နေပြည်တော်အိမ်ခြံဈေးကွက်ဟာ လာမယ့် ငါးနှစ်အတွင်း အခုထက်ပိုပြီး အရောင်းအဝယ်ဖြစ်လာနိုင်တယ်လို့ နေပြည်တော် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်အချို့က သုံးသပ်ပြောကြားပါတယ်။
‘အစိုးရသစ်တက်လာပြီဆိုတော့ အခြေစိုက်လုပ်ငန်းလုပ်ကိုင်မယ့်သူတွေလဲ အများကြီးစိတ်ဝင်စားလာတယ် ၊ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်လာပြီဆိုရင် ဝန်ကြီးဌာနတွေနဲ့ သမ္မတ ၊ ဒေါ်စုတို့အခြေစိုက်နေထိုင်တဲ့ နေပြည်တော်ဟာလဲ မဖြစ်မနေ စိတ်ဝင်စားမှုခံလာရမှာပဲ’ လို့နေပြည်တော် ရွှေလက်ပံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးဝင်းဇော်ဦးက ပြောပါတယ်။
နေပြည်တော်တည်ဆောက်စဉ်က တောင်သူလယ်သမားတွေဆီက သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေဧက ၈၀,၀၀၀ ကျော်ကိုလည်း NLD အစိုးရအနေနဲ့ ပြန်လည်ပေးဆောင်ဖို့အတွင် စာရင်းများကောက်ယူနေပြီး စီစဉ်ဆောင်ရွက်မှုတွေပြုလုပ်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
နေပြည်တော်က သိန်းထောင်ချီတန်တဲ့မြေကွက်တွေ အစိုးရအကူးအပြောင်းကာလအတွင်းမှာ အောက်ဈေး ၃၀ ရာခိုင်နှုန်းလျော့ပြီး အရောင်းအဝယ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ပြန်လည်ရောင်းချတဲ့သူတွေဟာ ယခင်က ဝယ်ထားပြီးမနေဘဲ အိမ်ခြံမြေတက်ဈေးကို စောင့်ဆိုင်းနေခဲ့ကြတာဖြစ်တယ်။
သိန်းထောင်ချီတဲ့အကွက်တွေ ယခင်ကဆို အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခုအနေနဲ့ဆိုရင် နှစ်လမှတစ်ကွက်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ အစိုးရအကူးအပြောင်းကာလအတွင်းမှာ သိန်းထောင်ချီတဲ့မြေကွက်တွေ တစ်လအတွင်းမှာ သုံးကွက်ထက်မနည်း အရောင်းအဝယ်တွေဖြစ်သွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
‘ဦးတို့အကျိုးဆောင်အနေနဲ့ဆိုရင် သိန်းထောင်ချီတဲ့အကွက်တွေအရင်က တစ်လကို တစ်ကွက်ဖြစ်ဖို့ဆိုတာမလွယ်ဘူး ၊ ပြီးခဲ့တဲ့လတုန်းကဆိုရင် အကွက်ကြီးတွေ အရောင်းအဝယ်ဖြစ်တာ အကျိုးဆောင်တိုင်းလိုလိုပဲဖြစ်ကြပါတယ်’ လို့နေပြည်တော် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ အတွင်းရေးမှူးဦးကျော်စွာမြင့်က ပြောပါတယ်။
နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးနှုန်းမှာ တစ်ဟုတ်ထိုးဈေးနှုန်းမြင့်တက်လာခြင်းမရှိသလို တစ်ဟုတ်ထိုးကျဆင်းသွားခြင်းလည်း မရှိတာကြောင့် ပုံမှန်အနေအထားနဲ့ပဲ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
Credit: The Kumudra