မြို့ပြဘ၀ဆိုတာကတော့ တိုးတက်မှုရှာနေ တဲ့ လောကလူသားတွေ ရဲ့ အိပ်မက်ထဲ က ကောင်းကင်ဘုံပါ။ ဒါပေမဲ့ အဲဒီတိုးတက်မှု ကိုရှာရင်းကနေပဲ နှလုံးသားတွေ အေးခဲသွားတာ၊ မိသားစုဘ၀ကို စတေးလိုက်ရတာတွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လက်ညှိုးထိုးမလွဲ တွေ့နိုင်နေပါတယ်။ အဲဒီလူသားတွေထဲမှာ ကျွန်တော်လည်း တစ်ယောက်အပါအ၀င်ပေါ့။ တိုးတက်ကြီးပွားချင်စိတ် မရောင့်ရဲနိုင်မှုနဲ့အတူ မြို့ပြမှာ ကုပ်ကပ်နေထိုင်ရင်း ခြေချစရာတစ်နေရာကို မြဲသထက်မြဲအောင် အားစိုက်ကျားကန်ထားရတဲ့အခြေအနေထဲ မမောမပန်းနိုင် စီးမျောလိုက်ပါနေဆဲပါ။ တစ်ကိုယ်ရေတစ်ကာယ လက်သပ်ကိုယ်ကျွတ် အားကောင်းမောင်းသန်လူငယ်တစ်ယောက်အနေနဲ့ မြို့ပြရဲ့ တိုးတက်မှုစုံလင်တဲ့ဖြားယောင်းချက်တွေက ယစ်မူးလို့မဆုံးနိုင်အောင်ပါ။ အဖေနဲ့ အမေ အခြေချရာ နေပြည်တော်ကို လိုက်မနေဘဲ အဆောင်တစ်ခုရဲ့ဝပ်ကျင်းလေးထဲကနေ လောကကြီးကိုဖြန့်ကြက်ကြည့်နေတဲ့ မီဒီယာသမား လူငယ်ခြေတက်လေးလို့ပြောရင်လည်း မမှားနိုင်ဘူးပေါ့။
ကျွန်တော့်ထက် မီဒီယာသက် ၁၅ နှစ်လောက်စောတဲ့ ဦးလေးတော်ကတော့ မြို့ပြရဲ့အရိပ်ကနေခွဲထွကိပြီး မိသားစုအေးရိပ်ကို ရှာကြံသွားလေရဲ့။ တကယ်တော့ သူတို့မိသားစုကလည်း မြို့ပြကိုကုပ်တွယ်ထားတဲ့ မိသားစုလေးပါ။ ဦးလေးက မီဒီယာသမား၊ သူ့ဇနီးက မြို့ထဲမူလတန်းကျောင်းတစ်ခုက ဆရာမ၊ သားကြီးက အိုင်တီသမား၊ သားငယ်က မြို့ထဲကျောင်းတစ်ကျောင်းက ၁၀ တန်းကျောင်းသား။ မြို့ပြရဲ့လမ်းမပေါ် ကိုယ့်ဦးတည်ရာနဲ့ကိုယ် လျှောက်သွားနေကြတဲ့ မြို့ပြမင်မိသားစုလေးပဲပေါ့။ ဒါပေမဲ့ သူတို့သားငယ် ၁၀ တန်း အောင်ပြီးစ သူ့ဇနီး ရာထူးတိုးနဲ့ မှော်ဘီကိုပြောင်းမိန့်ကျချိန်မှာပဲ မြို့ပြအိပ်မက်ကနေ သူတို့မိသားစု အလန့်တကြားနိုးထလာခဲ့တယ်။ ဒီကြားထဲ သားငယ်က မှော်ဘီနည်းပညာတက္ကသိုလ်ဝင်ခွင့်ရလိုက်တဲ့အခါမှာ မြို့ပြကိုလက်ပြနှုတ်ဆက်ဖို့ ပိုသေချာသွားတော့တယ်။
တကယ်တော့ မှော်ဘီဆိုတာ ကျွန်တော်တို့မျိုးဆက်အတွက် နယ်ပယ်စိမ်းမဟုတ်ပါဘူး။ အဘိုး၊ အဘွားတို့နဲ့အတူ အဒေါ်အပျိုကြီးနှစ်ယောက်က အဲဒီမှာအခြေချနေတာ ကြာပြီ။ တခြား ဆွေနီးမျိုးစပ်တွေရဲ့ ၀န်းရံမှုနဲ့ ဒေသခံတွေတောင်ဖြစ်နေကြပြီ။ တစ်ခါတလေ မြို့ပြရဲ့ မွန်းကျပ်မှုတွေက ထွက်ပြေးလွတ်မြောက်ချင်တဲ့အခါ ဦးလေးမိသားစုနဲ့အတူ ကျွန်တော်လည်း မှော်ဘီကိုလိုက်သွားပြီး အာရုံအညောင်းဖြေဖြစ်တယ်။ အဘိုးတို့အိမ်က ပေ ၆၀ ပတ်လည်လောက်ရှိတဲ့ ခြံဝင်းထဲမှာ။ ပေ ၄၀ × ၆၀ မှာ မြေပိုပါထားတဲ့မြေကွက်ကြီးပေါ့။ အဘိုးက ခြံထဲမှာ သစ်သားအိမ် သုံးပင်နှစ်ခန်းကြီး ဆောက်ထားတာ။ အိမ်က ပေ ၃၀ × ၄၀ လောက် ရှိတယ်။ အိမ်ဘေးပတ်ပတ်လည် ခြံထဲမှာတော့ မြက်ပင်တွေ၊ နွယ်ပင်တွေ ပေါက်နေတယ်။ အိမ်ခေါင်းရင်းနဲ့ ခြေရင်း ခြံစည်းရိုး အုတ်တံတိုင်းနဲ့ကပ်လျက် သရက်ပင်တွေကို ၁၀ ပေခြားစီစိုက်ထားတယ်။
ဦးလေးတို့မိသားစု စပြောင်းတော့ ကျွန်တော် လိုက်ကူညီပေးရင်း အတူပါသွားတယ်။ အဘိုးနဲ့အဘွားကြည့်ရတာ တော်တော်ပျော်နေပုံပဲ။ တစ်ဦးတည်းသောသားနဲ့ ခုလိုအသက်ကြီးမှ အတူပြန်နေရတာကို ကြည်နူးနေပုံပဲ။ အသက် ၅၀ ကျော် သားကို ကြည့်ပြီး ပီတိတွေဖြာနေတဲ့ အသက် ၈၀ နီးပါး မိဘတွေရဲ့ အပျော်ကို ကျွန်တော်ခံစားနိုင်ခဲ့တယ်။ အဒေါ်နှစ်ယောက်ကလည်း အစ်ကိုကြီးနဲ့ တူနှစ်ယောက် ယောက်ျားသားတွေ ရောက်လာကြတာမို့ အားရှိကြပုံပေါ်တယ်။ အထူးသဖြင့် ကမ္ဘာ့အရေး၊ မြန်မာ့အရေး မျက်မှောက်အခြေအနေတွေကို ဆာလောင်နေတဲ့ အဘိုးအတွက် စကားပြောဖော် မီဒီယာသမားအစ်ကိုကြီးရှိနေပြီဖြစ်တဲ့အတွက် အားတက်ရသလို ဟင်းချက်ကောင်းတဲ့ ယောက်မနဲ့ ခုအရွယ်အထိ မီးဖိုချောင်အလုပ် စိတ်မကုန်သေးတဲ့အဘွား ဘယ်ဟင်းစပ်ကို ဘယ်လိုအရံလေးနဲ့ တွဲဖက်လိုက် ရင်ကောင်းမှာဆိုပြီး စကားလက်ဆုံကျနေတာကိုလည်း အားရကျေနပ်နေကြတယ်။
နောက်နေ့ ရုံးတက်ရမယ့်ကျွန်တော်က တစ်ညပဲ အိပ်ပြီး ပြန်လာခဲ့တယ်။ ဦးလေးနဲ့ ဖုန်းအဆက်အ သွယ်ရှိတဲ့အတွက် သူတို့မိသားစုအခြေအနေကို ကျွန်တော် ခပ်ဝေးဝေးကနေ သိနေရတယ်။ ဦးလေးက တိုက်ထိုင်အယ်ဒီတာအဖြစ်ကနေ freelance ဆောင်းပါးရှင် အဖြစ် ကဏ္ဍတွေတာဝန်ယူရေးပြီး e-mail ကနေ ပို့သတဲ့။ အန်တီက ကျောင်းဆရာမ အသစ်အနေနဲ့ ချက်ချင်းဝင်ဆံ့၊ သားကြီးက အဒေါ်တွေဖွင့်ပေးတဲ့ handset ဆိုင်လေးနဲ့ ဟန်ကျပန်ကျ၊ သားငယ်က နည်းပညာတက္ကသိုလ်ကျောင်းသား။ သူတို့မိသားစုရဲ့ ပျော်ဝင်မှုကို မုဒိတာစိတ်အပြည့်နဲ့ တစ်ရက် ကျွန်တော် အဘိုးတို့အိမ် ရောက်သွားတယ်။ ဦးလေးတို့ စပြောင်းတုန်းက ကျွန်တော်တွေ့ခဲ့ရတဲ့ ခြံအခင်းအကျင်းနဲ့ ဘာမှမဆိုင်လောက်အောင်ကို ပြောင်းလဲသွားတာ ကျွန်တော် တွေ့လိုက်ရတယ်။ မရောက်ဖြစ်တဲ့ လေးလကျော်ကျော်အတွင်း ဒီလောက်တိုးတက်ပြောင်းလဲသွားပုံက ကျွန်တော့်အတွက် အံ့အားအသင့်ကြီးသင့်စရာပါ။
မြက်ရိုင်းတွေ ဟိုတကွက်ဒီတစ်ကွက် ပေါက်နေတတ်တဲ့ အဘိုးရဲ့ခြံမြေက ခုတော့ မြေသားပကတိ ကျစ်လျစ်မာကျောလို့။ အားကောင်းမောင်း သန် ယောက်ျားသားသုံးယောက်ရဲ့ မြေဖို့၊ သဲဖြူး၊ ဒင်ဆောင့် ခွန်အားအပြည့်နဲ့ ပြုပြင်စီမံမှုအောက်မှာ သေ၀ပ်ပြန့်ပြူးမှုအပြည့်နဲ့။ အိမ်ခြေရင်း နောက်ဖေးခြံစည်း ရိုးအုတ်တံ တိုင်းအစပ်မှာ ရှစ်ပေအမြင့်၊ ၁၀ ပေ ပတ်လည်လောက် ရှိမယ့် ဘူးစင်ကြီးက ဟည်းလို့။ ဘူးစင်နဲ့ ငါးပေ အကွာဗလာက်မှာလည်း ခါးစောင်းလောက် သင်္ဘောပင် သုံးပင်က အတန်းလိုက်။ ခြံရှေ့အုတ်တံ တိုင်းနဲ့ကပ်လျက်မှာတော့ လူတစ်ရပ်လောက်ရှိတဲ့ သစ်သားစင် လေးစင်ကို အဆင့်သုံးဆင့်စီထည့်ပြီး သပ်သပ်ရပ်ရပ်ဆောက်ထားလို့။ တစ်စင်မှာ ကက်တလီယာသစ်ခွ၊ တစ်စင်မှာ spider သစ်ခွ၊ တစ်စင်မှာ dancing lady သစ်ခွ ပန်းအိုးလေးတွေက အခံ့သား။ စင်ရဲ့ခေါင်တန်းတွေမှာ တွဲလျားကျနေတာက အရင် သရက်ပင်ပင်စည်တွေမှာ အုန်းဆံဖတ်နဲ့ကပ်ချည်ထားတဲ့ ဖယောင်းပန်းပင်တွေ။ သစ်ခွအိုးတွေက ဦးလေးဇနီးရဲ့ ကျောင်းသားမိဘတစ်ဦး အိုးခွဲပြီးလက်ဆောင်ပေးတာတဲ့။ စင်တွေရှေ့မှာတော့ နှစ်ပေလောက်မြင့်တဲ့ စဥ့်ရည်သုတ်ပန်းအိုးတွေထဲမှာ စပယ်ချုံအုပ်အုပ်ကလေးတွေ။
အိမ်ရှေ့မှာထုတ်ထားတဲ့ ပျဉ်ခင်းကပြင်ပေါ်မှာ စကားကောင်းနေတဲ့ အဘိုးနဲ့ ဦးလေးက ကျွန်တော့်ကို ၀မ်းသာအားရ လှမ်းခေါ်တယ်။ သူတို့ကြားမှာတော့ ရေနွေးကြမ်းကရားနဲ့ ပန်းကန်လုံးတွေထည့်ထားတဲ့ လင်ပန်းတစ်ချပ်၊ အဲဒီဘေးမှာ လက်ဖက်အုပ်၊ ထန်းလျက်ပုလင်း၊ ပဲကြီးလှော်ပုလင်း။ ကျွန်တော် ကျောပိုးအိတ်ချပြီး အ၀တ်အစားလဲဖို့ အိမ်ထဲဝင်လိုက်တော့ စံပယ်ပန်းရနံ့တွေ ထုံနေအောင်ရလို့ အိမ်ဦးခန်းဘက်မျက်လုံးရောက်သွားတော့ ဘုရားစင်ပေါ်မှာ ယွန်းကလပ်လေးနဲ့ ပူဇော်ထားတဲ့ ပန်းမွေ့ရာကို တွေ့လိုက်ရတဲ့အခါ အလိုလိုလက်အုပ်ချီမိလျက်သားဖြစ်သွားတယ်။ ဘုရားကျောင်းဆောင်ရှေ့က ယွန်းကလပ်ထဲမှာ စံပယ်ပန်းဖြူဖြူတွေက ခပ်မို့မို့လေး၊ အဲဒီအပေါ်မှာ ခရမ်းသွေးဖျော့ဖျော့ ဖယောင်းပန်းလေးတွေက မခို့တရို့၊ ဘုရားပန်းအိုးသုံးအိုးမှာက စိမ်းစိုလန်းဆန်းတဲ့ အောင်သပြေပန်းတွေကြားမှာ သစ်ခွပန်းခိုင်လေးတွေက ဟာမိုနီကျကျနေရာယူလို့။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ သဒ္ဓါညွတ်နူးမှုကို အမြင့်ဆုံးအနေအထားရောက်အောင် ဆွဲယူညှို့ငင်လိုက်တဲ့ ပူဇာစအခင်းအကျင်းက ကျွန်တော့်အာရုံတွေကို ဘုရားစင်ကနေ မျက်နှာမလွဲနိုင်လောက်အောင် ဖမ်းစားခဲ့တယ်။ ရင်ထဲမှာ ကြည်နူးချမ်းမြမှုအပြည့်နဲ့ပေါ့။
မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ တဒင်္ဂလွတ်မြောက်လာ လို့လားတော့မသိ၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တာ နိုးတော့ အခန်းထဲက ညီနှစ်ယောက် မရှိတော့ဘူး။ မနက် ၈ နာရီခွဲတော့မယ်။ မျက်နှာသစ်၊ ကိုယ်လက်သုတ်သင်ပြီး အိမ်ရှေ့ထွက်လိုက်တော့ ကပြင်ပေါ်မှာ ကောက် ညှင်းပေါင်းစားနေတဲ့ ဦးလေးက ခရီးဦးကြိုပြုတယ်။ အဘွားပေါင်းတဲ့ ကောက်ညှင်းပေါင်းရယ်၊ အန်တီကြော်တဲ့ ငါးသလဲထိုးကြော်ရယ်၊ အဒေါ်ငယ်ထောင်း တဲ့ နှမ်းထောင်းရယ်၊ အဒေါ်ကြီးဝယ်ပြီး ဆီဆမ်းထားတဲ့ ပဲပြုတ်ဆီဆမ်းရယ်၊ ညီအကြီးသယ်လာတဲ့အုန်းသီးကို ဦးလေးကခွဲပြီး ညီအငယ်ခြစ်ပေးထားတဲ့ အုန်းသီးဆံတွေရယ်၊ အဘိုးကိုယ်တိုင် ကောက်ညှင်း ဆန်စေ့လေးတွေထည့်လှော်ထားတဲ့ ကျောက်မဲလက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းခါးခါးရယ် . . . ဒီ မနက်စာအခင်းအကျင်းလေးက စည်းလုံးညီညွတ် မှုနဲ့ နွေးထွေးမှု အပြည့်အ၀ဆောင်ကြဉ်းပေးနိုင်တဲ့ မိသားစုဘ၀ကို ဖော်ကျူးနေလေရဲ့။
ခေါင်းရင်းမြေကွက် သရက်ပင်တန်းအောက်မှာ အဘိုးက စင်္ကြံလျှောက်ရင်း ပုတီးစိပ်နေတယ်။ အ၀င်ဝတံခါးနားမှာ အဘွားက ဆွမ်းခံထိုင်ကိုယ်တော်မျှော်ရင်း စာကလေးတွေကို အစာကျွေးနေတယ်။ အဒေါ်အကြီးက သစ်ခွတွေကို ကရားနဲ့ ရေလောင်းပေးနေသလို အဒေါ်ငယ်က စံပယ်ပွင့်တွေ ခူးနေတယ်။ ဦးလေးဇနီး အန်တီက ဘူးစင်မှာ ဘူးညွန့်တွေ ဖြတ်နေတယ်။ ညီအငယ်က ခြံခြေရင်းသရက်ပင်မှာ တွဲလဲဆွဲထားတဲ့ သဲအိတ်ကို လက်သီးနဲ့ တဒိုင်းဒိုင်းထိုးနေသလို ညီအကြီးက ခြံထောင့်သရက်ပင်နှစ်ပင်ကြားက ဒန်းပေါ်မှာထိုင်ရင်း ဂစ်တာတီးနေတယ်။
ပြဇာတ်တစ်ခုရဲ့ စည်းလုံးညီညွတ်မှုအပြည့် ဖွဲ့စည်းထားတဲ့ ဇာတ်ဝင်ခန်းတစ်ကွက်လိုပဲ ကျွန်တော့်ရှေ့ မှာသက်ဝင်လှုပ်ရှားနေတဲ့ မြင်ကွင်းက မိသားစုချစ်ခြင်း ရနံ့တွေ ထုံမွမ်းနေတဲ့ ဂန္ထ၀င်မြောက်ပြ ကွက် ဖြစ်လို့နေ တယ်။ ငြိမ့်ညောင်းတဲ့ဓာတ်လှေကားထဲကထွက်လိုက်တာနဲ့ ရောက်သွားမယ့် အီတလီကြွေပြားအပြည့်ခင်းထားတဲ့ အခန်းကျယ်ကွန်ဒိုကြီးတွေ၊ ဥရောပမြက်ခင်းစိမ်းလဲ့လဲ့မြေပြင်မှာဆောက်ထားတဲ့ လုံးချင်းတိုက်ပုလေးတွေ၊ အဆောင်ဆောင်အခန်းခန်း ခမ်းနားလှစွာ ရဲတိုက်ပမာ ဧရာမ တိုက်ကြီးတွေ . . . စတဲ့ ကျွန်တော့်အိပ်မက်ထဲက အိမ်ရာတွေဟာ ခု ကျွန်တော့်မျက်စိရှေ့ကမြင်ကွင်းအောက်မှာ မှေးမှိန်ကုန်ကြတယ်။ နွေးထွေးတဲ့ ခံစားမှုရသက ကျွန်တော့်ရင်ထဲမှာ အပြည့်ဖြစ်လာတယ်။ နားထဲမှာ ငြိမ့်ညောင်းတဲ့ ဂီတသံနဲ့အတူ သီချင်းသံတစ်စ ကြားယောင်လာတယ်။
ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုတဲ့ အိမ်
ရံရွေလယ် ထည်ဝါစွာ ဆင်စွယ်နန်း အိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုး အိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ် . . .
ဪ . . .ဟုတ်ပေသား . . . နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်လေး တစ်လုံးပါဘဲလေ . . .
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com