မြန်မာနိုင်ငံ ရန်ကုန်မြို့တော်၌ ဘဏ်ခွဲတစ်ခုဖွင့်လှစ်မည့် ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှု နှင့်ဖွံ့ဖြိုးရေးဘဏ် (BIDV)၏အစီအစဉ်ကို ဗီယက်နမ်နိုင်ငံတော်ဘဏ် (SBV) က မတ် ၃၁ ရက်တွင် အတည်ပြုလိုက်ကြောင်း VNS သတင်းတွင် ရေးသား ဖော်ပြသည်။
ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ် ရန်ကုန်ရုံးခွဲ၏ ရင်းနှီးမြှုပ်နှံမှု မှာ အမေရိကန်ဒေါ်လာ ၈၅ သန်းခန့်ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ရုံးခွဲဖွင့်လှစ် ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှခွင့်ပြုချက်ကို မတ်လအတွင်းက ရရှိ ခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးရေးဘဏ်မှာ မြန်မာနိုင်ငံတွင် ရုံးခွဲတစ်ခုဖွင့်လှစ်မည့် ပထမဆုံးသော ဗီယက်နမ်ဘဏ်ဖြစ်လာမည်ဖြစ်သည်။ ယခုနှစ်အစောပိုင်းကလည်း ရုရှားနိုင်ငံ မော်စကိုမြို့တော်၌ ကိုယ်စားလှယ်ရုံးတစ်ရုံးဖွင့်လှစ်ရန် ဗီယက်နမ်နိုင်ငံတော်ဘဏ်က ဗီယက်နမ်ရင်းနှီးမြှုပ်နှံ မှုနှင့် ဖွံ့ဖြိုးရေးဘဏ်အား ခွင့်ပြုခဲ့သေးသည်။
၂ဝ၁၅ ခုနှစ်အတွင်း ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ်၏ အခွန်မဆောင်မီအမြတ်အစွန်းမှာ ဗီယက်နမ်ဒေါင် ၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၁၃ ဒသမ ၅ သန်း) ကျော်ရှိပြီး စုစုပေါင်း ပိုင်ဆိုင်မှုပမာဏမှာ ဗီယက်နမ်ဒေါင် ၈၅၇ ထရီလီယံရှိကြောင်း သိရသည်။
Credit: MOI Webportal Myanmar