၂၀၂၀ တိုကျိုအိုလံပစ်အားကစားကွင်းကြီးကိုဒီဇိုင်းရေးဆွဲပေးခဲ့သည့် အီရတ်လူမျိုးကမ္ဘာကျော်ဗိသုကာပညာရှင် ဇာဟာဟာဒစ်သည် အမေရိကန်ပြည်ထောင်စု၊ မိုင်အမ်မီရှိဆေးရုံတစ်ခုတွင်ကွယ်လွန်သွားပြီဖြစ်ပြီးကွယ်လွန်ချိန်၌ အသက် ၆၅ နှစ်ရှိပြီဖြစ်ကြောင်းဂျပန်အခြေစိုက် အိမ်ခြံမြေ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
သူမသည် ကမ္ဘာတစ်လွှားရှိထင်ရှားသောအဆောက်အအုံများစွာကိုဒီဇိုင်းရေးဆွဲပေးခဲ့သူလည်း ဖြစ်သည်။
ဇာဟာဟာဒစ်သည် အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ တော်တွင် မွေးဖွားကြီးပြင်းကာအမေရိကန်ပြည်ထောင်စု၊ ဘေရွတ်တက္ကသိုလ်တွင် သင်္ချာပညာအဓိကသင်ယူခဲ့ပြီးလန်ဒန်ရှိဗိသုကာအသင်း၌ ၁၉၇၂ ခုနှစ်တွင် မှတ်ပုံတင်ခဲ့သည်။
နောက်ပိုင်းတွင် ဇာဟာဟာဒစ်သည် လန်ဒန်တွင် အခြေချနေထိုင်ခဲ့သည်။
သူမသည် ကမ္ဘာတစ်လွှားရှိထင်ရှားသောအဆောက်အအုံအများအပြားဒီဇိုင်းရေးဆွဲပေးခဲ့ရာဂျာမနီရှိ BMW မော်တော်ကားထုတ်လုပ်ရေးစက်ရုံ၊ သြစတေးလျနိုင်ငံအင်းဘရပ်ခ်ရှိဘူတာရုံများ၊ တရုတ်နိုင်ငံရှိဂွမ်ရှုအော်ပရာကဇာတ်ရုံ၊ ရောမရှိမက်ဇီပြတိုက်၊ အဇာဘိုင်ဂျန်နိုင်ငံရှိဟေဒါအေလီယက်ဗ်စင်တာတို့လည်း အပါအ၀င်ဖြစ်သည်။
သူမဒီဇိုင်းရေးဆွဲပေးခဲ့သည့် အဆောက်အအုံတိုင်းတွင် ပြောစမှတ်တစ်ခုကျန်ရစ်လေ့ရှိပြီးအချို့ အဆောက်အအုံများနှင့်စပ်လျဉ်း၍ အခြေအတင် ငြင်းခုံဖွယ်ရာများပင် ပေါ်ပေါက်ခဲ့ကြသည်။
တိုကျိုအိုလံပစ်အားကစားကွင်းကြီးကိုဒီဇိုင်းရေးဆွဲပေးရန် ဂျပန်အစိုးရကဇာဟာဟာဒစ်အား ၂၀၁၅ ခုနှစ်အတွင်း တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဇာဟာဟာဒစ်ကိုဒီဇိုင်းရေးဆွဲပေးရန် အပ်နှံထားပြီးအပြီးမသတ်ခဲ့သည်မှာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘောလုံးကွင်းတစ်ကွင်းနှင့် ဘဂ္ဂဒက်ရှိအီရတ်ပါလီမန်အဆောက်အအုံသစ်တစ်ခုတို့ ဖြစ်ကြသည်။
ဇာဟာဟာဒစ်သည် ဗြိတိန်မှ ပေးအပ်သောစတာလင်ဗိသုကာဆုကို ၂ ကြိမ်ရရှိခဲ့ပြီးဗိသုကာနိုဗယ်လ်ဆုဟုနာမည်ကျော်သည့် ပရစ်ဇ်ကာဆုကို ၂၀၀၄ ခုနှစ်တွင် ရရှိခဲ့သည်။
တိုကျိုအိုလံပစ်အားကစားကွင်းမှာ ကြီးမားလှပြီးကုန်ကျစရိတ်များပြားမည်ဖြစ်ခြင်းကြောင့် ယခင်နှစ် နွေရာသီကတိုကျိုတွင် လူပေါင်း ၅၀၀ ခန့် ဆန္ဒပြခဲ့ကြသည်။
“ကမ္ဘာပေါ်မှာရှိတဲ့ အဆောက်အအုံကြီးတွေ ဆောက်လုပ်တိုင်းအငြင်းအခုံဖြစ်ကြရတယ်။ ဒါပေမယ့် ဒါတွေကဒီနိုင်ငံဟာဒါပဲလို့ ကမ္ဘာကို ပြနိုင်မယ့်အရာတွေပါပဲ”ဟုအတ္တလန္တာအိုလံပစ်ကွင်းကိုဒီဇိုင်းရေးဆွဲခဲ့သည့် Heery Internationalဗိသုကာအဖွဲ့မှ ဗိသုကာတစ်ဦးကဆိုသည်။
အားကစားကွင်းများကြောင့် ထိခိုက်နစ်နာမှုသာဓကများရှိရာ ၁၉၇၆ အိုလံပစ်ပွဲတော်အတွက် မွန်ထရီယယ်အားကစားကွင်းကို ပြင်သစ်ဗိသုကာရော်ဂျာတိုင်လီဘတ်ကဒီဇိုင်းရေးဆွဲပေးခဲ့သည်။
အိုလံပစ်ပွဲတော်အပြီးတွင် အဆိုပါမြို့ သည် အကြွေးကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတင်သွားပြီးယင်းအကြွေးကို နှစ်ပေါင်း ၃၀ ကျော် ပြန်ဆပ်ခဲ့ရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)