နိုင်ငံတကာပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းလိုက်ပြီးနောက်ပိုင်းကမ္ဘာတစ်လွှားအိမ်ခြံမြေဈေးကွက်တွင် အီရန်နိုင်ငံသားများ၊ ကုမ္ပဏီများ၊ အစိုးရကျောထောက်နောက်ခံပြု ၀ယ်လက်များက ကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံဖိုးခန့် ၀ယ်ယူလာဖွယ်ရှိကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေ၀က်ဘ်ဆိုက် CNBC တွင် ဖော်ပြသည်။
ချမ်းသာကြွယ်ဝသော အီရန်နိုင်ငံသားများသည် လန်ဒန်၊ ဒူဘိုင်း၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ ပြင်သစ်ပြည်တောင်ပိုင်းနေရာများတွင် နေအိမ်များ ၀ယ်ယူလာဖွယ်ရှိနေကြောင်း လန်ဒန်အခြေစိုက် အိမ်ခြံမြေအေဂျင်စီ Rokstone ကလည်းခန့်မှန်းသည်။
အဆိုပါအေဂျင်စီ၏ အီရန်ဖွား MD တစ်ဦးဖြစ်သူဘက်ကီဖာတီမီကအီရန်နိုင်ငံသားတို့သည် အဓိကအားဖြင့် လန်ဒန်တွင် အိမ်ခြံမြေများ ၀ယ်ယူလာကြလိမ့်မည်ဟုခန့်မှန်းထားသည်။
ချမ်းသာကြွယ်ဝသော အီရန်နိုင်ငံသားတို့သည် အိမ်ခြံမြေ၊ ကျောက်မျက်ရတနာ၊ ရွှေ အစရှိသည်တို့ ၀ယ်ယူစုဆောင်းကြလေ့ ရှိကြောင်းလည်းဖာတီမီကပြောကြားသည်။
“၁၉၄၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အကြားရှားဘုရင်လက်ထက်မှာအီရန်နဲ့ ဗြိတိန်အကြားစီးပွားရေးဆက်နွှယ်မှုတွေ အများကြီးရှိခဲ့တယ်။ လန်ဒန်မှာဆိုရင် အီရန်အီလစ်တွေပိုင်တဲ့ ဇိမ်ခံအဆောက်အဦတွေရှိခဲ့တယ်။ အီရန်နဲ့ ကပ်နေတဲ့ ဒူဘိုင်းဟာလည်း အီရန်ဝယ်လက်တွေ အိမ်ဝယ်ဖို့ ရေပန်းစားပေမယ့် လန်ဒန်ရဲ့  ပညာရေးစနစ်နဲ့တော့ မယှဉ်နိုင်ဘူး။ နွေမှာဆိုလန်ဒန်မှာကအေးမြတဲ့ ရာသီဥတုလည်းရှိတယ်။”ဟုဖာတီမီကပြောကြားသည်။
အီရန်သည် အဏုမြူလက်နက်ထုတ်လုပ်မှုမှ ကန့်သတ်ခြင်းဆိုင်ရာစည်းမျဉ်းများကိုလိုက်နာကြောင်း နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တစ်ခုကထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ဇန်န၀ါရီလအတွင်းတွင် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းပေးလိုက်ကြခြင်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)