ဆော်ဒီအာရေးဘီးယားတွင် လူနေ အိမ်ခြံမြေရှားပါးမှု ပြဿနာကိုဖြေရှင်းနိုင်ရန် ရည်ရွယ်သောအားဖြင့် တောင်ကိုရီးယား Developer တို့သည် ကန်ဒေါ်လာ ၂၀ ဘီလီယံတန်ကြေးရှိ မြို့ သစ်ကြီးတစ်ခုတည်ဆောက်ရန်အတွက် ဆော်ဒီအာရေးဘီးယားအာဏာပိုင်တို့နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်းတောင်ကိုရီးယားအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းမြို့ သစ်ကြီးကိုဒါဟီရတ် အယ်လ်ဖာစမ်ဟုအမည်ပေးမည် ဖြစ်သည်။
လက်ရှိအားဖြင့် ကမ္ဘာ့ရေနံစိမ်းဈေးများကျဆင်းနေချိန်တွင် ဆော်ဒီအာရေးဘီးယားကအကောင်အထည်ဖော်လာခြင်းလည်း ဖြစ်သည်။
တောင်ကိုရီးယား Developer များဖြစ်သော ဒေ၀ူး Engineering & Construction ၊ ဟန်ဝှါ Engineering & Constructionတို့သည် ဆော်ဒီအခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုနှင့်လက်တွဲကာအဆိုပါစီမံကိန်းကိုအကောင်အထည်ဖော်မည် ဖြစ်သည်။
စီမံကိန်းတည်ရှိရာမှာဆော်ဒီအာရေးဘီးယား၏ မြို့ တော် ရီယာ့ဒ်အနီးတွင် ဖြစ်ပြီးအဆိုပါမြို့ သစ်တွင် နေအိမ်ပေါင်း တစ်သိန်းကျော်ကိုလာမည့်၁၀ နှစ်အတွင်းအပြီးဆောက်လုပ်သွားမည်ဖြစ်သည်။
ကမ္ဘာ့ရေနံဈေးများကျဆင်းနေချိန်မျိုးတွင် ဆော်ဒီအာရေးဘီးယားအနေဖြင့် ဤမျှကြီးမားလှသော စီမံကိန်းကြီး အတွက် ငွေအလုံအလောက် ထုတ်ပေးနိုင်စွမ်းရှိ၊ မရှိဟူသောအချက်နှင့်စပ်လျဉ်း၍ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက်ပိုင်းတောင်ကိုရီးယားDeveloper တို့၏ ရှယ်ယာဈေးနှုန်းများကျဆင်းသွားခဲ့သည်။
ဒေ၀ူးမှ ထုတ်ပြန်ရာတွင် ဆော်ဒီအာရေးဘီးယား အစိုးရအတွက် ဒေါ်လာဘီလီယံ ၂၀ ဆိုသည်မှာအမှုထားဖွယ်ရာမဟုတ်ကြောင်း၊ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်းကပင် ဆော်ဒီအစိုးရသည် လာမည့် ၇ နှစ်အတွင်းကန်ဒေါ်လာ ၄၀၀ ဘီလီယံသုံး၍ နေအိမ်သစ်ပေါင်း ၁ ဒသမ ၅ သန်းဆောက်လုပ်သွားမည်ဟုကြေညာထားပြီး ဖြစ်ကြောင်းထုတ်ပြန်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)