အိန္ဒိယတွင် အိမ်ခြံမြေဥပဒေ ပြင်ဆင်ပြဌာန်းမှုများနှင့် စပ်လျဉ်း၍ ကန့်ကွက်မှုများစွာပေါ်ပေါက် လျက်ရှိပြီးယင်းဥပဒေမှာအိမ်ခြံမြေကဏ္ဍအတွက် အခက်အခဲများစွာ ကြုံတွေ့လာနိုင်ဖွယ် ရှိကြောင်းအိမ်ခြံမြေလောကသားတို့ကပြောကြားသည်ဟုအိန္ဒိယအခြေစိုက် အိမ်ခြံမြေ၀က်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ယခုအခါတွင် အိမ်ခြံမြေဥပဒေပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း များနှင့် စပ်လျဉ်း၍ အိန္ဒိယအိမ်ခြံမြေ developer တို့မှာများစွာစိတ်ပျက်လျက် ရှိကြသည်။
“ဒီဥပဒေမှာဆောက်လုပ်ဆဲစီမံကိန်းနဲ့ အရင်စီမံကိန်းတွေ အကျုံးဝင်တာဟာ မသင့်လျော်ဘူး။ အစိုးရအနေနဲ့ အပြီးသတ်လုစီမံကိန်းတွေ၊ ၀ယ်လက်တွေဆီ ပိုင်ဆိုင်မှုလွှဲပြောင်းပေးပြီးဖြစ်တဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီးဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာနားလည်သင့်တယ်။ ဒီအခြေအနေရောက်မှ စည်းမျဉ်းစံချိန်နဲ့ ပတ်သက်ပြီးဘုတ်အဖွဲ့တွေဆီတင်ပြနေရမယ်၊ မှတ်ပုံတင်နေရမယ်ဆိုရင် ၀ယ်လက်တွေဆီချပေးရမယ့် သတ်မှတ်ထားတဲ့ကာလအပေါ် ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်”ဟု Developer CREDAI-Western U.P.မှ ဥက္ကဌဒီပက် ကပူးကပြောကြားသည်။
အိန္ဒိယ၏ အိမ်ခြံမြေဥပဒေသည် Developer တို့အတွက် စိတ်ပျက်ဖွယ်ဖြစ်သော်လည်း ၀ယ်လက်တို့အတွက်မူ သတင်းကောင်းတစ်ခု ဖြစ်လာသည်။
ယခုဥပဒေမထုတ်ပြန်မီကအိမ်ခြံမြေ၀ယ်လက်တို့သည် Developer တို့နှင့် တရားရင်ဆိုင်ကြရာတွင် ဥပဒေ၏ အကာအကွယ်များစွာမရရှိခဲ့ကြဟုဆိုသည်။
ယခုဥပဒေအရ အိန္ဒိယနိုင်ငံတစ်ဝန်းတွင် အိမ်ခြံမြေပဋိပက္ခများဖြေရှင်းပေးမည့် ခုံရုံးများ၊ အာဏာပိုင်အဖွဲ့များဖွဲ့စည်းရမည်ဖြစ်ပြီး ကြီးမားသည့် နေအိမ်ကြီးများ၊ ရုံးခန်းများဆောက်လုပ်သောစီမံကိန်းများအားလုံးအဆိုပါအဖွဲ့ထံမှတ်ပုံတင်ကြရမည်ဟုဆိုသည်။
အဆိုပါစီမံကိန်းများကိုရောင်းချရာတွင် ပါဝင်သည့် ပွဲစားများလည်းမှတ်ပုံတင်ကြရမည် ဖြစ်သည်။
ယင်းသို့ မှတ်ပုံတင်ရာတွင် ဆောက်လုပ် ဆဲစီမံကိန်းများသာမကအဆိုပါဥပဒေပြဌာန်းချိန်မှ ပြီးခဲ့သည့် ငါးနှစ်အတွင်းဆောက်လုပ်ခဲ့သည့် စီမံကိန်းများလည်းမှတ်ပုံတင်ကြရမည် ဖြစ်သည်။
“ဘယ်စီမံကိန်းမဆို ၅၀ ရာခိုင်နှုန်းရောင်းပြီးသားဆိုရင် ကျန်တဲ့ ၅၀ ရာခိုင်နှုန်းအပေါ် ဥပဒေသက်ရောက်စေမယ်၊ ဒါမှမဟုတ် စီမံကိန်းတစ်ခုလုံးအပေါ် သက်ရောက်စေမယ်ဆိုတာမျိုးမှာဘယ်အချက်မှ မသင့်လျော်ဘူး”ဟုDevika Groupမှ အန်ကစ် အဂ္ဂါဝါက ပြောကြားသည်။
အဆိုပါဥပဒေအရအနည်းဆုံးစတုရန်းမီတာ ၅၀၀ အကျယ်အ၀န်းရှိသည့် စီမံကိန်းများနှင့် ၈ ထပ်အဆောက်အဦများမှတ်ပုံတင်ကြရမည်ဟုဆိုသည်။
ယခင်ကအနည်းဆုံးသတ်မှတ်ခဲ့သည်မှာ ၁၀၀၀ စတုရန်းမီတာ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)