ပြည်တွင်းကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၀င်ရောက်လာတဲ့ ကဏ္ဍတွေထဲမှာ အိမ်ခြံမြေကအဆင့်-၆မှာရှိပြီး အာရှဒေသအတွင်း ရင်းနှီးမြုပ်နှံမှုတွေထဲမှာ မြန်မာ့အိမ်ခြံမြေဈေးကွက် ပါဝင်လာတာကြောင့် အိမ်ခြံမြေနဲ့ ပက်သက်တဲ့ ဥပဒေတွေကို ထိရောက်မှုရှိအောင်ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေပြီလို့ ကျွမ်းကျင်သူ တစ်ချို့ကပြောပါတယ်။
လက်ရှိမှာ ဥပဒေတွေရှိပေမဲ့ အားနည်းချက်တွေနဲ့ ပြင်ဆင်ဖို့လိုတဲ့ အချက်တွေကရှိနေတာပါ။
ဆောက်လုပ်ရေးလုပ်ငန်း
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ၀င်လာတဲ့အခါ ဆောက်လုပ်ရေးလုပ်ငန်းပိုင်းမှာ ကျွမ်းကျင်မှု လက်မှက်ထုပ်ပေးနိုင်မှု အားနည်းနေတယ်။အခြေခံလုပ်ငန်းတွေမှာတောင်မှ အလုပ်အကိုင်အခွင့်အလမ်းမရှိတော့တာတွေ ဖြစ်နေတာပါ။
တချို့ပြည်ပကလာရောက်မြုပ်နှံပြီး ဆောက်လုပ်နေတဲ့ လုပ်ငန်းအချို့မှာ သူတို့နိုင်ငံသားတွေကိုပဲ ခန့်ပြီး ဆောင်ရွက်နေကာ ပြည်တွင်းလုပ်သားတွေကို အနည်းငယ်ပဲခေါ်ယူ ဆောင်ရွက်ထားတာတွေရှိပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးသော်တာမောင်က နိုင်ငံတကာနဲ့ ဆက်ဆံရင် ဒီလက်မှက်က မရှိလို့မဖြစ်ဘူး နိုင်ငံခြားကုမဏီတွေက အလုပ်အကိုင် အခွင့်အလမ်းပေးတဲ့အခါ အလုပ်သမားတစ်ဦးကလုပ်ငန်းမှာ ကျွမ်းကျင်နေပေမဲ့ certificate မရှိရင်မခန့်ကြဘူး၊ဒါတွေလဲ ပြင်ဆင်ထားဖို့လိုတယ် လို့ပြောပါတယ်။
ပြည်တွင်းမှာ အိမ်ခြံမြေနဲ့ ပက်သက်ပြီး Land development ကိုထိန်းချုပ်နိုင်မှု မရှိသေးတာကြောင့် အားနည်းချက်တွေရှိနေတာပါ။
မြေယာမူဝါဒတွေမှာ မြေခွန်နဲ့ ပတ်သက်ပြီး ကျင့်သုံးနေတဲ့ မူဝါဒတွေက ထိရောက်မှုမရှိတာ မြို့ပြလူနေအိမ်တွေ မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးတိကျပြည့်စုံတဲ့ ဖော်ပြချက်တွေမပါဝင်တာ ၊မြေကိုအပေါင်ထားပြီး ငွေချေးငှားတာတွေနဲ့ သက်ဆိုင်တဲ့အစီအစဉ် ဖော်ပြထားမှုမရှိတာ၊မြေလက်ဝါးကြီးအုပ်တာ ၊မြေပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းဖော်ပြထားမှုတွေ မြို့ပြတွေမှာရှိတဲ့ ၀င်ငွေနည်းပါးသူတို့ရဲ့ မြေပိုင်ခွင့်ရရှိရေး စတဲ့ အရာတွေကို ဖော်ပြထားမှုမရှိတဲ့ အားနည်းချက်တွေရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းကလည်း သုံးသပ်ထားပါတယ်။
စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ၀င်လာရင်မြန်မာမှာ စက်ရုံဆောက်တာ စိုက်ပျိုးမွေးမြူရေးလုပ်လို့ရတဲ့ မြေတွေတပုံကြီးပါပဲ မလုပ်တဲ့သူတွေဆီကနေ လုပ်တဲ့သူတွေဆီပြောင်းပေးဖို့ ဥပဒေကောင်းပဲလိုတာလို့ပြောပါတယ်။
၂၀၁၆ ခုနှစ်မှာ အိမ်ခြံမြေဈေးနှုန်းတည်ငြိမ်ဖို့က အစိုးရသစ်ရဲ့ မြေယာမူဝါဒကိုအကောင်အထည်ဖော်မဲ့ အခြေအနေပေါ် မူတည်နေကြောင်းကိုလည်း အကျိုးဆောင်တချို့ထံက သိရပါတယ်။
လိုအပ်နေတဲ့ ဥပဒေထဲမှာ ကွန်ဒိုဥပဒေတစ်ခုပဲ ထွက်လာသေးတာပါ။စီးပွားရေးနဲ့ ဥပဒေလမ်းညွှန် ဦးတင်သန်းဦးက အဆောက်အအုံ ပြီးတဲ့ အခါမှာ တခြားကိုယ်ပိုင် မဟုတ်တဲ့ သူတွေကို ရောင်းချဖို့ဆောက်လုပ်တဲ့ အဆောက်အအုံဆိုင်ရာမှာ အပြီးအပိုင်ရောင်းချတာ၊ ပြန်လည်တည်ဆောက်တာ၊ အကြိုရောင်းချတာ၊ ထိန်းသိမ်းတာတွေပါဝင်တဲ့ ဥပဒေတစ်ခုလိုနေသေးတာလို့ပြောပါတယ်။
ငှားရမ်းခြင်းဆိုင်ရာ
အိမ်ရှင် အိမ်ငှားပြဿနာတွေနဲ့ လိမ်လည်ရောင်းချခံရတာတွေကို ကြုံတွေ့နေရတာပါ။နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဝင်လာခဲ့ရင် အိမ်ရှင်အိမ်ငှားဥပဒေတွေက လိုအပ်ချက်တွေရှိနေတာကြောင့် ပြုပြင်သင့်တယ်လို သိရပါတယ်။နိုင်ငံခြားစီးပွားရေးတွေဝင်လာခဲ့ရင် ၀ယ်ယူတာထက် ငှားရမ်းမှုတွေပိုများနိုင်တာကြောင့်ပါ။
အထက်တန်းရှေ့နေ့ ဦးကျော်စွာက ပြည်တွင်းမှာတောင် အရှုပ်အရှင်းတွေများတာ ပြည်ပကသာဝင်လာရင်ကြိုတင်ကာကွယ်လို့ရနိုင်မယ့် ဥပဒေတွေလိုအပ်နေပါပြီ လက်ရှိဥပဒေက ခေတ်နဲ့ မလျော်ညီတော့ပိုဆိုးတယ်၊ အိမ်ရှင် အိမ်ငှားဥပဒေက အသေးစိတ်ခွဲခြားပြီး ထုတ်သင့်နေပြီလို့ပြောပါတယ်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ဇန်န၀ါရီ လကုန်ထိ နိုင်ငံခြားရင်းနှီးမြုပ်နှံ မှုတွေက အမေရိကန်ဒေါ်လာ ၅.၃ဘီလျှံအထိ ရှိတယ်လို့သိရပါတယ်။ရင်းနှီးမြုပ်နှံမှု တွေထပ်ဝင်လာဖို့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အကျိုးဆောင်လုပ်ငန်းတွေ၊၀န်ဆောင်မှု လုပ်ငန်းတွေကို လာရောက်လေ့လာတဲ့ အဖွဲ့တွေလည်းရှိတယ်။တချို့ကနည်းပညာပူးပေါင်းတာမျိုးနဲ့ ချိတ်ဆက်လုပ်ကိုင်ချင်တာမျိုးတွေရှိတယ်လို့ သိရတယ်။
အိမ်ခြံမြေဈေးကွက်ကို ပြည်ပနိုင်ငံတချို့က လာရောက်ပြီးရောင်းချတာမျိုးနဲ့ ဈေးကွက်ချဲ့လာတာတွေလည်းရှိပါတယ်။စင်ကပူ မလေးရှားစတဲ့ နိုင်ငံတွေပိုများတယ်လို့ အကျိုးဆောင်တချို့ကသိရတယ်။
Credit: The Kumudra