ကမ္ဘာကျော် သရုပ်ဆောင်၊ အဆိုတော် ကေတီပယ်ရီကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဆန်တာဘာဘရာတွင် ၁၉၈၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်တွင် ဖွားမြင်သည်။
ကေတီပယ်ရီ၏ ဂီတအမျိုးအစားမှာပေါ့ပ်၊ ရော့ခ်နှင့် ဒစ္စကိုတို့ဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် Twitter လူမှုကွန်ယက်တွင် follower အများဆုံးဂင်းနက်စ်စံချိန်ဆု အပါအ၀င် ဂင်းနက်စံချိန် ၄ ခုရရှိခဲ့ပြီး၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီ၌ Twitterတွင် ပထမဆုံးfollowerသန်း ၈၀ ရရှိသူ ဖြစ်လာခဲ့သည်။
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်တွင် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)၏ ကောင်းကျိုးပြု သံတမန်တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
Billboard က ၂၀၁၂ ခုနှစ်တွင် ကေတီပယ်ရီကိုWoman of the Yearဆုပေးအပ်ခဲ့သည်။ ၂၀၁၀ မေလမှ ၂၀၁၁ စက်တင်ဘာလအထိ သီတင်းပတ်ပေါင်း ၆၉ ပတ်ဆက်တိုက် Billboard ၏ Hot 100တွင် ဆက်တိုက်ပါဝင်ခဲ့သည်။
၂၀၁၅ ဇွန်လတွင် ကေတီပယ်ရီ၏ ဂီတဗီဒီယိုDark Horseသည် Vevoတွင် ကြည့်ရှုသူသန်း ၁၀၀၀ အထိရောက်ရှိခဲ့ကာ ၀င်ရောက်ကြည့်ရှုသူ အဆိုပါကိန်းဂဏန်းရရှိသည့် ပထမဆုံး အမျိုးသမီးအနုပညာရှင်ဖြစ်လာသည်။
သူ၏ သီချင်းများဖြစ်သော Firework", "E.T.", "California Gurls", "Hot n Cold", "Roar", နှင့် "Dark Horse" တို့သည် ဒစ်ဂျစ်တယ် ကော်ပီအနေဖြင့် သီချင်းတစ်ပုဒ်လျှင် ကော်ပီ ၅ သန်းကျော်စီရောင်းချခဲ့ရပြီးဖြစ်သည်။
၂၀၁၃ နှစ်ကုန်တွင် ကေတီပယ်ရီ၏ ဂီတအယ်လ်ဘမ် ချပ်ရေ ၁၁ သန်းနှင့် ဆင်ဂယ်ဓာတ်ပြားပေါင်း ၈၁ သန်းကျော် ကမ္ဘာတစ်ဝန်းတွင် ရောင်းချခဲ့ရပြီး ဖြစ်သည်။
ယနေ့ကာလတွင် ဆယ်လီနှင့် နေအိမ်ဆိုသည်မှာလက်ချင်း တွဲလျက်ရှိသော ချစ်သူများကဲ့သို့ဖြစ်သည်။
သို့ရာတွင် အောင်မြင်ကျော်ကြားသူတို့သည် လက်ရှိနေအိမ်ကိုရောင်းချကာ အသစ်ဝယ်ယူသည် ဆိုခြင်းမှာထူးဆန်းလှသောအကြောင်းရပ်တစ်ခုမူ မဟုတ်ချေ။ကေတီပယ်ရီသည်လည်းအလားတူ ပင်ဖြစ်သည်။
ခင်ပွန်းဟောင်းရပ်ဆယ်ဘရန်းနှင့်အတူနေထိုင်ခဲ့သောနေအိမ်ကိုလင်မယားကွာရှင်းပြတ်စဲပြီးနောက်ပိုင်းရောင်းချလိုက်ကာအခြားနေအိမ်ကို ၂၀၁၃ မေလထဲတွင် ၀ယ်ယူခဲ့သည်။ အဆိုပါနေအိမ်သစ်ကို ကန်ဒေါ်လာ ၁၁ ဒသမ ၂ သန်းပေးကာ ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ခေတ်သစ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီးမူလပိုင်ဆိုင်သူမှာမာ့က်စ်နှင့် ရေဘက်ကာ ၀ိန်းဘာ့ခ်ျတို့ ဖြစ်ပြီး ၎င်းတို့ဝယ်ယူစဉ်က ကန်ဒေါ်လာ ၃ သန်းသာပေးခဲ့ရသည်။
ကေတီပယ်ရီကဲ့သို့ ကမ္ဘာကျော်သရုပ်ဆောင်တစ်ဦးအတွက် ကိုယ်ရေးကိုယ်တာလုံခြုံမှုရှိစေမှု များစွာလိုအပ်သည်။
ယခုဝယ်ယူနေထိုင်ခဲ့သော နေအိမ်မှာပါပါရာဇီသတင်းထောက်တို့ရန်မှ လွတ်ကင်းပြီးသူလည်း သဘောတွေ့သောနေ အိမ်ဖြစ်သည်။ ခင်ပွန်းဟောင်းဘရန်းနှင့် အတူနေစဉ် ကကေတီပယ်ရီ သည် စပိန်ဟန်နှင့် ရှေးရိုးဟန်နေအိမ် ၂ လုံးဝယ်ယူခဲ့ဖူးရာအဆိုပါနေအိမ်များနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ယခုနေအိမ်မှာပိုမိုခေတ်မီသည်ကိုတွေ့ရသည်။
နေအိမ်အကျယ်အ၀န်းမှာ ၂၉၁၆ စတုရန်းပေရှိပြီး ၁၉၅၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ကြမ်းပြင်မှ မျက်နှာကျက်အထိ ကြီးမားသည့် ပြတင်းများ ပါဝင်ရာ ပြတင်းတံခါးဖွင့်လိုက်လျှင် ပြင်ပစိမ်းလန်းသော ရှုခင်းကိုကျယ်ပြောစွာ ရှုမြင်နိုင်မည် ဖြစ်သည်။
နေ၀င်ရီတရောအချိန် မီးများဖွင့်လိုက်ပါကမီးအလင်းသည် မှန်များကို ရိုက်ခတ်ကာ ခြံဝန်းတွင်းရှိ စိမ်းစိုသာယာသောသစ်ပင်ပန်းမန်များထံအလင်းကျရောက်နေလေ့ရှိသည်။
ပြာလဲ့လဲ့ရေပြင်ရှိသောရေကူးကန်မှာတွေ့မြင်ရုံဖြင့်ပင် စိတ်အာရုံကိုအေးချမ်းလန်းဆန်းစေသည်။
အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်သည်။
ကေတီပယ်ရီသည် အဆိုပါနေအိမ်ကို ၀ယ်ယူပြီးနောက်ပိုင်း အဆင့်မြှင့်မွမ်းမံမှုများပြုလုပ်ခဲ့ရာနည်းပညာမြင့် မီးဖိုဆောင်သုံးပစ္စည်းများ ပြည့်စုံစွာထားရှိသည့်အပြင် ရေချိုးခန်းကိုလည်းနောက်ဆုံးပေါ်နည်းပညာများဖြင့် ပြုပြင်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)