စာရေးသူသည် ၂၀၀၀ ပြည့်နှစ်တွင် မှ ပြည်ပသို့ ထွက်ခွာဖူးပါသည်။ ဂျပန်၊ အမေရိကန်၊ ကနေဒါ၊စင်ကာပူ၊ ထိုင်း စသည့် နိုင်ငံများသို့ အခါအားလျော်စွာ ရောက်ခဲ့ပါသည်။ စာရေးသူသည် နိုင်ငံ ရပ်ခြားတွင် မြန်မာလူမျိုးများ၊ မည်သို့ နေထိုင်စားသောက်ကြသည်၊ မည်သို့ဘ၀ ရပ်တည်ကြသည်ကို စိတ်ဝင်စား၍ အမြဲ လေ့လာပါသည်။ ၁၉၆၂ ခုနှစ် စစ်အစိုးရ တက်ခဲ့ပြီး မြန်မာနိုင်ငံသည် အရှေ့တောင် အာရှထိပ်တန်းစာရင်းဝင် နိုင်ငံတစ်ခုမှ LDC နိုင်ငံဘ၀သို့ သက်ဆင်းခဲ့ရသည်။ မြန်မာနိုင်ငံသူ နိုင်ငံသားများသည် ပြည်ပ သို့ မျက်နှာငယ်စွာ ထွက်ခွာ၍ စီးပွားရှာ ကြရသည်။ မိဝေး၊ ဖဝေး၊သားတကွဲ၊ မယားတကွဲ မိသားစုတွေ ဝေးကွာခဲ့ရပါ သည်။
နိုင်ငံရပ်ခြား၌ မြန်မာတို့စားရေး၊ ၀တ်ရေး၊ နေထိုင်ရေးတို့၌ စားရေးနှင့် ၀တ်ရေးတို့တွင် အခက်အခဲများစွာ မရှိလှ သော်လည်း နေထိုင်ရေးတွင် အခက်အခဲ အနည်းနှင့်အများဆိုသလို ရင်ဆိုင်ကြရ ပါသည်။ ၂၀၀၀ ပြည့်နှစ်က ဂျပန်နိုင်ငံတွင် စုပေါင်းနေထိုင်ကြသော တိုက်ခန်းများ၌ ဖျာတစ်ချပ် (ကျောတစ်ခင်း) စာနေရာသည် ယမ်းသုံးသောင်းငါးထောင်၊ အမေရိကန် နိုင်ငံတွင် လူတစ်ဦးနေရန် ဒေါ်လာ သုံးရာငါးဆယ်၊ ကနေဒါနိုင်ငံတွင် ဒေါ်လာ သုံးရာ့ငါးဆယ်၊ စင်ကာပူနိုင်ငံတွင်လည်း ထိုဈေးနှုန်းလောက်ပင်ဖြစ်ပါသည်။ ယခု အခါ ပျမ်းမျှခြင်းအားဖြင့် ပြည်ပ၌ လူတစ် ဦးနေထိုင်ရန် ဒေါ်လာလေးရာ့ငါးဆယ်ခန့် ရှိပါသည်။
၂၀၀၀ ပြည့်နှစ်ဂျပန်၊အမေရိကန်၊ ကနေဒါစာရေးသူရောက်သည့် နေရာတိုင်း ၌ မြန်မာလူမျိုးမိတ်ဆွေများသည် အိမ်ငှား နေထိုင်ရသော ဒုက်္ခကို မြင်တွေ့ခဲ့ရပါ သည်။ အိမ်ငှားများသည် မကြာခဏ ပြောင်းရွှေ့ကြရပါသည်။ အိမ်ပွဲစားများက ပွဲခလိုချင်၍ အိမ်ရှင်က ဈေးတက်၍ တစ်နေရာ၌ နှစ်နှစ်သုံးနှစ်ခန့်သာနေရပြီး ပြောင်းရွှေ့ကြရပါသည်။ နိုင်ငံရပ်ခြား၌ အိမ်ပြောင်းရွှေ့ရသော ဒုက္ခသည် မသေး လှပါ။ ပြောင်းရွှေ့ရသော နေရာသို့ ပစ္စည်း များ သယ်မသွားနိုင်ပါ။ သယ်ယူစရိတ်ကြီး ပါသည်။ အများအားဖြင့် ပစ္စည်းများကို စွန့်ပစ်ခဲ့ရပါသည်။ အိမ်ခန်းသစ်အတွက် လိုအပ်သော အသုံးအဆောင်အသစ်များ ထပ်ဝယ်ရပါသည်။ မကြာခဏ အိမ်ပြောင်း ရွှေ့ရသော ဒုက္ခ၊ အိမ်ခန်းအသစ်ရှာဖွေ ရသော ဒုက်္ခ၊ နေရာသစ်တွင် နေသားမကျမှု စသည့် ဒုက္ခများစွာ ကြုံတွေ့ရပါသည်။
သို့ဖြစ်၍ စာရေးသူသည် နိုင်ငံခြား ရောက် မြန်မာ မိတ်ဆွေများကို အိမ်ဝယ် နိုင်သော ငွေကြေး၊ ၀ယ်နိုင်သော အဆင့် အတန်းရှိပါက အိမ်ဝယ်ရန် တိုက်တွန်းပါ သည်။ အဓိကအကြောင်းနှစ်ချက်ရှိပါသည်။ ပထမအချက်မှာ အိမ်ငှားဘ၀ဖြင့် မကြာ ခဏ ပြောင်းရွှေ့ရသော ဒုက္ခများမှ ကင်း ဝေးရန် ဖြစ်ပါသည်။ ဒုတိယအချက်မှာ အိမ်ငှားရမ်းခပေးသော ငွေသည် မိမိပြန်၍ မရပါ။ အိမ်ငှားရမ်းခပေးရသည့် ငွေနှင့် စာလျှင် အိမ်ဝယ်ယူလိုက်သဖြင့် ပေးသွင်း ရသော ဘဏ်ကြွေးဆပ်ငွေများသည် မိမိ ၏ စုဆောင်းဝင်ငွေများဖြစ် လာနိုင်ပါသည်။ စာရေးသူ၏ မိသားစုဝင်သည် ၂၀၀၇ ခုနှစ်က အမေရိကန်နိုင်ငံ နယူးရောက်၌ အိမ်တစ်လုံးကို ရှစ်သိန်း နှစ်သောင်းဖြင့် ၀ယ်ယူခဲ့ပါသည်။
ချေးငွေ ကိုးဆယ်ရာခိုင် နှုန်းရရှိပြီး လက်ငင်းပေးချေငွေတစ်ဆယ် ရာခိုင်နှုန်းဒေါ်လာရှစ်သောင်းကျော်ပေးဝယ်ခဲ့ ပါသည်။ လစဉ်ဘဏ်ကြွေးတိုးရင်း လေး ထောင်ကျော်ခန့် ပေးသွင်းခဲ့ရပါသည်။ ယခုအခါ ဘဏ်သို့ ခြောက်သိန်းကျော်ပေးသွင်း ခဲ့ပြီးဖြစ်ပါသည်။ ယခုအဆိုပါအိမ်ကို ရောင်းမည်ဆို ပါက ဒေါ်လာရှစ်သိန်းခြောက် သောင်းခန့် ရနိုင်ပါသည်။ ရောင်းခဲ့ပါက ဘဏ်ကြွေးကို နှုတ်ပြီး၊ စာရေးသူပေးသွင်း ငွေခြောက်သိန်းနှင့် အမြတ်ငွေလေးသောင်း ခန့်ရမည် ဖြစ်ပါသည်။ တင်ပြလိုသည်မှာ အိမ်ငှားဘ၀ဖြင့် ပေးရမည့် အိမ်ငှားရမ်းငွေခ များသည် အိမ်ဝယ်သောအခါ ဘဏ်ချေးငွေ ပေးသွင်း၍ အချို့အ၀က် မိမိ၏ စုဆောင်း ငွေဖြစ်လာပါသည်။ သို့ဖြစ်၍ စာရေးသူသည် နိုင်ငံရပ်ခြားရောက်သည့်အခါ နေရာတိုင်း၌ မြန်မာများကို အိမ်ဝယ်နိုင်ပါက အိမ်ဝယ် ရန်၊ အိမ်ငှားမနေရန် အကြံပြုမိပါသည်။ အိမ်တစ်လုံးဝယ်ယူခြင်း၏ ပေးရသော အခွန်အခများ၊ ပစ်္စည်းခွန်များ၊ ဘဏ်အတိုး များတော့ရှိပါသည်။
အိမ်ဝယ်ရာတွင် မိမိဝယ်ယူသော အိမ်သည် မိမိ မိသားစုနေထိုင်ရန်နှင့် အခန်းများ ဖွဲ့၍ ပြန်ငှားစားနိုင်သော အိမ်မျိုးကို စဉ်းစားသင့်ပါသည်။
၂၀၀၀ ပြည့်နှစ်က စာရေးသူ အမေ ရိကန် နယူးယောက် ရောက်ခဲ့စဉ်က Elhmust, Sunnysite ရပ်ကွပ်များတွင် (၃) ထပ် အိမ်တစ်လုံးသည် ဒေါ်လာ ငါးသိန်း ခန့် ဈေးပေါက်ပါသည်။ ဘဏ်ချေးငွေ ၉၀ ရာခိုင်နှုန်းထိ ရနိုင်ပါသည်။ ၁၀ ရာခိုင်နှုန်းကိုသာ လက်ငင်းငွေချေရပါ သည်။ သို့ဖြစ်၍ ဒေါ်လာ ငါးသောင်းငွေရှိ ပါက (၃)ထပ်အိမ်ဝယ်နိုင်ပါသည်။ ထိုစဉ် က မြန်မာထဲမှ (၃)ထပ်အိမ်ဝယ်၍ တစ် ထပ်လျှင် အခန်း (၄)ခန်းဖွဲ့ကာ မြန်မာများ ကိုတစ်ခန်း ဒေါ်လာသုံးရာခန့်ဖြင့် ပြန် လည်အငှားချထားပါသည်။ ရရှိသော အခန်းလခများက မိမိ၏ အိမ်ချေးငွေ အကြွေးဆပ်ရာ၌ များစွာအထောက်အကူ ဖြစ်စေပါသည်။ အိမ်ဝယ်ရာ၌ မိမိနေထိုင် မှု သက်သက်သာသာ မဟုတ်ဘဲ ပြန်လည် ၍ အခန်းဖွဲ့ငှားစားနိုင်သော အိမ်မျိုး၊ နေရာမျိုးကို စဉ်းစားသင့်ပါသည်။
မိမိနေထိုင်ရန် သက်သက်ဝယ်ယူခဲ့ သော မြန်မာများသည် အမေရိကန် စီးပွား ရေးကျဆင်းမှု ကြုံတွေ့၍ အိမ်ခြံမြေဈေး ကွက်ပျက်သော ကာလက အိမ်၏ ကာလ တန်ဖိုးများ ကျဆင်းပါသည်။ ဘဏ်ကြွေး မသွင်းနိုင်၍ အိမ်ကို ဘဏ်သို့ ထိုးအပ်ခဲ့ရ သော မြန်မာများလည်းရှိခဲ့ပါသည်။ ထို အချိန်က အခန်းဖွဲ့၍အိမ်ငှားတင်ထား သော အိမ်များက တောင့်ခံနိုင်ကြသော် လည်း မိမိနေထိုင်ရန် သက်သက်ဝယ်ယူ သော သူများထဲမှ အချို့သည် ဘဏ်သို့ အိမ်ထိုးအပ်ခဲ့ကြရပါသည်။ ယခုအခါ အမေရိကန်အစိုးရက စီးပွားရေး ကျဆင်းမှုကို နည်းလမ်းပေါင်းစုံဖြင့် ကျားကန်ပေးသဖြင့် အိမ်ခြံမြေဈေးကွက်မှာလည်း တည်ငြိမ်၍ ပြန်လည်ဦးမော့လာပါသည်။
အချုပ်အားဖြင့် နိုင်ငံရပ်ခြားရောက် မြန်မာများကို တိုက်တွန်းလိုသည်မှာ အိမ် ၀ယ်နိုင်လျှင် အိမ်ဝယ်နေကြပါ။ အိမ်ငှား ဘ၀ဖြင့် မနေကြရန်နှင့် အိမ်ဝယ်မည်ဆို ပါက မိမိနေထိုင်မှု သက်သက်မဟုတ်ဘဲ အခန်းကန့်၍ ပြန်လည်ငှားစားနိုင်သော အိမ်မျိုးသည် အရေးကြုံလာပါက ခုသာ ခံသာရှိမည်ဖြစ်ပါကြောင်း အကြံပြု တင် ပြပါသည်။ ၊
(သာမန်သူလိုငါလို ဘ၀ထူထောင်နေ ကြသော ပင်လယ်ရပ်ခြားမြန်မာများကို ရည်ရွယ်ပါသည်။)
ဦးမောင်မောင်ဝင်း (တရားလွှတ်တော်ရှေ့နေ) မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com