ဧရာဝတီမြစ်ကို အမှီပြုပြီး ကာယလုပ်အားနဲ့ လုပ်ကိုင်စားသောက်ကာ အိမ်ပိုင်မရှိကျူးကျော်နေထိုင်သူတွေကို ငှားရမ်းပေးပေမယ့် တိုက်ခန်းငှားရန်းခကို အခုလက်ရှိသတ်မှတ်ထားတဲ့ ဈေးနှုန်းထက် အနည်းငယ်လျှော့ချသတ်မှတ်ပေးစေချင်တယ်လို့ အငှားအိမ်ရာငှားရမ်းနေထိုင်မယ့် သူတချို့ဆီက သိရပါတယ်။
မန္တလေးမြို့တော်စည်ပင်သာယာမြေပေမှာ တည်ဆောက်ထားတဲ့ အငှားအိမ်ရာတိုက်ခန်းငှားရမ်းခတွေကို တစ်လကိုကျပ် ၃၀,၀၀၀ သတ်မှတ်ထားပါတယ်။
‘အခုလဲ လျှော့ပေးဖို့တောင်းဆိုနေတယ် ၊ အငှားအိမ်ရာမှာ ငှားနေမယ့်သူတွေက လက်လုပ်လက်စားသမားတွေပါ ၊ အလုပ်အကိုင်အဆင်ပြေမှ ဝင်ငွေရှိတယ် ၊ အခုဆို အလုပ်တွေက သိပ်အဆင်မပြေဘူး ၊ အများကြီးမဟုတ်ပါဘူး ၊ နည်းနည်းလျော့ပေးစေချင်တယ် ၊ ရေဖိုး ၊ မီးဖိုး ကိုယ်တိုင်ဆောင်ရမှာနဲ့ဆိုရင် ကျပ် ၄၀,၀၀၀ လောက်ထိကျမယ် ၊ ဆင်းရဲသားတွေ မတတ်နိုင်ဘူး’ လို့ အငှားအိမ်ရာငှားရမ်းခွင့်ရရှိဖို့ လျှောက်ထားသူ မသီတာထွေးက ပြောပါတယ်။
တိုက်ခန်းငှားရမ်းခတွေကို အထပ်မြင့်အလိုက် ဈေးနှုန်းခွဲခြားသတ်မှတ်တာမျိုးဖြစ်စေချင်ကြတယ်လို့ ဆိုပါတယ်။
အငှားအိမ်ရာမှာ ကံ့ကော်အိမ်ရာ ၊ စံပါယ်အိမ်ရာ နဲ့ နှင်းဆီအိမ်ရာဆိုပြီး သုံးဆောင်ရှိကာ စုစုပေါင်းတိုက်ခန်းပေါင်း ၁၅၈၄ ခန်းရှိပြီး လာမယ့်မတ်လအတွင်းမှာ အချက်အလက်ပြည့်စုံသူတွေကို ကိုယ်တိုင်မဲနှိုက်စနစ်နဲ့ ငှားရမ်းပေးတော့မှာဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
‘ဈေးနှုန်းနဲ့ပတ်သက်လို့ ပြန်စဉ်းစားပေးပါမယ် ၊ သုံးသပ်ပါမယ် ၊ အဖြေမပြောင်းလဲရင် ဒီအတိုင်း ဖြစ်ပါမယ်’လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်တင့်က ပြောပါတယ်။
အငှာအိမ်ရာ ငှားရမ်းခွင့်လျှောက်လွှာတွေကို အခုလ ၃ရက်နေ့ နောက်ဆုံးထားလျှောက်ထားဖို့ သတ်မှတ်ထားခဲ့ရာ လျှောက်ထားသူ ၁၈၀၀ ကျော်ရှိခဲ့ပြီး သတ်မှတ်စည်းကမ်းချက်နဲ့ ကိုက်ညီမှုရှိသူတွေကို စိစစ်ခဲ့ရာ ၁၁၀၀ ကျော်သာရှိတဲ့အတွက် လျှောက်လွှာလျှောက်ထားရမယ့်ရက်ကို အခုလ ၂၉ ရက်နေ့အထိ ထပ်တိုး သတ်မှတ်လိုက်ပါတယ်။
‘အိမ်ထောင်စုဇယားရှိရင် ရှိတဲ့မြို့ ၊ ရွာကိုသွားယူပါ ၊ ဘယ်မြို့ ၊ ဘယ်ရွာက ဖြစ်ဖြစ်အိမ်ထောင်စုဇယားရှိရင်ရတယ်၊ မှတ်ပုံတင်လဲ အတူနေသူရဲ့ မှတ်ပုံတင်မိထ္ထူနဲ့လဲရတယ်’လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် (၇) ဦးခင်မောင်တင့်က ပြောပါတယ်။
အိမ်လခပေးသွင်းရက်ကို လဆန်း (၁)ရက်နေ့ကို သတ်မှတ်ထားပြီး သတ်မှတ်နေရာကို လာရောက်ပေးဆောင်ရမှာဖြစ်တယ်။ ပေးသွင်းရမယ့်ရက် ပျက်ကွက်ခဲ့မယ်ဆိုရင် ဒဏ်ကြေးအဖြစ်တစ်ရက်ကျပ် ၂၀၀၀ ပေးဆောင်ရမှာဖြစ်တယ်။ ပျက်ကွက်ရက်ပေါင်း သုံးလထက်ကျော်လွန်ပြီး ဒဏ်ကြေးအပြည့်အဝပေးဆောင်မှုမရှိဘူးဆိုရင် ပြန်လည်သိမ်းယူမယ်လို့ ဆိုပါတယ်။
ငှားရမ်းမယ့်ကာလကို တစ်နှစ်သတ်မှတ်ထားပြီး ထပ်မံငှားရမ်းမယ်ဆိုရင် စာချုပ်သတ်တမ်းမပြည့်မီ နှစ်လကြိုတင်ပြီး အငှားအိမ်ရာစခန်းတာဝံခံကို အကြောင်းကြားရမယ်လို့ ဆိုပါတယ်။
ကော်မတီက အိမ်ဥပစာကို စစ်ဆေးဖို့အတွက် ခွင့်တောင်းမယ် ဆိုရင် နံနက် ၆း၀၀ နာရီကနေ ညနေ ၆း၀၀ နာရီအတွင်း ဝင်ရောက်စစ်ဆေးခွင့် ပြုရမှာဖြစ်ပြီး အငှားအိမ်ရာအငှားချထားခြင်း စာချုပ်မှာ အချက် ၁၇ ချက်ပါဝင်မှာဖြစ်ပြီး အိမ်ငှားရမ်းသူများလိုက်နာဖို့အတွက်တော့ ၁၆ ချက်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မြို့ပတ်ကမ်းနားလမ်းရှိ စည်ပင်သာယာပိုင်မြေကွက်မှာ အကောင်အထည်ဖော်နေတဲ့ အငှားအိမ်ရာကို ကျပ်သန်းပေါင်း ၁၁၃၃၄.၃၁၁ အကုန်အကျခံတည်ဆောက်နေတာဖြစ်ပြီး ၂၀၁၅ ခုနှစ် မတ်လကစတင်အကောင်အထည့်ဖော်ခဲ့တာဖြစ်တယ်။
Credit: The Modern