Cubism ပန်းချီ၏ ပူးတွဲဖခင်ကြီးဖြစ်သူ ၂၀ရာစု၏ အကြီးကျယ်ဆုံးပန်းချီပညာရှင် ပါဘလိုပီကာဆိုကိုယ်တိုင် နံရံပန်းချီများရေးဆွဲပေးခဲ့သည့် Chateau de Castilleရဲတိုက်ကြီးကိုစတာလင်ပေါင် ၆ ဒသမ ၉ သန်း(ကန်ဒေါ်လာ ၉ ဒသမ ၇ သန်း) ကျော်မျှဖြင့် ရောင်းချမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။
Chateau de Castilleရဲတိုက်ကြီးတွင် အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၈ ခန်းပါဝင်ပြီးပီကာဆိုကိုယ်တိုင်ရေး ဆွဲပေးခဲ့သည့် နံရံဆေးရေးပန်းချီများပါဝင်သည့် ပန်းခြံတစ်ခုတို့ ပါဝင်သည်။
ဗြိတိန်လူမျိုး၊ အနုပညာလက်ရာများစုဆောင်း သူဒေါက်ဂလပ်ကူးပါးက ပြင်သစ်နိုင်ငံတောင်ပိုင်းရှိအဆိုပါရဲတိုက်ကြီးကို ၁၉၅၀ ခုနှစ်က ၀ယ်ယူထားခဲ့ခြင်း ဖြစ်သည်။
ပီကာဆိုသည် ကူးပါး၏ မိတ်ဆွေရင်းချာတစ်ဦးဖြစ်သည်။
ပီကာဆိုကအဆိုပါရဲတိုက်ကြီးကိုအလွန်နှစ် သက်သောကြောင့် ၁၉၅၈ ခုနှစ်တွင် ၀ယ်ယူရန်ကြိုးပမ်းခဲ့သော်လည်း မ၀ယ်ဖြစ်ခဲ့ပေ။
ပီကာဆိုသည် ယင်းရဲတိုက်ကြီးကို မ၀ယ်ဖြစ်ခဲ့သည့်နောက်ပိုင်းရဲတိုက်ကြီးနှင့် မိုင်အနည်းငယ်အကွာတွင်ရှိသောနေအိမ်ကို ၀ယ်ယူခဲ့သော်လည်း Chateau de Castilleရဲတိုက်ကြီးသို့ မကြာခဏလာရောက်လေ့ရှိသည်။
၁၉၆၂ ခုနှစ်တွင် အဆိုပါရဲတိုက်ကြီး၏ ပန်းခြံအတွင်း ရှိနံရံများတွင် ၎င်း၏လက်ရာပန်းချီများရေး ဆွဲပေးရန် သဘောတူခဲ့သည်။
၁၉၆၃ မေလတွင် ရေးဆွဲပြီးစီးခဲ့ပြီးယခုအခါအဆိုပါလက်ရာများသည် ပြင်သစ်နိုင်ငံအတွက် ရှေးဟောင်းသမိုင်းဝင်ပစ္စည်းများအဖြစ် တန်ဖိုးထားဖွယ် ဖြစ်နေပြီ ဖြစ်သည်။
၁၉၈၄ ခုနှစ်တွင် ဒေါက်ကလပ်ကူးပါးကွယ်လွန်ခဲ့သည်။
ယခုအခါပိုင်ရှင်သစ်များကအဆိုပါနေအိမ်ကြီးကို အရောင်းဈေးကွက်သို့ တင်သွင်းလာခြင်းဖြစ်သည်။
ပီကာဆို၏ လက်ရာများရှိနေသည့် အဆိုပါရဲတိုက်ကြီး၏ ယခုခေါ်ဈေးမှာအလွန်နည်းပါးလှသည်ဟုဆိုရမည်ဖြစ်သည်။
၁၉၅၅ ခုနှစ်ကပီကာဆိုရေးဆွဲခဲ့သောLes Femmes d'Algerအမည်ရှိပန်းချီကားကိုယခင်နှစ်အတွင်းကလေလံတင် ရောင်းချရာတွင်ပင် ကန်ဒေါ်လာ ၁၆၂ သန်းကျော် ရရှိခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)