ညတွေက တဖြည်းဖြည်းချောက်ချားစပြုလာသည်။ ဘယ်အချိန် မီးနဲ့ ရှို့မလဲ၊ ဘယ်အချိန်များ ဘူဒိုဇာနဲ့ ကော်မလဲ၊ ဘယ်အချိန်များ လူမိုက်တွေလာပြီး အိမ်တွေကို ဖြိုလှဲပစ်မလဲ စိုးရိမ်စိတ်အတွေးများဖြင့် နိုးတစ်ဝက် အိပ်စက်နေကြရသည်ဟု မိသားစုပေါင်း ၂၀၀ ကျော်ရှိသည့် ၃၆ လုံးသော ကျူးကျော်တဲစုများတွင် နေထိုင်နေရသူများက ရင်ဖွင့်ပြောပြကြသည်။
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မြေတိုင်းအမှတ်(၂၆)၊ ပြည်သူပိုင်ဘောလုံးကွင်းအနီးရှိ ဤ ၃၆ လုံးတည်းသော ကျူးကျော်တဲစုများ၏ ပတ်ပတ်လည်မှာ မြေကြီးများ တူးဆွထားပြီး အိမ်ရာစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် လုပ်ဆောင်နေလျက်ရှိသည်။
၎င်းကျူးကျော်တဲများ၏ အနီးရှိ ပြည်သူပိုင်ဘောလုံးကွင်းကြီးမှာလည်း စီမံကိန်းစက်ယန္တရားကြီးများ၏ တူးဆွမှုကြောင့် ပျောက်ပျက်သွားပြီ ဖြစ်သည်။
ယင်းတို့ကိုလည်း အဆိုပါ စီမံကိန်း ဧရိယာအတွင်းမှ ပြောင်းရွှေ့ဖယ်ရှားပေးရန် သက်ဆိုင်ရာက သတိပေးစာထုတ်ပြန်ထားသည့်အပြင် စက်မှုဇုန်တာဝန်ရှိသူများကလည်း အမြန်ဆုံးဖယ်ရှားပေးရန် ဖိအားပေးလျက်ရှိသည်ဟု ကျူးကျော်အဖြစ်နေနေရသူများက ဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်းတွင် မင်္ဂလာဒုံနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များအတွင်းရှိ ကျူးကျော်တဲများ အင်အားသုံး ဖြိုဖျက်ခံရပြီး နောက် မိမိတို့ဖြိုဖျက်ခံရမည့် အလှည့် ဘယ်တော့ရောက်လာမလဲလို့ စိုးရိမ်ပူပန်နေကြ ရသည်ဟု ၎င်းတို့က ပြောသည်။
"အခုတော့ ကျွန်မတို့ ဆိုင်ကလုန်းနာဂစ်ထက်ဆိုးမယ့် ဒုတိယမြောက် နာဂစ်နဲ့ ကြုံနေရသလိုပါပဲ" ဟု ကျူးကျော်အဖြစ် နေထိုင်နေသူ အသက် ၅၀ ကျော်အရွယ်ရှိ ဒေါ်သန်းမြင့်က ပြောသည်။
ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ်အတွင်း ရှိ ယင်းတို့ကျေးရွာကလေး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း၏ ဖျက်ဆီးဖျောက်ဖျက်ခြင်း ခံရပြီးသည့်နောက် မှာတော့ မိသားစုဝင် ငါးဦး နှင့်အတူ ရန်ကုန်သို့ အရဲစွန့်တက်လာခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောပြသည်။
"ကျွန်မတို့ ဒီနေရာက မဖယ်ပေးနိုင်တော့ဘူး။ ဘယ်မှလည်း သွားစရာမှ မရှိတာ၊ ကျွန်မတို့ကို ဘယ်လောက်ပေးပေး မလိုချင်ပါဘူး။ ကျွန်မတို့ နေစရာလေးတစ်ခုပဲ လိုချင်တာပါ။ လောဘသမားတွေလည်း မဟုတ်ပါဘူး" ဟု ဒေါ်သန်းအေးက ပြောသည်။
၂၀၀၈ နာဂစ်မုန်တိုင်းအပြီး ရန်ကုန်သို့ ရောက်ရှိစဉ်က လှိုင်သာယာမြို့နယ်လိုင်းခန်းတစ်ခုတွင် နေထိုင်ခဲ့ပြီး လိုင်းခန်းခ မပေးသွင်းနိုင်ချိန်မှာတော့ လိုင်းခန်းပေါ်မှ နှင်ချခြင်းခံခဲ့ရသည်ဟု သူကပြောသည်။
ထိုစဉ်အချိန်က ၎င်းမိသားစုအပါအ၀င် နာဂစ်ဒုက္ခသည် စုစုပေါင်း ၁၀ ဦးခန့်မှာ နေ့အချိန်တွင် သစ်ပင်တစ်ပင်အောင်တွင် နေထိုင်ခဲ့ရပြီး ညဘက်တွင်တော့ ရပ်ကွက်အတွင်းရှိ ချောက်တစ်ခု အတွင်းတွင် အိပ်စက်ခဲ့ကြရသည်ဟု ၎င်းက ပြောသည်။
ထို့နောက်မှာတော့ ရွှေလင်ဗန်းစက်မှုဇုန် မြေတိုင်း(၂၆) ရှိ ရပ်ကွက်အာဏာပိုင်အချို့ ထံ ကနဦးငွေ ကျပ် ၆၀,၀၀၀ နှင့် လစဉ်ကြေးငွေ ကျပ် ၂,၀၀၀ ပေးသွင်း၍ လက်ရှိနေရာတွင် တဲအိမ်ဆောက်လုပ်ပြီး နေထိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
"ကျွန်မတို့ စနေနေတုန်းက ဒီနေရာက ချုံတောကြီးပါ။ ဘယ်သူမှလည်း နေမယ့်သူ မရှိကြဘူး။ ဘောလုံးကွင်းဧရိယာအစပ်ဖြစ်တာကြောင့် ဘယ်တော့မှ အဖျက်ခံရမှာ မဟုတ်ဘူးလို့လည်း ရပ်ကွက်လူကြီးတွေက ပြောတယ်။ သူတို့ကိုလည်း လစဉ်ကြေး တစ်လ ၂,၀၀၀ ပေးရတယ်။ မပေးရင် ချက်ချင်း ဖယ်ခိုင်းကြလို့ ကျွန်မတို့မှာ ဆံပင်ဖြတ်ရောင်းပြီးတော့ ပေးခဲ့ရတာရှိသလို၊ အိုးခွက်တွေ ပေါင်နှံပြီးတော့ ပေးခဲ့ရတာတွေရှိတယ်" ဟု ဒေါ်သန်းအေးက ပြောသည်။
သို့သော်လည်း ၂၀၁၄ ခုနှစ်တွင် ရပ်ကွက် အာဏာပိုင်များက လစဉ်ကြေးတောင်းခံမှုများ မပြုလုပ်တော့သည့်အပြင် ဧည့်စာရင်းဖြင့် နေထိုင်နေမှုများကိုလည်း ရပ်ဆိုင်းပစ်ခဲ့သည်ဟု အဆိုပါ ကျူးကျော်နေထိုင်သူများ ကပြောကြသည်။
"ကျွန်မတို့ ဒီနေရာမှ နေမရရင်သွားစရာလည်း မရှိတော့ဘူး။ ပဲခူးမှာရှိတဲ့ ကိုယ်ပိုင် ခြံကွက်ကလည်း ရပ်ကွက်ဥက္ကဋ္ဌက သူ့သားသမီးတွေနေဖို့ အပိုင်သိမ်းယူသွားခဲ့တယ်" ဟု အဆိုပါ ကျူးကျော်တဲစု ၃၆ စုတွင် အစောဆုံး နေထိုင်လာသည့် အသက် ၇၀ ၀န်းကျင်ရှိ ဒေါ်ကာလီက ပြောသည်။
ရွှေလင်ဗန်းစက်မှုဇုန်တည်စဉ်အချိန် ဘောလုံးကွင်းဆောက်လုပ်မှုတွင် နေ့စားအလုပ်သမားများအဖြစ် သားသမီးများနှင့်အတူ လာရောက်လုပ် ကိုင်ခဲ့ရာမှ လက်ရှိနေရာတွင် နေထိုင်ခဲ့ခြင်းဖြစ်ပြီး ၁၅ နှစ်ကျော် ၀န်းကျင်ခန့်ရှိပြီဟု ဒေါ်ကာလီက ပြောပြသည်။
လူပေါင်း ၂၀၀ ကျော်နေထိုင်လျက်ရှိသည့် ကျူးကျော်တဲစု ၃၆ လုံးတွင် ကလေးငယ် ၄၃ ဦးခန့်မှာ ကျောင်းပညာသင်ကြားနေဆဲဖြစ်သည်။
ကျူးကျော်မိသားစုဝင်အများစုမှာ လက်လုပ်လက်စားနှင့် ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေသူများ ဖြစ်ပြီး နာဂစ်မုန်တိုင်းသင့်သည့် ဧရာဝတီတိုင်းသားများ အများဆုံးပါဝင်နေသည်။
"ကျွန်တော်တို့မှာ ညညဆို အိပ်လို့မရဘူး။ ဘယ်တော့များ မီးလာရှို့မလဲ၊ လာဖျက်မလဲ စိုးရိမ်နေရတယ်" ဟု ဧရာဝတီတိုင်းမှ နာဂစ်ဘေးဒဏ် သင့်ခဲ့သူ ဦးအောင်ဇော်ဝင်း ကပြောသည်။
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဧရာကျေးရွာဇာတိဖြစ်ပြီး နာဂစ်မုန်တိုင်းကြောင့် ကျေးရွာပျောက်သွားခဲ့သည့်အပြင် ဇနီးဖြစ်သူပါ ဆုံးရှုံးခဲ့ရသည့်အတွက် ဇာတိမြေကို အပြီးတိုင် စွန့်ခွာခဲ့ပြီး ယခုလို ကျူးကျော်ဘ၀ဖြင့် နေထိုင်နေရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
"လက်ရှိတက်နေတဲ့ ရပ်ကွက်လူကြီးတွေနဲ့ ဘေးပတ်လည်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းက သူတွေက ကျွန်တော်တို့တွေ ဒီက မဖယ်ပေးရင် မီးရှို့ပစ်မယ်။ ဘူဒိုဇာနဲ့ ထိုးပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားကြတယ်" ဟု ဦးအောင်ဇော်ဝင်းက ပြောသည်။
ရန်ကုန်တိုင်းအတွင်း ရှိနေသည့် ကျူးကျော်တဲများမှာ လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကပင် စတင်အခြေချ နေထိုင်လာကြခြင်း ဖြစ်သည်။
စက်မှုဇုန်စီမံကိန်းလုပ်ငန်းများအတွင်း လာရောက်အလုပ်လုပ်ကိုင်သည့် အလုပ်ကြမ်းသမားများနှင့် ရန်ကုန်မြို့သို့ နယ်မြေသစ်ချဲ့ထွင်ပြီး လာရောက်အလုပ် လုပ်ကိုင်သူများနှင့် အစပြုခဲ့ခြင်း ဖြစ်သည်။
ကနဦး နေထိုင်ကြစဉ်ကပင် လုပ်ငန်းခွင်နှင့် နီးသည့် လမ်းဘေးမြေလွတ်များတွင် တဲထိုးနေထိုင်သူများ ရှိသလို၊ လူနေအဆောင်များတွင် ငှားရမ်းနေထိုင်သူများလည်း ရှိကြသည်။
ထို့နောက် တိုးပွားလာသည့် လူဦးရေနှင့် အတူ အဆောင်လခများ၊ အိမ်ငှားရမ်းခများမှာလည်း ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
ထို့ကြောင့် ရန်ကုန်သို့ လာရောက်အလုပ်လုပ်ကိုင်ကြသူများမှာ အဆောင်များမှ ဆင်း၍ ရပ်ကွက်အာဏာပိုင်များထံ ငွေကြေးအချို့ ပေး၍ ရပ်ကွက်အတွင်းရှိ မြေလွတ်များ၊ နေရာလွတ်များတွင် တဲများဆောက်လုပ် နေထိုင်လာခဲ့ကြခြင်း ဖြစ်သည်။
ထို့စဉ်က ရပ်ကွက်အာဏာပိုင် လူကြီးများ၏ အခကြေးငွေယူ၍ မြေနေရာလွတ်များတွင် ဆောက်လုပ်နေထိုင်ခွင့်ပေးမှုများမှာ ယနေ့ဖြစ်ပွားနေသည့် ကျူးကျော်ပြဿနာ များ၏ အစတစ်ခုလည်း ဖြစ်နေသည်။
ထို့နောက် ၂၀၀၈ ခုနှစ် ဧရာဝတီတိုင်းနာဂစ် မုန်တိုင်းအပြီးတွင် လှိုင်သာယာမြို့နယ်သို့ လာရောက်အခြေချ နေထိုင်သူများ အလုံးအရင်းဖြင့် တိုးပွားလာခဲ့ပြီး ကျူးကျော်သူအဖြစ် နေထိုင်သူများလည်း သိသိသာသာ မြင့်တက်မှုရှိလာသည်။
လှိုင်သာယာမြို့နယ်အတွင်းတွင် ကျူးကျော်အိမ်ပေါင်း ၈၀,၀၀၀ ခန့်ရှိနေသည်ဟုလည်း ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ပြောကြားသည်။
လက်ရှိတာဝန်ယူထားသည့် မြို့နယ်အုပ်ချုပ် ရေးတာဝန်ရှိသူကတော့ ယနေ့အချိန်ရှိ လှိုင်သာယာ ကျူးကျော်နေထိုင်သူအရေအတွက်မှာ ၎င်းတို့မသိကြောင်းနှင့် မြို့နယ်စည်ပင်နှင့် အိုးအိမ်တို့သာ သိရှိကြောင်း ဇန်န၀ါရီ ၉ ရက်တွင် မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းစဉ် ဖြေကြားထားသည်။
ကျူးကျော်အိမ်တစ်အိမ်တွင် ပျမ်းမျှလူဦးရေ လေးဦးရှိနေသည့်အတွက် ၂၀၀၃ ခုနှစ်အတွင်း တွက်ချက်ထားသည့် ကျူးကျော် အိမ်ထောင်စုပေါင်း အရဆိုလျှင် လှိုင်သာယာတွင် သုံးသိန်းနှစ်သောင်းခန့်ရှိနေသည်ဟု ခန့်မှန်းရသည်။
ထို့ပြင် လက်ရှိတွင်လည်း လှိုင်သာယာတွင် ကျူးကျော်နေထိုင်သူများ တိုးပွားနေသည့်အတွက် ကနဦးခန့်မှန်းချက်များထက် ပိုမိုများပြားနိုင်သည်။
ရန်ကုန်မြို့တော်ရှိ ၄၅ မြို့နယ်တွင် ၄၄ မြို့နယ်အတွင်း ဆောက်လုပ်ထားသည့် အဆောင်အအုံများ၏ ငါးပုံတစ်ပုံသည် ကျူးကျော်အဆောက် အအုံများ ဖြစ်သည်ဟုလည်း ၂၀၁၃ ခုနှစ်အတွင်း ကျင်းပခဲ့သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် တိုင်းဥပဒေကော်မတီက ထည့်သွင်းဆွေးနွေးထားမှုများ ရှိသည်။
ထို့ပြင် ရန်ကုန်တစ်မြို့ လုံးတွင်ရှိသည့် ကျူးကျော်အရေအတွက် သည် ရန်ကုန်မြို့ လူဦးရေ၏ ၁၀ ရာခိုင်နှုန်း ရှိနေသဖြင့် ကျူးကျော်ပေါင်း ခြောက်သိန်းခန့်အထိ ရှိနေသည်ဟုလည်း တွက်ချက်မှုများ ရှိထားသည်။
၂၀၁၃ ခုနှစ် နှစ်စပိုင်းတွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်အတွင်းရှိ အိမ်ရာစီမံကိန်း ဖော်ဆောင်လျက်ရှိသည့် အိုးအိမ်ပိုင်မြေကွက် အတွင်း လူတစ်စုမှ စတင်၍ ညတွင်းချင်းပင် ကျူးကျော်အိမ် ၀င်ရောက်ဆောက်လုပ်မှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် အနီးအနားရှိ အဆောင်များက မရှိဆင်းရဲသားများပါ ၀င်ရောက်ကျူးကျော်မှုများ ပြုလုပ်ခဲ့ပြီး ယနေ့အချိန်ထိ ဖယ်ရှားရှင်းလင်းနိုင်မှု မပြုနိုင်သည့် ကျူးကျော် ရပ်ကွက်ကြီးတစ်ခုအဖြစ် အခိုင်အမာ တည်တံ့နေလျက်ရှိသည်။
"ကျွန်တော်တို့ ပြန်ဝယ်နေတော့ လေးသိန်းခွဲပေးရတယ်။ အိမ်က ၉ ပေ၊ ၁၃ ပေပတ်လည်ရှိတယ်။ ကျူးအိမ်ငှားရမ်းခကတော့ တစ်လ ၂၀,၀၀၀ လောက်ပေါက်ဈေး ရှိတယ်" ဟု အထက်ပါ ကျူးကျော်တဲစုတွင် ကျူးကျော်အိမ် ၀ယ်ယူနေထိုင်နေသည့် ကိုငြိမ်းချမ်းက ပြောသည်။
ထို့ပြင် ၂၀၁၄ ခုနှစ်အတွင်းတွင် လှိုင်သာယာနှင့် တွံတေးမြို့နယ်အကြားရှိ ဒေသခံများပိုင် ဥယျာဉ်ခြံမြေများပေါ်တွင် လူတစ်ဦး ဦးဆောင်သည့် ကျူးကျော်သူများက ကျူးအိမ်ပေါင်း ၅,၀၀၀ ကျော်ခန့် ရုတ်တရက် ၀င်ရောက်ကျူးကျော်မှုကြီး ဖြစ်ပွားခဲ့သည်။
ယင်းကျူးကျော်မှုတွင် ဒေသခံများနှင့် ကျူးကျော်သူများအကြား ထိပ်တိုက်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လချီကြာမြင့်ပြီးနောက်မှပင် သက်ဆိုင်ရာက ပြန်လည်ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်နိုင်ခဲ့သည်။
ယင်းနောက် ဒဂုံဧရာအဝေးပြေးဝင်းအနီး ၀ါဝါ၀င်းကုမ္ပဏီပိုင် စက်မှုဇုန်မြေကွက်များ ပေါ်တွင်လည်း အုပ်စုဖွဲ့ကျူးကျော်မှုများ ဖြစ်ပွားခဲ့ပြီး ကုမ္ပဏီက လူမိုက်များဦးဆောင်သည့် အလုပ်သမားများ ငှားရမ်းပြီး ဖယ်ရှားရှင်းလင်းမှု ပြုလုပ်ခဲ့ရသည်။
လက်ရှိတွင်လည်း အလားတူ အုပ်စုဖွဲ့ ကျူးကျော်မှုဖြစ်စဉ်များစွာ ဖြစ်ပွားလျက် ရှိနေသေးသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းမြင့်ဦးက ဇန်န၀ါရီ အစောပိုင်းက မြန်မာတိုင်း(မ်)နှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားထားသည်။
သို့သော်လည်း လှိုင်သာယာရှိ ကျူးကျော် နေထိုင်သူ အများစုမှာ အမှန်တကယ်ဆင်းရဲပြီး အိမ်နှင့် အဆောင်များ ငှားရမ်းမနေထိုင်နိုင်သည့် သူများဖြစ်ကြပြီး စီးပွားရေးအရ ဥပဒေမဲ့ကျူးကျော်နေသူများမှာ လူနည်းစုပင်ဖြစ်သည်ဟု ၂၀၁၂ ခုနှစ်အတွင်းက မရှိဆင်းရဲသူများ နေထိုင်နိုင်ရန် ဆင်းရဲသား ရွှေမြို့တော်စီမံကိန်းကို ကြိုးပမ်းလုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည့် လှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောကြားသည်။
"အစိုးရအနေနဲ့ ဒီကျူးကျော်ပြဿနာကို ညင်ညင်သာသာနဲ့ပဲ ဖြေရှင်းစေချင်တယ်။ ကျူးတွေကို အိမ်ရာစီမံကိန်းတစ်ခုဖော်ဆောင်ပေးပြီး အရစ်ကျငှားရမ်းမှုပုံစံနဲ့ နေခိုင်းတာမျိုး၊ ဒါမှမဟုတ် ၁၀ နှစ် ဂရန်နဲ့ နေခွင့်ပြုတာမျိုး လုပ်သင့်တယ်။ ဒါဆိုနောက် ၁၀ နှစ်ဆို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု၊ သူတို့ရဲ့ ကြိုးစား အားထုတ်မှုတွေနဲ့အတူ ကျူးပြဿနာလည်း ပြေလည်သွားနိုင်တယ်"ဟု ၎င်းက လက်တလော ကျူးကျော်များကို အင်အားသုံး ဖယ်ရှား ရှင်းလင်းမှုများနှင့် ပတ်သက်ပြီး ပြောကြားသည်။
ရန်ကုန်တိုင်းအစိုးရက ၎င်းအစိုးရသက်တမ်းနောက်ဆုံးကာလအတွင်း တစ်မြို့လုံးရှိ ကျူးကျော်များကို ဖယ်ရှားရှင်းလင်းသွားမည်ဟု ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ ကျူးကျော်များကို အင်အားသုံး ဖယ်ရှား ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။
ယင်းသို့ ပြုပ်လုပ်မှုများကြောင့် ကျူးကျော်ပြဿနာ မှာ ပြေလည်သွားမှုမရှိဘဲ ကျူးဘ၀မှ လမ်းမများပေါ်သို့ အိမ်ခြေမဲ့ဘ၀များအဖြစ် ရောက်ရှိစေခဲ့သည့်အတွက် ဝေဖန်မှုများလည်း ရှိနေသည်။
ကျူးကျော်ဖယ်ရှားရှင်းလင်းမှုများတွင် စနစ်တကျ အစီအမံများထားရှိ၍ ဖယ်ရှားခြင်းမျိုးမဟုတ်ဘဲ အင်အားသုံးဖယ်ရှား ရှင်းလင်းမှုများကြောင့် လူသားချင်းစာနာထောက်ထားခြင်းနှင့် လူ့အခွင့်အရေး မဆုံးရှုံးစေသော ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အကြံပြု တိုက်တွန်းချက်များလည်း ထုတ်ပြန်ခဲ့ရသည်။
"ကျူးကျော်တွေကို အင်အားသုံးဖယ်ရှားမှုတွေဟာ ဥပဒေမဲ့နေတာကို တွေ့နေရတယ်။ သက်ဆိုင်ရာက ပေးတဲ့ သတိပေးနို့တစ်စာတွေကိုက ဥပဒေပါအချက်အလက်တွေနဲ့ ကိုက်ညီမှု မရှိဘူး။ ဒီကျူးတွေဟာ နိုင်ငံသားတွေပါပဲ။ ဒီလိုရာသီဥတု၊ ဒီလိုကာလအတွင်းမှာ အင်အားသုံး ဖယ်ရှားမှုတွေဟာ သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို မျက်ကွယ်ပြုလွန်းရာ ကျနေပါတယ်" ဟု စီးပွားရေးနှင့် ဥပဒေလမ်းညွှန်ဖြစ်သူ ဦးတင်သန်းဦးက ပြောကြားသည်။
ထို့ပြင် အစိုးရက အမှန်တကယ်ဆင်းရဲ နွမ်းပါး၍ ဖြစ်ပေါ်လာသည့်ကျူးကျော်များနှင့် အကျိုးစီးပွားအရ လုပ်ဆောင်နေသော ကျူးကျော်သူများကို စနစ်တကျလေ့လာသုတေသနပြု၍ ယခုကဲ့သို့ အင်အားသုံး ဖြေရှင်းနည်းမဟုတ်သော အကောင်းဆုံးနည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက် သင့်သည်ဟု ၎င်းက ဆိုသည်။
"အာဏာပိုင်တွေနဲ့ စီးပွားရေးအဖွဲ့ အစည်းအုပ်စုအချို့ရဲ့ အင်အားသုံးဖယ်ရှားမှုတွေဟာ ကျူးကျော်ဘ၀တွေကို ပိုပြီးနစ်မွန်းသည်ထက် နစ်မွန်းအောင် တွန်းပို့နေသလိုပါပဲ။ ပြီးတော့ ဒီကျူးကျော်တွေကို နောက်ထပ်ကျူးကျော်သူတွေအဖြစ်ပါ ထပ်မံရောက် ရှိသွားစေတာပါ။ အင်အားသုံးဖြေရှင်းမှုတွေဟာ ဥပဒေမဲ့နေတာကို တွေ့နေရတယ်။ ပြီးတော့ ဖယ်ရှားခံရတဲ့ ကျူးကျော်တွေမှာ လူ့ဂုဏ်သိက္ခာမဲ့စေတဲ့အဖြစ်တွေနဲ့ လူ့အခွင့်အရေးဆုံးရှုံးမှုတွေကို ခံစားစေရနိုင်ပါတယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းမြင့်က ပြောသည်။
လက်ရှိဖြစ်ပွားနေသည့် ကျူးကျော်များ အင်အားသုံး ဖယ်ရှားရှင်းလင်းနေမှုများနှင့် ကျူးကျော်ပြဿနာကို အကောင်းဆုံး နည်းလမ်းများဖြင့် ဖြေရှင်းသွားရန် အစီအစဉ်များ ရှိမရှိကိုလည်း လွှတ်တော် အစည်းအဝေးတွင် မေးမြန်းသွားမည်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
လက်ရှိအစိုးရသက်တမ်း ငါးနှစ်တာကာလအတွင်း တစတစဖြင့် အခြေတည်ကြီးထွားလာရသည့် ကျူးကျော်ပြဿနာမှာ စနစ်တကျဖြေရှင်းဆောင်ရွက်မှုများ မရှိခဲ့ခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့် ကျူးကျော် ပြဿနာမှာ လာမည့် အစိုးသစ်အတွက် စနစ်တကျဖြင့် မဖြစ်မနေ ဖြေရှင်းပေးရမည့် ပြဿနာတစ်ရပ် ဖြစ်လို့နေပေသည်။
Credit: The Myanmar Times