ကမ္ဘာ့အိမ်ခြံမြေဈေးကွက် အေးစက်အားနည်းမှုအရှိဆုံးနိုင်ငံများတွင် ယူကရိန်း၊ ဂရိနိုင်ငံများနည်းတူစင်္ကာပူလည်း ပါဝင်လျက်ရှိသည်။ စင်္ကာပူတွင် အိမ်ခြံမြေဈေးနှုန်း များဆက်လက်ကျဆင်းလျက်ရှိပြီးယခင်နှစ် နောက်ဆုံးသုံးလပတ် ကာလအတွင်းအိမ်ခြံမြေဈေးနှုန်း ၃ ဒသမ ၆ ရာခိုင်နှုန်းအထိကျဆင်းခဲ့ကြောင်းကမ္ဘာလုံးဆိုင်ရာKnight Frank ၏အိမ်ခြံမြေဈေးနှုန်းစစ်တမ်း တစ်ရပ်တွင် ဖော်ပြသည်။
Knight Frank က စစ်တမ်းကောက်ယူခဲ့သော ကမ္ဘာ့နိုင်ငံပေါင်း ၅၅ နိုင်ငံတွင် စင်္ကာပူမှာနံပါတ် ၅၁ နေရာအထိကျဆင်းလျက်ရှိသည်။
အိမ်ခြံမြေဈေးကွက် အားအနည်းဆုံးနိုင်ငံများတွင် ယူကရိန်းနှင့် ဂရိတို့လည်း ပါဝင်လျက်ရှိသည်။
၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အကြားအိမ်ခြံမြေဈေးနှုန်းများမှာ ၆၂ ဒသမ ၂ ရာခိုင်နှုန်းအထိဈေးတက်ခဲ့သော် လည်းယင်းနောက်ပိုင်းတွင် ပြန်လည်ထိုးဆင်းသွားခဲ့သည်။
အိမ်ခြံမြေဈေးကွက်ကိုဆက်လက်ဖိအားပေးနေမည့်အချက်များရှိနေဦးမည်ဖြစ်သည်ဟုဈေးကွက်အကဲခတ်ပုဂ္ဂိုလ်တို့ကဆိုသည်။
ယင်းအကြောင်းရပ်များကားစီးပွားရေးတိုးတက်မှု နှေးကွေးခြင်းကြောင့် ၀ယ်လိုအားကျဆင်းခြင်းနှင့် အိမ်ခြံမြေဆောက်လုပ်ရာတွင် ပါဝင်ထည့်သွင်းရမည့် အရည်အသွေးဆိုင်ရာအချက်များ မြင့်မားလာခြင်းတို့ ဖြစ်သည်။ တစ်ကမ္ဘာလုံးအိမ်ခြံမြေဈေးကွက် အခြေအနေ ကိုကြည့်မည်ဆိုလျှင်မူ ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်း ပျှမ်းမျှအားဖြင့် ၃ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြသည်။
ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမှာ အန္တရာယ်ရှိသော အခြေအနေမျိုးဆက်ရှိနေပြီးကမ္ဘာ့ရေနံဈေးကျဆင်းမှု၊ ဒေါ်လာဈေးမာနေမှုနှင့် တရုတ်စီးပွားရေးကျဆင်းမှု ဆက်လက်ဖြစ်ပွားနေမှုတို့ကြောင့် ဖြစ်ကြောင်းKnight Frank ၏ နိုင်ငံတကာအိမ်ခြံမြေသုတေသန ဆိုင်ရာအကြီးအကဲကိတ်အိဗ်ရက်ထ် အယ်လင်က ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)