ရန်ကုန်မြို့ပြနယ်နိမိတ်အတွင်း အိမ်ခြံမြေတိုက်ခန်း ၀ယ်ယူရောင်းချမှုအခြေအနေ အေးနေသည်ဆိုသော်လည်း အငှါးဈေးများမှာ ကျဆင်းမသွားဘဲ သင်္ကြန်အပြီးနှင့်
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် အငှါးဈေးကွက် ပိုမိုသွက်လက်လာဖွယ်ရှိကြောင်း အိမ်ခြံမြေအရေး စောင့်ကြည့်လေ့လာသူတို့က မှတ်ချက်ချကြသည်။
"ကုန်ဈေးနှုန်းတွေ အစစအရာရာကြီးနေတာကတစ်ကြောင်း၊ အိမ်ခြံမြေဈေးတွေက ခေါင်ခိုက်နေတာတစ်ကြောင်းကြောင့်
ဈေးကွက်ထဲမှာ ၀ယ်လိုအားနည်းသွားပြီး ရောင်းလိုအားမြင့်တက်နေပေမဲ့ ဈေးတွေသိသိသာသာကျသွားတယ်လို့ မရှိဘူး။ ၀ယ်လက်နည်းလို့
အရောင်းပါးတာကြောင့် တချို့ ကြိုပွိုင့်အခန်းတွေ အရစ်ကျဈေးနဲ့ရောင်းတာ၊ promotion လုပ်တာမျိုးကလွဲရင်
ဈေးချရောင်းတယ်ဆိုတာမျိုးတော့ မတွေ့ရဘူး။
အငှါးလိုင်းကတော့ ပုံမှန်လောက်ပဲ လည်ပတ်နေတယ်။ ငှါးမနေလို့မဖြစ်တဲ့ မိသားစုတွေကျတော့လည်း ငှါးကိုငှါးရတော့မှာဆိုတော့ အငှါးဈေးကွက်က
ရှိနေတာပဲပေါ့။ အခုတစ်လော အငှါးနည်းနည်းအေးတယ်ဆိုတာက တပေါင်း-တန်ခူး အိမ်အပြောင်းအရွှေ့မလုပ်ကောင်းဘူးဆိုတဲ့ အစွဲကြောင့်ရယ်၊
အထိုင်ကျနေတဲ့ ကာလ ဖြစ်တာကြောင့်ရယ်ပါ။ သင်္ကြန်ပြီးသွားတဲ့အချိန် ဧပြီလကုန်ပိုင်းလောက်ကျ အငှါးဈေးကွက် ပြန်လှုပ်လာမှာပါ။ နောက်
ကလေးတွေ ကျောင်းဖွင့်ရာသီကျရင်လည်း အငှါးပြန်သွက်လာမှာ သေချာပါတယ်" ဟု အိမ်ခြံမြေအရပ်ပွဲစားတစ်ဦးဖြစ်သူ ကိုဝင်းနိုင်စိုးက
ပြောသည်။
ရန်ကုန်အိမ်ခြံမြေတိုက်ခန်းဈေးကွက်ပေါက်ဈေးအရ သာမန် အလယ်အလတ်စား ၀န်ထမ်းများအနေဖြင့်ပင်လျှင် အိုးပိုင်အိမ်ပိုင် ပိုင်ဆိုင်နိုင်ရေးမှာ မလွယ်ကူလှခြင်းကြောင့် ငှါးရမ်းနေထိုင်မှုပြုနေရသည့် အိမ်ထောင်စုများမှာ လက်ညှိုးထိုးမလွဲ ဖြစ်နေရသည်။
"ကျွန်တော်တို့လင်မယားနှစ်ယောက်ရဲ့ စုစုပေါင်းဝင်ငွေက တစ်လကို ၈ သိန်း ပျော့ပျော့လောက် ရှိတယ်။ အိမ်ထောင်ကျတာ သုံးနှစ်ရှိပါပြီ။
အိမ်ငှါးနေရတုန်းပါပဲ။ ကလေးရလာရင်သုံးဖို့ကိုလည်း သတ်သတ်ဖယ်ထားရသေးတယ်။ ကျွန်တော်တို့နှစ်ယောက်ပေါင်းဝင်ငွေ
လုံးဝမသုံးဘဲ စုရင်တောင် သုံးနှစ်လောက်စုမှ တိုက်ခန်းကျဉ်းတစ်ခန်းလောက် ရမှာ။ ခု ရတဲ့ထဲက စားတာရော၊ အ၀တ်အစားရော၊ တခြားအသုံးအဆောင်တွေ၊
လူမှုရေးကိစ္စတွေအတွက်ပါ သုံးရတာဆိုတော့ ရတာနဲ့ သုံးတာ အပိုအလျှံနည်းနည်းပဲရှိတယ်။ အဲဒါကို ကလေးရလာရင်သုံးဖို့ မဖြစ်မနေ
ကုတ်ကတ်စုရတာ။ ဒီပုံစံနဲ့တော့ အိမ်ပိုင်ဝယ်နိုင်မယ်မထင်ဘူး" ဟု နည်းပညာကုမ္ပဏီတစ်ခုမှ အငယ်တန်းမန်နေဂျာ ကိုကျော်စွာမိုးက
ပြောသည်။
အနယ်နယ်အရပ်ရပ်မှ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေလိုသူ လူငယ်လူရွယ်တို့ ရန်ကုန်မြို့ကိုဦးတည်ချက်ထားကာ ပြောင်းရွှေ့ဝင်ရောက်လာနေခြင်းကလည်း
ရန်ကုန်အိမ်ခြံမြေအငှါးဈေးကွက် ပိုမိုကျယ်ပြန့်လာစေသည့်အကြောင်းတစ်ရပ် ဖြစ်နေသည်။ ရန်ကုန်၊ မန္တလေး အစရှိသော မြို့ကြီးများတွင် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရှိနေသဖြင့် ဘ၀ရပ်တည်ရေးအတွက် အလုပ်လုပ်ကိုင်ရန် ပြောင်းရွှေ့လာကြသော မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြားမှ လူငယ်လူရွယ်အများစုသည် မြို့ကြီးများတွင် မနည်းလှသောအရေအတွက် ရှိနေသည်။
"အဝေးသင်နဲ့ ကျောင်းပြီးကတည်းက ရန်ကုန်တက်လာခဲ့တာ။ ကျွန်တော်တို့မြို့မှာက လုပ်စရာအလုပ် ရှားတယ်လေ။ ပွဲရုံမှာဝင်လုပ်ရုံ၊ ဆိုင်ခပ်သေးသေးဖွင့်ရုံလောက်နဲ့လည်း ဘ၀တိုးတက်ဖို့လမ်းကြောင်းက မမြင်ဘူး။ ရန်ကုန်မှာကျတော့ အလုပ်မရွေးဘူးဆိုရင်
တစ်လတစ်သိန်းလောက်ကတော့ ရတယ်။ အလုပ်အတွေ့အကြုံလည်းရှိသွားမယ်၊ အဆက်အသွယ်ကောင်းလည်းရမယ်ဆိုရင် ဒီ့ထက်ပိုဝင်ငွေကောင်းတဲ့အလုပ်တွေ ချိန်းလို့ရတာပေါ့။
သင်တန်းတက်မယ်ဆိုရင်လည်း ရန်ကုန်မှာ သင်တန်းတွေက ပေါတယ်။ ကိုယ်သင်ချင်တဲ့ပညာရပ် သင်ပေးနိုင်တဲ့ သင်တန်းမျိုး ရွေးချယ်နိုင်ဖို့ပဲ
လိုတယ်လေ။ ဒါကြောင့် ရန်ကုန်မှာပဲ ပေကတ်နေရတာ။ လူပျိုလူလွတ် လူငယ်လည်းဖြစ်တော့ လှိုင်သာယာက အမျိုးတစ်ယောက်အိမ်မှာ နေတယ်။
အလုပ်က မြို့ထဲမှာဆိုတော့ မနက်မိုးမလင်းခင် ထ၊ မိုးလေးလင်းတာနဲ့ ဘတ်စ်ကားပေါ်ရောက်၊ ကားပေါ်မှာ ပြန်ငိုက်သွားရတာပေါ့။ မြို့ထဲရောက်မှ
လက်ဖက်ရည်ဆိုင်မှာ မနက်စာစားရတယ်။ ညကျတော့လည်း ၉ နာရီလောက်မှ အိမ်ပြန်ရောက်တယ်။ အိမ်လခရယ်လို့မပေးရပေမဲ့ လမ်းစရိတ်၊ စားစရိတ်၊
အ၀တ်အစားစရိတ်နဲ့ တခြား အသုံးစရိတ်တွေရှိနေတော့ အဲဒါကို ချိန်နေရတယ်။ သင်္ကြန်ဘောနပ်စ်လေးလည်းရမယ်၊ သင်္ကြအပြီး လစာလေးလည်းတိုးမယ်ဆိုရင်တော့ မြို့ထဲမှာ သူငယ်ချင်းတွေနဲ့စပ်ပြီးတော့ပဲ အိမ်ငှါးနေမလား၊ အဆောင်ပဲနေမလား စဉ်းစားရမယ်။ အချိန်နည်းနည်းပိုထွက်လာမှ ရာထူးတိုးဖို့
သင်တန်းတွေတက်နိုင်မှာလေ" ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့မှ ရန်ကုန်သို့ လာရောက်အလုပ်လုပ်နေသူ
အရောင်းဝန်ထမ်းငယ် ကိုကျော်လင်းထွန်းက ပြောသည်။
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း နေထိုင်မှုဓလေ့ထုံးစံအရ အိမ်ထောင်ခွဲသားသမီးများသည် မိဘများနှင့်အတူမနေဘဲ သီးခြား
အိမ်ခွဲနေထိုင်မှုကလည်း အိမ်ငှါးယဉ်ကျေးမှုမြင့်တက်လာစေသည့်အကြောင်းတစ်ရပ် ဖြစ်နေသည်။ ခြံကျယ်ဝင်းကျယ်ပိုင်ဆိုင်ထားသော မိဘများအနေဖြင့် သားသမီးတစ်ဦးဦး အိမ်ထောင်ကျသွားသည့်အခါ မိသားစုပိုင်ခြံဝင်းထဲတွင် အိမ်တစ်ဆောင် ထပ်မံတိုးချဲ့ဆောက်လုပ်နေထိုင်စေခြင်းမျိုး စီမံပေးနိုင်သော်လည်း ခြံကျယ်ဝင်းကျယ်ဖြင့်မဟုတ်ဘဲ မိသားစုနေထိုင်နိုင်ရုံရှိသည့် အိမ်မျိုးတွင်သာ နေထိုင်ရသည့် မိဘများအနေဖြင့်မူ အိမ်ထောင်ပြုမည့်သားသမီးအား
အိမ်ခွဲနေရန် တိုက်တွန်းရုံမှတစ်ပါး အခြားမရှိခြင်း၊ အိမ်ထောင်ပြုမည့် သားသမီးအနေဖြင့်လည်း အိမ်ဝယ်ယူနိုင်သည့်အတိုင်းအတာအထိ
စုဆောင်းထားသည့်ငွေပိုငွေလျှံမရှိပါက အိမ်ငှါးအဖြစ်နေရန်မှအပ ရွေးချယ်စရာမရှိခြင်းတို့သည် ရန်ကုန်အိမ်ငှါးဈေးကွက်
ကျယ်ပြန့်လာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်လာသည်။
"ကျွန်တော့်မိဘတွေက နယ်ဇာတိတွေပါ။ ရန်ကုန်တက် အလုပ်လုပ်ကြရင်း အကြောင်းပါကြတာ။ ကျွန်တော့်ကိုမွေးတုန်းက သူတို့လည်း
အိမ်ငှါးနေကြတာပဲ။ ကျွန်တော်နဲ့တစ်ယောက်ခြား ညီမကို မွေးတဲ့နှစ်မှာပဲ အခုနေတဲ့အိမ်ကို ၀ယ်လိုက်နိုင်တာ။ ကျွန်တော်တို့မောင်နှမ
ငါးယောက်စလုံး အဲဒီတိုက်ခန်းကျဉ်းလေးမှာနေပြီး ဘွဲ့ အသီးသီးရ၊ အလုပ်တွေရကြတာ။ ကျွန်တော် အိမ်ထောင်ကျတော့
လူပျိုတုန်းကတောင် အခန်းနှစ်ခန်းမှာ အဖေနဲ့အမေက တစ်ခန်း၊ ညီမတွေကတစ်ခန်း နေကြပြီး ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်က
ဧည့်ခန်ထဲ ဖျာခင်းအိပ်ရတာ။ ဘယ်လိုမှမနေလောက်ဘူး။ အမျိုးသမီးမိသားစုကလည်း ကျွန်တော်တို့နဲ့ ထူးမခြားနားပဲ။ ဒါကြောင့်
လက်ထပ်ပြီး အိမ်ငှါးနေလိုက်တာ။ ရယ်စရာပဲ ပြောရမလား၊ ရင်နာစရာပဲ ပြောရမလားတော့ မသိဘူး။ နယ်ဇာတိ မိဘတွေက ရန်ကုန်မှာ
အိမ်ပိုင်ရာပိုင်ရှိပြီး ရန်ကုန်မှာမွေးတဲ့ ရန်ကုန်သားစစ်စစ် ကျွန်တော်တို့လက်ထက်ကျမှ အိမ်ငှါးဖြစ်သွားတယ်" ဟု ကိုကျော်စွာမိုးက ဖြည့်စွက်ပြောသည်။
ယခုလောလောဆယ် ရန်ကုန်အိမ်ခြံမြေဈေးကွက်အနေအထားအရ တိုက်ခန်းတစ်ခန်းဝယ်ယူလိုသူအနေဖြင့် လက်ထဲတွင် ကျပ် သိန်း ၃၀၀
အနည်းဆုံးရှိနေမှ ၀ယ်ယူနိုင်မည်ဖြစ်သည့်အပြင် ထိုတိုက်ခန်းမျိုးသည် သွားလာရေးအကွက်အကွင်းမကျသည့်နေရာများတွင်သာ ရှိနေသည်။
သွားလာရေးအကွက်အကွင်းကောင်းပြီး စံချိန်စံနှုန်း အလယ်အလတ်တွင်ရှိသည့်တိုက်ခန်းများမှာမူ ကျပ် သိန်း ၆၀၀-၇၀၀ ခန့်
ရှိနေသည်ဖြစ်ရာ ၀င်ငွေနည်းဝန်ထမ်းမျးမဆိုထားနှင့် ၀င်ငွေအတန်အသင့်များသော အရာရှိငယ်အဆင့်ဝန်ထမ်းများပင်လျှင်
ရန်ကုန်နယ်နိမိတ်အတွင်း အိမ်ပိုင်ရရှိနိုင်ရေးမှာ မလွယ်ကူလှသည့်အခြေအနေဖြစ်နေသည်။
"ကျွန်တော့်အနာဂတ်ရည်မှန်းချက်ကတော့ ရန်ကုန်မှာ အိမ်ပိုင်လေးတစ်လုံးလောက် ရဖို့ပါပဲ။ ခု ကျွန်တော့်အသက်က ၂၃ နှ
စ်ဆိုတော့ နောက်ထပ်ကြိုးစားဖို့အချိန်တွေအများကြီးရှိပါသေးတယ်။ ၁၀ နှစ် ကြာမလား၊ ၁၅ နှစ် ကြာမလား အဲဒီကြားမှာ တိုက်ခန်းတစ်ခန်းဖြစ်ဖြစ်၊
မြေကွက်တစ်ကွက်ဖြစ်ဖြစ် ပိုင်ဆိုင်အောင် ကြိုးစားမယ်။ အဖေနဲ့အမေကို ဒီကိုခေါ်ထားမယ်။ အဲဒီရည်ရွယ်ချက်မရောက်သေးခင် အိမ်ထောင်ရေးကို လုံးဝ
စိတ်မကူးဘူး။ အခုလည်း တခြား အပိုသုံးတွေလုံးဝမရှိအောင် အပျော်အပါး၊ လောင်းကစားတွေ ရှောင်တယ်။ သင်တန်းတွေတက်တယ်၊ စာဖတ်တယ်၊
စီနီယာတွေဆီက ပညာယူတယ်။ ရာထူးမြင့်ပြီး လစာကောင်းမှ ကျွန်တော့်ရည်ရွယ်ချက်တွေ မြန်မြန်အထမြောက်မယ်လေ" ဟု
ကိုကျော်လင်းထွန်းက ပြောသည်။ မျှော်လင့်ချက်အပြည့်ရှိသော သူ့မျက်ဝန်းတို့က တောက်ပလျက်။
အလုပ်အကိုင်အခွင့်အလမ်းနှင့် တိုးတက်ရာတိုးတက်ကြောင်း ပြည့်စုံနေသော ရန်ကုန်တွင် ဘ၀တည်ဆောက်လိုသူတို့ ခိုလှုံမှုအင်အား
လျော့ပါးမသွားသရွေ့ မဟာရန်ကုန်နယ်နိမိတ်အတွင်း အိမ်ငှါးဈေးကွက်ကတော့ ပန်းပန်လျက်ရှနေလိမ့်ဦးမည်သာ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com