ကန်ထရိုက်စနစ်ဖြင့်ဆောက်လုပ်သော အထပ်မြင့်တိုက်များ၏ လှေကားတစ်ဆစ်ချိုးကွေ့နေရာများသည် မကောင်းမှုကျူးလွန်လိုသူများ ခိုအောင်းရန် အခြေအနေပေးမှုကြောင့် ဒုစရိုက်မှုများ၏ အရင်းအမြစ်နေရာများဖြစ်လာကြောင်း အထပ်မြင့်တိုက်ခန်းများတွင်နေထိုင်သူတို့က ကောက်ချက်ချကြသည်။
"အခုနောက်ပိုင်း သတင်းစာတွေ၊ ဂျာနယ်တွေမှာပါတဲ့ မှုခင်းသတင်းတွေအရ ကန်ထရိုက်တိုက်တွေရဲ့ လှေကားထောင့်ချိုးတွေဟာ ဒုစရိုက်သမားတွေအတွက် မျက်ကွယ်ဖန်တီးပေးထားတဲ့ ခိုအောင်းစရာနေရာတွေဖြစ်နေတာ တွေ့ရတယ်။ ကိုယ့်အခန်းကိုယ်ပြန်တဲ့သူတွေ နောက်က အသာလိုက်လာပြီး အကြမ်းဖက်လုယက်ခံရတဲ့ ဖြစ်စဉ်တွေကလည်း ပိုစိပ်လာသလိုပဲ။ ကန်ထရိုက်တိုက်ရဲ့ လှေကားတည်ဆောက်ပုံကိုက ဒုစရိုက်သမားတွေခိုဖို့ နေရာကောင်းတစ်ခုလို ဖြစ်နေတယ်" ဟု ဗိုလ်တထောင်မြို့နယ်တွင်နေထိုင်သော ဦးကျော်စိန်သန်းက ပြောသည်။
ရန်ကုန်မြို့ဧရိယာအတွင်းရှိ အထပ်မြင့်တိုက်များ၏ လှေကားတည်ဆောက်ပုံမှာ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီး အချိန်များက တည်ဆောက်ခဲ့သည့်တိုက်များ၌ တစ်ဖြောင့်တည်းတက်သွားသည့်စနစ်ဖြင့် တည်ဆောက်ခဲ့သော်လည်း ၁၉၈၈ နောက်ပိုင်း ခေတ်စားလာသည့် ကန်ထရိုက်တိုက်များတွေင်မူ တစ်ဆစ်ချိုးအကွေ့များဖြင့်ဖွဲ့စည်းထားသော လှေကားတည်ဆောက်မှု တစ်စတစ်စနေရာယူလာပြီး ယခုအခါ ထိုသို့ တစ်ဆစ်ချိုးလှေကားစနစ်ကိုသာ စွဲစွဲမြဲမြဲအသုံးပြုတည်ဆောက်လျက်ရှိသည်။
"ဟိုးအရင် တိုက်ဟောင်းတွေကျတော့ လှေကားရင်း ပလက်ဖောင်းပေါ်ကနေ အပေါ်ကြည့်လိုက်ရင် လှေကားထိပ်ဆုံး လေးထပ်ကအခန်းရဲ့ အ၀င်တံခါးပေါက်အထိ တန်းမြင်နေရတယ်။ လူခိုနေလို့မရဘူး။ ဒီတော့ လှေကားအတိုင်းတက်သွားရတာ စိတ်လုံတယ်။ ခြေချော်ကျမှာတစ်ခုပဲ အာရုံစိုက်ရတယ်။ ခု ကန်ထရိုက်တိုက်တွေကတော့ ကိုတက်နေတဲ့အထပ်လောက်ပဲ မြင်ရတယ်။ ထောငိ့ချိုးကွေ့က ဘာထွက်လာမလဲဆိုတာ မသိရဘူး။ အပေါ်က ဆင်းလာတာပဲဖြစ်ဖြစ်၊ အောက်က တက်လာတာပဲဖြစ်ဖြစ် ခြေသံကြားမှ သိပြီး လမ်းဖယ်ပေးတာတွေဘာတွေ ကြိုလုပ်လို့ရတယ်။ ဆင်းလာ၊ တက်လာတဲ့သူက ခြေသံလုံတဲ့သူဆို တစ်ဆစ်ချိုးအကွေ့ကျမှ ဘွားခနဲတွေ့ပြီး အလန့်တကြားဖြစ်ရတာလည်း ခဏခဏ။ ဒီတိုက်မှာနေတဲ့သူတွေရဲ့ အရိပ်အခြည်ကို လေ့လာထားပြီး ကြိုတင်နေရာယူလုယက်ချင်တဲ့သူတွေ ခိုလို့ကောင်းတာပေါ့။ သတိတရားကို မပြတ်ထားနေရတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ခန်းလှေကားကွေ့ကို အကာအကွယ်ယူလျက် ဒုစရိုက်မှုကျူးလွန်သူတို့သည် များသောအားဖြင့် ပထမထပ်နှင့် ဒုတိယထပ်တို့၏ လှေကားထောင့်ချိုးနေရာများတွင် နေရာယူကာ ကျူးလွန်လေ့ရှိကြောင်းလည်း သိရသည်။
"ကျွန်မ ၆ လွှာမှာနေတာ။ တစ်ရက် အလုပ်သွားဖို့ ဆင်းလာတော့ ပထမထပ်နဲ့ ဒုတိယထပ် ကြား လှေကားကွေ့မှာ အမျိုးသားတစ်ယောက် လှေကားဘေးကာသံပန်းကို မှီရပ်ပြီး ကန်တော့ပါရဲ့ သူ့အင်္ဂါကိုထုတ်ပြီး မဖွယ်မရာလုပ်ပြတယ်။ ဒုတိယထပ်မှာနေတဲ့သူတွေနဲ့ ကျွန်မက သိလို့ သူတို့နာမည်တွေအော်ခေါ်လိုက်တော့ အဲဒီလူ ဆင်းပြေးသွားတယ်။ ကျွန်မ အကျိုးအကြောင်းပြောပြလို့ အခန်းနီးချင်း ယောက်ျားလေးတွေ ဆင်းလိုက်သွားတော့ မတွေ့ရတော့ဘူး။ ကိုယ်နေတဲ့တိုက်မှာ ဒီလိုအစော်ကားခံရတာ အရမ်းခံပြင်းတယ်။ ကိုယ်ထိလက်ရောက်အကြမ်းဖက်မသွားတာပဲ တော်သေးတယ်လို့ စိတ်ကိုဖြေရတယ်" ဟု ပုဇွန်တောင်မြို့နယ်မှ ၀န်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
"မဟုတ်တာလုပ်မယ့်သူက သူ့ပြေးလမ်းတော့သူ ကြိုကြည့်ထားတာဗျ။ ဒါကြောင့် အထပ်ခပ်မြင့်မြင့် ကလှေကားကွေ့တွေ မှာ နေရာမယူဘဲ ပြေးလမ်းသာတဲ့ အထပ်နိမ့်နိမ့်ကလှေကားကွေ့မှာ ရွေးပြီးခိုတာ။ အခန့်မသင့်လို့ ပြေးရ၊ ဆုတ်ရရင် လွယ်တယ်လေ" ဟု ဦးကျော်စိန်သန်းက ဖြည့်စွက်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးနယ်နိမိတ်အတွင်း အထပ်မြင့်တိုက်များ၏လှေကားကွေ့များကို အသုံးချကာ လှေကားတစ်ဆစ်ချိုးမှ အသင့်စောင့်ဆိုင်းလုယက်ခြင်း၊ နောက်မှ ကပ်လျက်လိုက်ပါလာပြီး ဓားနှင့်ထိုးသွားခြင်း၊ အတက်အဆင်းဆုံရာတွင် လည်ပင်းညှစ်၍ လုယက်ခြင်း၊ အိမ်ထဲတွင်တစ်ဦးတည်းကျန်ခဲ့သော အဘိုးအို၊ အဘွားအိုတို့ကို ရိုက်နှက်သတ်ဖြတ်ပြီး ပစ္စည်းလုယူခြင်း စသည့် မှုခင်းဖြစ်စဉ်များကြောင့် တိုက်နေပြည်သူများအနေဖြင့် တိုက်လှေကားမှတက်လာသည့် မျက်နှာစိမ်းများအပေါ် မယုံသင်္ကာအကြည့်များရှိလာကြောင်း ကိုယ်တွေ့ကြုံရသူများက ပြောသည်။
"ကျွန်တော်လည်း ကျွန်တော်နေတဲ့တိုက် လှေကားမှာ မျက်နှာစိမ်းတစ်ယောက်ယောက် တွေ့ရင် စူးစမ်းတဲ့အကြည့်နဲ့ကြည့်မိတာပဲ။ ဒီတော့ ငါလည်း တခြားတိုက်တွေသွားတဲ့အခါ အဲဒီကလူတွေ ဒီလိုကြည့်မှာပဲဆိုတာ ကြိုမှန်းထားတယ်။ ကျွန်တော်အခုလုပ်နေတဲ့အလုပ် စသွားခါစကဆို အလုပ်တိုက်လှေကားမှာ အတက်အဆင်းကြုံတဲ့သူတွေကို 'ကျွန်တော် ဘယ်အထပ်မှာရှိတဲ့ ဘယ်အလုပ်တိုက်ကပါ' ဆိုပြီး ဦးအောင်ပြောရင်း ပြုံးပြလိုက်တယ်။ အဲဒီအခါ စူးစမ်းတဲ့အကြည့်တွေက ပြေလျော့ပြီး သူတို့လည်း ခင်မင်တဲ့အရိပ်အယောင် ပြလာကြတယ်။ တခြား တိုက်ခန်းတစ်ခုခုကို သွားရင်လည်း အဲဒီလိုပဲ 'ကျွန်တော် ဘယ်အထပ်၊ ဘယ်အလွှာက ဦးဘယ်သူ၊ ဒေါ်ဘယ်သူဆီ သွားမလို့ပါ' လို့ ပြုံးပြီး ကြိုပြောလိုက်တယ်။ လူတိုင်းကိုပြောတာတော့ မဟုတ်ပါဘူး။ အသက်အရွယ်ကြီးတဲ့သူတွေ၊ မိန်းမသားတွေကိုပဲ ပြောတာပါ။ အဲဒီလိုပြောလိုက်တဲ့အတွက် ကျွန်တော်ဟာ ဒီတိုက်ကိုလာရတဲ့ ဦးတည်ချက် ခိုင်ခိုင်မာမာရှိတယ်ဆိုတာ သူတို့ သိသွားပြီး သို့လောသို့လောစိတ်တွေ မရှိတော့ဘူးလေ။ ကျွန်တော်တော့ ဒီနည်းပဲသုံးတယ်။ ကိုယ့်ရုပ်ခံကိုက ခပ်တည်တည်နေရင် မသမာတဲ့ရုပ်ပေါက်နေတော့ကာ အပြုံးချိုချိုနဲ့ ကိုယ်သွားမယ့်နေရာကြေညာလိုက်ခြင်းဖြင့် ဒေသခံတွေရဲ့ယုံကြည်မှုကို ယူလိုက်ရတာပါ" ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သော ကိုမြတ်သူက သူ့အတွေ့အကြုံများကို ရယ်ရယ်မောမောဖွင့်ဟသည်။
ဒုစရိုက်မှုကျူးလွန်ရာတွင် အမျိုးသားများကသာ ကျူးလွန်သည်ဟု တရားသေသတ်မှတ်၍မရဘဲ တစ်ခါတစ်ရံ အမျိုးသမီးများကလည်း ကျူးလွန်လေ့ရှိကြသည်။ ၂၀၁၅ ခုနှစ် ဇွန် ၄ ရက်က သာကေတမြို့နယ်နေ အသက်၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တာမွေမြို့နယ်ရှိတိုက်တစ်တိုက်၏လှေကား၌ ဓားနှင့်ထောက်ကာ ရွှေဆွဲကြိုးနှင့် နားကပ် လုယက်သည့်ဖြစ်စဉ်တွင် ဓားထောက်လုယက်သူမှာ အမျိုးသမီးတစ်ယောက်ဖြစ်နေသည်။ ထို့ကြောင့် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မျက်နှာစိမ်းများတွေ့လျှင် တိုက်ခန်းနေသူတို့က သတိတရားဖြင့် စောင့်ကြည့်အကဲခတ်ခြင်းဖြစ်သည်။
"CCTV တွေ အထပ်တိုင်းမှာထားပေးနိုင် ရင်တော့ ကောင်းမယ်။အထပ်တိုင်းမဟုတ်တောင် လှေကား အ၀င်ဝကို စီးပြီး ၀င်တဲ့ထွက်တဲ့လူတိုင်းကို သဲသဲကွဲကွဲမြင်နိုင်တဲ့ ရှုထောင့်မျိုးကပေါ့နော်။ ဒါဆို ရာဇ၀တ်မှုကျူးလွန်သွားတဲ့သူကိုလည်း ဖော်ထုတ်နိုင်မယ်၊ နောက်ပြီး ဒီတိုက်မှာ CCTV ကင်မရာနဲ့ စောင့်ကြည့်နေတယ်ဆိုတဲ့အသိက ဒုစရိုက်သမားတွေအတွက် အဟန့်အတားတစ်ခုဖြစ်သွားနိုင်တယ်။ ကွန်ဒိုတွေလို လုံခြုံရေးအစောငိ့ထားဖို့ကျတော့ သိပ်မလွယ်ဘူးလေ။ CCTV လောက်ဆို မဆိုးပါဘူး။ စိတ်လုံခြုံမှုရှိတာပေါ့" ဟု ကိုမြတ်သူက ဆက်လက်ပြောသည်။
လုံခြုံရေးကြိုတင်စီမံသည့်အနေဖြင့် အထပ်မြင့်တိုက်များတွင် CCTV များ တပ်ဆင်ရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က မှုခင်းကြိုတင်တားဆီးရေးဟောပြောပွဲများ ပြုလုပ်သွားရန် ၂၀၁၅ ခုနှစ် ဇူလိုင်လကတည်းက အကြံပြုစီစဉ်နေကြောင်း ပြည်တွင်းပုဂ္ဂလိကသတင်းစာများ၏ဖော်ပြချက်အရ သိရသည်။ မသမာသူများ၏ပစ်မှတ်ထားခြင်းကို ရှောင်ရှားနိုင်ရေးအတွက် တိုက်ခန်းများအတွင်း သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို တစ်ယောက်တည်းမထားခဲ့ရန်၊ တိုက်များတွင် လုံခြုံရေးကင်မရာများတပ်ဆင်ထားရန် ရန်ကုန်တိုင်းဒေသကြီးရဲအဖွဲ့အနေဖြင့် အဓိက တိုက်တွန်းဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့ထဲတိုက်ခန်းများတွင်နေကြသူများမှာ ကိုယ့်အခန်းကိုယ်ပိတ်ကာ ကိုယ့်မိသားစုနှင့်ကိုယ် သီးခြားနေသည့်ဓလေ့ရှိခြင်း၊ အရောင်းထက် အငှါးဈေးကွက်ပိုမိုကျယ်ပြန့်လာသည့် ယနေ့ခေတ်အိမ်ခြံမြေလောက အခင်းအကျင်းအရ ရွှေ့ပြောင်းနေထိုင်မှုပြုသူတို့ မကြာခဏအပြောင်းအလဲဖြစ်သည့်အတွက် မျက်နှာမကျက်မိခြင်း၊ တစ်နေ့တာအချိန်ကို အလုပ်ခွင်၌သာကုန်ဆုံးကြသည့် မြို့ပြလူနေမှုပုံစံ စွဲမြဲလာခြင်း စသည်တို့ကြောင့် မိမိနေထိုင်သည့်ဝန်းကျင်မှ အိမ်နီးနားချင်းတို့နှင့် ကျွမ်းဝင်ထိစပ်မှု လျော့ရဲလာသည့်အပေါ် အခွင့်ကောင်းယူကာ ဒုစရိုက်မှုကျူးလွန်သူများ တိုးပွားလာသည်။ ထို့ကြောင့် ကျူးလွန်သည့်သူများ၏အန္တရာယ်မှ ကာကွယ်နိုင်အောင် အထပ်မြင့်တိုက်များတွင် လုံခြုံရေးကင်မရာတပ်ဆင်ရန် စိတ်ပါဝင်စားသူတို့ များပြားလာကြောင်း အထပ်မြင့်တိုက်ခန်းတွင်နေထိုင်သူများထံမှ သိရသည်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com