မပြီးဆုံးသေးတဲ့စီမံကိန်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ကိုင်တွယ်မယ်ဆိုရင် သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေဖိတ်ခေါ်ပြီးလေ့လာမှု့တွေ လုပ်ဆောင်ပြီးမှသာ ဆက်လက်လုပ်ကိုင်သွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှု့ဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လူထုမသိဘဲ လုပ်ငန်းတွေလုပ်ဆောင်မှာ မဟုတ်သလို လူထုမနှစ်သက်တဲ့ ဘယ်လိုလုပ်ငန်းတွေကိုမှ လုပ်ဆောင်မှာမဟုတ်ဘူးလို့ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ်သတင်းထွက်နေတဲ့ အမရပူရမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်ခံက သိရပါတယ်။
‘မပြီးသေးတဲ့ စီမံကိန်းတစ်ခုကို ကိုင်တွယ်မယ်ဆိုရင် သက်ဆိုင်ရာကျွမ်းကျင်တဲ့ ပညာရှင်ကိုခေါ်မယ် ၊ ဘက်ပေါင်းစုံကခေါ်မယ် ၊ ပြည်သူလူထုထဲကခေါ်မယ် ၊ ဒီစီမံကိန်းဘာကြောင့်လုပ်တယ် ၊ တကယ်ရောအကျိုးရှိရဲ့လား ၊ Impact ကဘာရှိလဲ ၊ ငွေဘယ်လောက်ကုန်သွားပြီလဲ ၊ ဒါတွေကိုလေ့လာပြီးမှ လုပ်ငန်းဆက်လုပ်ဖို့စဉ်းစားထားပါတယ်’ လို့ဒေါက်တာဇော်မြင့်ကပြောပါတယ်။
မန္တလေးတိုင်းအတွင်းမှဆိုရင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြို့သာစက်မှု့ဥယျာဉ်စီမံကိန်း ၊ တံတားဦးဟိုတယ်ဇုန်စီမံကိန်း ၊ မင်္ဂလာမန္တလေးစီမံကိန်းလက်ကားကုန်စည်ဒိုင် ၊ မင်္ဂလာမန္တလေးစီမံကိန်း ၊ ကျောက်စိန်းဈေးသစ် စတဲ့စီမံကိန်းတွေကို လုပ်ဆောင်နေပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူအပေါ်မှာ သစ္စာဖောက်တဲ့သူ ၊ အလွဲသုံးစားလုပ်တဲ့သူ မည်သူကိုမျှ ခွင့်လွှတ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။
ရှေ့လုပ်ငန်းပိုင်းမှာ စိန်ခေါ်မှုတွေအများအပြားရှိလို့ အနိုင်ရပါတီအနေနဲ့ ပြည်သူအကျိုးလုပ်ဆောင်ဖို့ သဘောတူထားတူညီသူတွေနဲ့ လက်တွဲပြီး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Credit: The Kumudra