အမေရိကန်ပြည်ထောင်စု၊ နယူးယောက်နှင့် ဆီယက်တယ်တို့တွင် အခြေစိုက်သော ကမ္ဘာလုံးဆိုင်ရာခရီးသွားအကြံပေးအဖွဲ့ ဗာတူဆိုသည် ၂၀၁၆ ခုနှစ်အတွင်းလည်ပတ်ရန် အကောင်းဆုံး ကမ္ဘာ့နိုင်ငံများစာရင်းကိုထုတ်ပြန်လိုက်ရာ မြန်မာနိုင်ငံမှာစတုတ္ထနေရာတွင် ရပ်တည်လျက်ရှိသည်။
ဗာတူအိုဆိုသည် ခရီးသွားမှုဆိုင်ရာအကြံပေးပုဂ္ဂိုလ်များ၊ ဟိုတယ်များ၊ လေကြောင်းလိုင်းများ၊ ခရီးသွား လုပ်ငန်းများဖြင့် မိတ်ဘက်အသွင် ပေါင်းစည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။
အဆိုပါအဖွဲ့မှ ထုတ်ပြန်သည့် စာရင်းတွင် ၂၀၁၆ ခုနှစ်အတွင်းလည်ပတ်ရန် အသစ်ပေါ်ပေါက်လာသည့် ထိပ်တန်း ၅ နေရာစာရင်းတွင် မြန်မာနိုင်ငံမှာစတုတ္ထနေ ရာတွင် ရပ်တည်လျက်ရှိသည်ကိုတွေ့ရသည်။
ယင်းစာရင်းတွင်ဖော်ပြထားသည့် ထိပ်တန်း ၅ နိုင်ငံမှာ (၁) ကျူးဘား (၂) အိုက်စလန် (၃) ခရိုအေးရှား (၄) မြန်မာ နှင့် (၅) တောင်ဝင်ရိုးစွန်းရှိ အန္တာတိကတိုက်တို့ ဖြစ်ကြသည်။
မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အဘယ်ကြောင့် ၂၀၁၆ ခုနှစ်အတွင်းလည်ပတ်ရန်အကောင်းဆုံးဖြစ်သည်ကိုမူဖော်ပြထားခြင်းမရှိချေ။
ရွှေရောင်ဝင်းသော ဘုရားများ၏ အချက်အခြာနိုင်ငံဖြစ်ကြောင်း၊ လှပစွာဆောက်လုပ်ထားသောဘုန်းတော်ကြီးကျောင်းများများစွာရှိကြောင်း ၊ တိုင်းရင်းသားလူမျိုးကွဲ များစွာရှိခြင်းကြောင့် နိုင်ငံအတွင်းခရီးသွားလည်ပတ်ခြင်းဖြင့် တိုင်းရင်းသားလူမျိုးစုံတို့နှင့် စပ်လျဉ်းသော ဗဟုသုတများစွာရရှိနိုင်မည်ဟုသာဖော်ပြထားသည်။
သို့ရာတွင် ကိုလိုနီခေတ်ကဆောက်လုပ်ခဲ့သော အဆောက်အအုံတစ်ခု အကြောင်းကိုမူ အထူးပြု ဖော်ပြထားသည်ကိုတွေ့ရသည်။ ယင်းအဆောက်အဦး မှာယခုအခါ ဟိုတယ်တစ်ခု ဖြစ်နေပြီဖြစ်ပြီးBelmond Governor's Residenceဟိုတယ်ဖြစ်သည်။
ရန်ကုန်မြို့ ၊ အမျိုးသားပြတိုက်နှင့် နိုင်ငံခြားရေး ၀န်ကြီးရုံးဟောင်းအနီးတွင် တည်ရှိသည်။
အဆိုပါအဆောက်အဦကို ၁၉၂၀ ပြည့်လွန်နှစ်များအတွင်း ၀ိတိုရိယဟန် ဗိသုကာဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။
အဆိုပါအဆောက်အဦးသည် ကိုလိုနီခေတ်က မြန်မာပြည်ဘုရင်ခံ၏ အိမ်တော်ဖြစ်သည်။
မြန်မာပြည်၏ ဘုရင်ခံများဖြစ်သောဆာဒေါ်မန်စမစ်နှင့် ဆာဟူးဘတ်ရန့်တို့သည် အဆိုပါ အဆောက်အအုံတွင် နေထိုင်သွားခဲ့ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)