအဓိကခန့်ထားသည်မှာအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်သည်။
ပြည်ပအလုပ်သမားများအနက် ၃၀ ရာခိုင်နှုန်းမှာတိုကျိုတွင် အလုပ်ခန့်ထားခြင်းဖြစ်ပြီး ၎င်းနောက်တွင် တိုယိုတာကော်ပိုရေးရှင်းအခြေစိုက်ရာဒေသတွင် ဖြစ်သည်။
ဂျပန်လူဝင်မှုကြီးကြပ်ရေးဥပဒေအရအိမ်ဖော်လုပ်သူများကိုအမြဲတမ်းနေထိုင်ခွင့် မပေးသော်လည်းယခုအခါတွင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသူနာပြုများအားအမြဲတမ်းနေထိုင်ခွင့်ပေးအပ်မည့် ဥပဒေတစ်ခုရေးဆွဲလျက်ရှိသည်။
အဆိုပါသူနာပြုများအမှန်တကယ်လိုအပ်ကြောင်းအလုပ်ရှင်မှ ပြသနိုင်ပါကသူနာပြုများကိုအမြဲတမ်းနေထိုင်ခွင့် ပေးအပ်သွားမည်ဟုဆိုသည်။
ဂျပန်နိုင်ငံသည် ပြည်ပလုပ်သားများကို ပြည်တွင်းလုပ်သားများနည်းတူအခွင့်အရေးများမပေးအပ်ဘဲ ပြည်ပလုပ်သားပိုမိုခေါ်ယူလိုခြင်းနှင့် စပ်လျဉ်း၍ ဝေဖန်မှုများလည်း ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)