စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံ မှုဆောင်ရွက်လိုသူများ နှင့် ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်လိုသူများ အနေဖြင့် မိမိတို့ဆောင်ရွက်လိုသည်များကို လျင်မြန်လွယ်ကူစွာ ဖြင့် ဆောင်ရွက် နိုင်ရန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး ဦးစီးမှူးရုံးဖွင့်လှစ်ပွဲ အခမ်းအနားကို မတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်ရှိ ခရိုင်စီမံခန့်ခွဲမှု ကော်မတီရုံးဝင်းအတွင်းရှိ အဆိုပါရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဦးစီးမှူးရုံးအား တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးစိန်မောင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့မှ ဖဲကြိုးဖြတ်၍လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ လည်းကောင်း ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို မုံရွာမြို့ ဝင်းယူနတီဟိုတယ်ခန်းမတွင် ဆက်လက်ကျင်းပရာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး တို့က အမှာ စကားများ အသီးသီး ပြောကြားသည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ပထမဦးဆုံး ကုမ္ပဏီ မှတ်ပုံတင်သည့် Smooth Cover Company အား ဝန်ကြီးချုပ်ဦးသာအေးမှ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်ချီးမြှင့်သည်။ ထို့နောက် အခမ်း အနားအစီ အစဉ်အား ဒုတိယပိုင်း ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ စစ်ကိုင်းတိုင်း ဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများနှင့် အလားအ လာများအား လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား လည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြရာ တက်ရောက်လာသော စီးပွားရေး လုပ်ငန်းရှင်များမှသိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဆိုပါရုံး ဖွင့်လှစ်ခြင်းဖြင့် ကုမ္ပဏီဖွဲ့စည်း မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက် အလက်များ စုံစမ်းမေးမြန်းခြင်းတို့ကိုလည်းကောင်း အနာဂတ် ကာလတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုလွှာတင်သွင်းခြင်း၊ စိစစ်ဆောင်ရွက်ခြင်း လုပ်ငန်းများအား လည်းကောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
Credit: MOI Webportal Myanmar