သြစတေးလျနိုင်ငံ၊ ဆစ်ဒနီ၏ အိမ်ခြံမြေဈေးနှုန်းများသည် ၂၀၁၅ ခုနှစ် နောက်ဆုံးသုံးလပတ် ကာလအတွင်း ၁ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေ၀က်ဘ်ဆိုက် domain.com ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါနောက်ဆုံးသုံးလပတ် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းမှုမှာ ၂၀၁၂ ခုနှစ် မတ်လနောက်ပိုင်း စံချိန်တင်ကျဆင်းမှုလည်း ဖြစ်သည်ဟု သြစတေးလျစာရင်းအင်းဗျူရို (ABS) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ABS ဈေးကွက်သုတေသီတို့က ပြောကြားရာတွင် သြစတေးလျအိမ်ခြံမြေဈေးကွက်၏ ကဏ္ဍအသီးသီးတွင် ကျဆင်းမှုများဖြစ်ခဲ့သော်လည်း အဓိကအားဖြင့် အိမ်ဈေးနှုန်း ကန်ဒေါ်လာ ၇၀၀၀၀၀ မှ ၁ ဒသမ ၄ သန်းအကြား ပေါက်ဈေးရှိသည့် ဈေးကွက်တွင် ဖြစ်ပေါ်
ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
၂၀၁၆ ခုနှစ်အတွင်းတွင်မူ အိမ်ခြံမြေဈေးနှုန်းများ အနည်းငယ်မြင့်တက်မှုဖြစ်လာနိုင်ပြီး ယခင်နှစ်ကကဲ့သို့ ပူဖောင်းပေါက်ကွဲမှုအခြေအနေမျိုး ပြန်လည်ရောက်
ရှိနိုင်ချေနည်းပါးကြောင်း သြစတေးလျ စီးပွားရေးပညာရှင် ဒေါက်တာ ရှိန်းအိုလီဗာကပြောကြားသည်။
အိမ်ခြံမြေဈေးကွက်အေးနေခြင်းကြောင့် အရံငွေကြေးဘဏ်မှ အတိုးနှုန်းလျှော့ချခြင်းမျိုးလည်း ဖြစ်လာနိုင်ကြောင်း ဒေါက်တာအိုလီဗာက သုံးသပ်သည်။
ယခင်နှစ် တတိယသုံးလပတ်အတွင်းတွင်မူ သြစတေးလျတစ်နိုင်ငံလုံးတွင် အိမ်ခြံမြေဈေးနှုန်းများ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဆစ်ဒနီမြို့ အိမ်ခြံမြေဈေးနှုန်းမှာ အဆိုပါကာလအတွင်း ၃ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု ABS မှ ထုတ်ပြန်သော အိမ်ခြံမြေဈေးနှုန်းညွှန်းကိန်းတွင် ဖော်ပြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)