လန်ဒန်မြို့ အရှေ့ ပိုင်း၊ ကမ်းနင်းတောင်း ခရိုင်၊ သိမ်းမြစ်နှင့် လီမြစ်တို့ တွေ့ဆုံသည့်နေရာရှိ စက်ရုံထွက်ပစ္စည်းများ စွန့်ပစ်သည့် နေရာ လီမောက်သ် အရပ်တွင် လူနေအိမ်သစ်များ ရာနှင့်ချီ၍ ဆောက်လုပ်မည်ဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် ဥပဒေလမ်းညွှန်ဝက်ဘ်ဆိုက် outlaw.com တွင် ဖော်ပြသည်။
လန်ဒန်မြို့ တွင် ဆောက်လုပ်ခဲ့ဖူးသည့် အိမ်ယာ စီမံကိန်းများအနက် အကြီးမားဆုံး စီမံကိန်းဖြစ်လာစေရန် ရည်မှန်းထားပြီး မြေနေရာ အကျယ်အ၀န်းမှာ ဘောလုံးကွင်း ၆ ကွင်းစာမျှ ကျယ်ပြန့်သည်။
လန်ဒန်မြို့ တော်အာဏာပိုင်အဖွဲ့က ယင်းအိမ်ယာ စီမံကိန်းဆောက်လုပ်မည့် developer ဘာလီမိုးအား အိမ်ရာဆောက်လုပ်ရာတွင် မြေအောက်ရထား၊ ဘူတာရုံတို့နှင့် ဆက်သွယ်ရေးကောင်းမွန်စေရန် ညွှန်ကြားထားသည်။
Developer တို့က ယခုစီမံကိန်းကို မန်ဟက်တန်အသေးစား (mini-manhattan ) ဟု ခေါ်ဝေါ်လျက်ရှိကြသည်။
ယင်းနေရာရှိ အသုံးမပြုတော့သော ဂိုဒေါင်ဟောင်း များကို ဖြိုဖျက်သွားမည်ဖြစ်ကာ လူနေအိမ်ခန်းစုစုပေါင်း ၈၃၄ ခန်း ပါဝင်မည်ဖြစ်ပြီး လုံးချင်းအိမ်များ၊ ဈေးဆိုင်များ၊ ရုံးများ၊ အထပ် ၃၀ မြင့် အဆောက်အဦများ ဆောက်လုပ်သွားမည် ဖြစ်သည်။
အားကစားကွင်း၊ စာသင်ကျောင်းနှင့် ပြည်သူ့ရင်ပြင်တို့လည်း ပါဝင်မည်ဟု ဆိုသည်။ ဆောက်လုပ်မည့် လူနေခန်းများ ကို အိပ်ခန်း ၁ ခန်းမှ ၄ ခန်းအထိ ပါဝင်သောအခန်းများအဖြစ် ဆောက် လုပ်သွားမည်ဖြစ်ပြီး အများဆုံးဆောက်လုပ်မည်မှာ အိပ်ခန်း ၂ ခန်းပါ အခန်းများဖြစ်သည်။
ဗိသုကာပညာရှင်များဖြစ်ကြသော အယ်လိုင်းနှင့် မောရစ်ဆင် တို့က ပြောကြားရာတွင် လီမောက်သည် ယနေ့တွင် လူမနေသည့် ဖုန်းဆိုးကျွန်းမြေဖြစ်နေသော်လည်း မကြာမီအံ့အားသင့်ဖွယ် ပြောင်းလဲသွားတော့မည်ဖြစ်ကြောင်း ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)