မြန်မာ့ နေထိုင်ရေးစနစ်က အရင် ရှေးခေတ်ဟောင်း မှာတော့ အတော်ရိုးရှင်းပါတယ်။ မြေကွက် လွတ်တွေ က နေရာအနှံ့မှာ လက်ညှိုးထိုး မလွဲအောင် ပေါများ လွန်းတာကြောင့် လမ်းပန်း အသွားအလာကိုအကဲခတ်ပြီး အဆင်သင့် တဲ့နေရာ ရွေးချယ်လို့ အိမ်ဆောက်နေ ထိုင်လိုက်ကြတာပါပဲ။ အိမ်အားလုံးဟာ ကိုယ်တိုင်ဆောက်လုပ်တာ မဟုတ်တဲ့တိုင်အောင် ကိုယ်ပိုင်ချည်းပဲမို့လို့ အိမ်ရှင်-အိမ်ငှါး ပြသနာလည်း မရှိကြပါဘူး။ အိမ်ကြီးကြီးမှာနေတဲ့သူနဲ့ အိမ်သေးသေးလောက်သာနေနိုင်တဲ့သူ ဒါလောက်ပဲကွာခြားပါတယ်။ အိမ်ရာကိုယ်ပိုင်မရှိလို့ ငှါးနေတဲ့သူမျိုးလည်း မရှိခဲ့ပါဘူး။ အိမ်ရောင်း၊ မြေရောင်းတာမျိုး ရှိရင်လည်း အပြတ်ရောင်းချဝယ်ယူကြတဲ့ ဓလေ့ထုံးစံပဲ ရှိခဲ့တာပါ။ လူတွေအနေနဲ့ကလည်း ကိုယ့်အရပ်ကိုယ်နေ၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ အရပ်တစ်ပါးသွားလာပြီး ကုန်စည်ရောင်းဝယ်ဖောက်ကားကြတယ်ဆိုရင်လည်း ကာလတိုလောက်ပဲ သွားလာကြတာဖြစ်လို့ မြန်မာ့ဓလေ့အရ ဘုန်းတော်ကြီးကျောင်းတို့၊ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်း အိမ်မှာ တည်းခိုနေထိုင်တာတို့လောက်ပဲ ရှိခဲ့ပါတယ်။
အင်္ဂလိပ်နယ်ချဲ့တွေ မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီး တိုင်းတစ်ပါးကိုလိုနီဘ၀ ရောက်ခဲ့ချိန်မှာတော့ မြန်မာ တို့ရဲ့ နေထိုင်မှုဓလေ့ဟာ အရွေ့တစ်ခုနဲ့ ထိပ်တိုက်တိုးလာပါတယ်။ အစိုးရရုံးစိုက်တဲ့ ရန်ကုန်မြို့က ဌာနဆိုင်ရာလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင် ဖို့ မြန်မာပြည်အနယ်နယ်အရပ်ရပ်ကလူတွေ စုပြုံတိုး ဆင်းလာခြင်းပါပဲ။ အစိုးရ၀န်ထမ်းအဖြစ် လာပြီးအလုပ်လုပ် သူတွေရှိသလို စီးပွားရေးကွန်ရက်ကောင်းရှိရာမှာ အထိုင်ချပြီး ရောင်းရေး ၀ယ်တာ လာရောက်လုပ် ကိုင်သူတွေလည်း ရှိကြပါတယ်။ အဲဒီအခါ မှာ နောက်ရောက် လာသူဦးရေနဲ့ နဂိုရှိတဲ့မြေပမာဏ ဘယ်လိုမှအချိုးမညီတော့ပါဘူး။ ရေကြည်ရာမြက်နုရာ ကို ရွှေ့ ပြောင်းအခြေချဖို့လာကြသူတွေက တစ်နေ့တခြားတိုးပွားလာကြပေမဲ့ နဂိုရှိနှင့်ပြီးမြေပမာဏက အပြိုင်လိုက်ပြီးတိုးလာရိုးထုံးစံမှ မရှိပဲကလား။
အဲဒီမှာ နောက်ရောက်လာသူတွေအနေနဲ့ ကိုယ်ပိုင်အိမ်မရှိသေးခင်စပ်ကြား ခေတ္တခဏ ငှါးရမ်းနေထိုင်ခြင်းဆိုတဲ့ အငှါးဈေးကွက် စတင်ပေါ်ပေါက်လာတော့တာပါ။ ၀ယ်ထားတဲ့မြေကွက်မှာ သစ်ဝါးလေးအဆင်သင့်တုန်း အိမ်ဆောက် ထားလိုက်တာမျိုး၊ သီးခြားနေမယ်လို့စိတ်ကူးပြီး အိမ်ဆောက်ထားပေမဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အရေးကိစ္စတစ်ခုခုကြောင့် သီးခြားမနေဖြစ်တော့တာမျိုး စတာတွေကြောင့် နေထိုင်သူမရှိဘဲ လစ်လပ်နေတဲ့ အိမ်တွေဟာ အငှါးသမားတွေ မျက်စိကျစရာ ဖြစ်ခဲ့ပါတယ်။ အိမ်ရှင်တွေအနေနဲ့လည်း အလွတ်အတိုင်းပစ် ထားရမယ့်အိမ်အတွက် စောင့်ရှောက်ပြုပြင်မယ့်သူလည်း ရ၊ ငှါးခငွေကြေးလည်း ရ ဆိုတော့ ကိုနေသူနဲ့ လိုနေသူကြား ဆုံမှတ်တစ်ခုအဖြစ် အငှါးဈေးကွက် ဖြစ်တည်လာခဲ့ရပါတယ်။ အနေအထားက ရှင်းပါတယ်။ လစဉ် ငှါးခမှန်မှန်ပေး၊ မထားချင်ရင်ပဲဖြစ်ဖြစ်၊ မနေချင်ရင်ပဲဖြစ်ဖြစ် နှုတ်ဆက်ခွဲခွာ တာ့တာပြကြပေါ့။ ဒါက လုံးချင်းအိမ်တွေရဲ့ အိမ်ရှင်-အိမ်ငှါး ပြဇာတ် ဇာတ်ဝင်ခန်းရဲ့အစ ဘဲဖြစ်ပါတယ်။
ကိုလိုနီခေတ်မှာပဲ ကျယ်လာတဲ့အမြင်နဲ့ မြို့ကွက်တည်ဆောက်မှုပုံသဏ္ဌာန်အရ ဆူးလေဗဟိုပြုမြို့လယ်မှာ တိုက်ခန်းတွေဆောက်ကြ။ အနိမ့်ဆုံး နှစ်ထပ်ကနေ အမြင့်ဆုံး လေးထပ် အထိ ဆောက်ကြသလို လူနေတိုက်ခန်းတွေ တိုးလိုက်တဲ့အခါ မြေကွက်ပိုင်ရှင်တစ်ယောက်တည်းက အခန်း လေးခန်းကနေ ၁၆ ခန်း၊ အခန်း ၂၀ အထိ ပိုင်ကုန်ကြ။ သူနေတာက တစ်ခန်းရယ်၊ ဒီတော့ ကျန်တဲ့အခန်းတွေကို အငှါးချ၊ အဲဒီမှာတင် အိမ်ခန်းငှါးရမ်းခြင်းစနစ်တွေ အသစ်ပေါ်ပေါက်ခဲ့ရပါတယ် ။ လကုန်မှ အခန်းနေထိုင်ခပေးတာမျိုးနဲ့ အငှါးလိုက်လာတဲ့ အပြင် စပေါ်ယူပြီးငှါးတဲ့စနစအထိပါ ဖြစ်လာပါတယ် ။ ရလိုက်တဲ့စပေါ်ငွေ လုံးခနဲခဲကနဲကို လုပ်ငန်း တစ်ခုခုအတွက် ရင်းနှီးမြှုပ်နှံမှုပြုပြီး အပွားခတ်နိုင် တဲ့အနေအထားမို့ အိမ်ရှင်အဖို့ တွက်ခြေကိုက်သလို အိမ်က ဖယ်ပေးရတဲ့အခါ တင်ထားတဲ့စပေါ်ငွေ အလုံးအထည် မပျက်ပြန်ရနိုင်တာမို့ ငွေစုထားတဲ့သဘောမျိုး သက်ရောက်တာကြောင့် အိမ်ငှါးအတွက်လည်း မနစ်နာ win-win situation ဖြစ်နေတဲ့ အိမ်ရှင်-အိမ်ငှါး ချစ်ကြည်ရေးအခင်းအကျင်းဖြစ်ပါတယ်။
နောက်တစ်ခုက အငှါးသက်သက်မဟုတ်တဲ့ ၀ယ်-ရောင်း ကိစ္စ။ ဆင်ခြေဖုံးတွေမှာ ဒီပြသနာမရှိဘဲ ဒီအိမ်၊ ဒီမြေကို ကြိုက်ပြီဆို ဈေးညှိ၊ အရောင်းအ၀ယ်ဖြစ်ပြီး သွားတာနဲ့ မြေရော၊ အိမ်ရော အရှင်သခင်သစ်အပိုင်။ ပိုင်ရှင်ဟောင်းနဲ့သက်ဆိုင်ခြင်း လုံးဝမရှိရတော့။ အဲ . . . မြေတစ်ကွက်ပေါ်မှာရှိနေတဲ့ တိုက်ခန်းလေးခန်းထဲက တစ်ခန်းကို ၀ယ်ချင်တယ်ဆိုပါစို့၊ အခန်းပိုင်ဆိုင်မှုကိုရနိုင်ပေမဲ့ မြေကိုတော့ ဘယ်လိုနည်းနဲ့မှပိုင်ဆိုင်ခွင့်ပေးမယ်မဟုတ်။ အဲဒီမှာတင် ဆလာမီ ခေါ် အပျောက်စနစ်နဲ့ ငှါးရမ်းနေထိုင်ခြင်းစနစ်တစ်ခု လူးလွန့်ပေါ်ပေါက်လာခဲ့ပါတော့တယ် ။
အပျောက်စနစ်ဆိုတာ အခန်းတန်ဖိုးကျသင့်ငွေကို မြေရှင်ဆီ အကျေပေးချေပြီး တိုက်ခန်းကို စိတ်ကြိုက်နေထိုင်စီရင်ခွင့် လက်ဝယ်ရရှိခြင်းပါပဲ။ အပျောက်ဆိုတာက လစဉ် ငှါးရမ်းနေထိုင်ခွင့် ပေးစရာမလိုဘဲ ပျောက်သွားတာကိုအစွဲပြုပြီး ခေါ်တာလို့ ခန့်မှန်းမိပါတယ်။ လစဉ်ပေးရတဲ့ တိုက်ခန်းငှါးရမ်းနေထိုင်မှုစရိတ် ပျောက်သွားတယ်ဆိုပေမဲ့ မြေရှင်ကို လခတစ်မျိုးတော့ ပေးနေရတာပါပဲ။ အဲဒါက မြေငှါးခပါ။ ကိုယ်က တိုက်ခန်းတန်ဖိုး အကျေပေးလိုက်တာဖြစ်လို့ တိုက်ခန်းငှါးရမ်းနေထိုင်စရိတ် ပေးစရာမလိုတော့ပေမဲ့ အဲဒီတိုက်ခန်းတည်ရှိရာမြေကိုတော့ ကိုယ်မပိုင်တာမို့လို့ ဒ်ီမြေပေါ်မှာ တိုက်ခန်းတည်ရှိခွင့် တစ်နည်းပြောရင် မြေငှါးခတော့ မြေရှင်ကိုပေးရတာဖြစ်ပါတယ်။ မြေရှင်အနေနဲ့ကလည်း မြူနီစီပယ် (အခု စည်ပင်သာယာပေါ့) ဆီ သွင်းရမယ့် မြေခွန်ကို အခန်းအရေအတွက်နဲ့တန်ဖိုးသင့်ပြီး အချိုးကျကောက်ခံတာဆိုတော့ မြေငှါးခက သိပ်မပြောပလောက်ပါဘူး။ တိုက်ခန်းငှါးရမ်းနေထိုင်ခွင့်နဲ့စာရင် ပါးပါးလေးပါ။ ဆိုလိုတာက တိုက်ခန်းတန်ဖိုး ကျပ်တစ်သောင်း၊ ငှါးရမ်းနေထိုင်ခွင့်လခ ကျပ်တစ်ရာဆိုရင် အပျောက်စနစ်နဲ့ အခန်းတန်ဖိုးပေးသွင်းထားသူရဲ့ မြေငှားခက တစ်လ တစ်ကျပ်၊ နှစ်ကျပ်လောက်ပဲ ပေးရတာပါ။
ဒီတော့ တိုက်ခန်းတန်ဖိုးအကျေပေးချေပြီးနေထိုင်မှုစနစ်မှာ အခေါ်အဝေါ်က အပျောက်စနစ်နဲ့ဝယ်တယ်၊ အပျောက်စနစ်နဲ့ငှါးတယ်ဆိုပြီး ကွဲပြားနေပါတယ်။ အမှန်မှာတော့ ကုလားကြီးနဲ့ အရာကြီးပါပဲ။ တိုက်ခန်းပေါက်ဈေးအတိုင်း အကျေပေးထားတာမို့ ပိုင်ရှင်သစ်အနေနဲ့ ၀ယ်တယ်လို့ခံယူ လို့ရသလို တစ်ဖက်ကကြည့်ပြန်ရင်လည်း မြေငှါးခပေးပြီး နေရတာဖြစ်လို့ ငှါးတယ်လို့ခံယူလို့လည်း ရပြန်ရော။ ထားပါ . . . ၀ယ်တယ်ပဲသတ်မှတ် သတ်မှတ်၊ ငှါးတယ်ပဲသတ်မှတ် သတ်မှတ် ကိုယ့်အခန်းကိုယ်ကြိုက်သလိုစီမံခန့်ခွဲခွင့်ရှိပြီး ကြိုက်ဈေးရရင်လည်း ပြန်ရောင်းနိုင်ခွင့်ရှိတာက အပျောက်ခန်းရဲ့အနှစ်သာရပါပဲ။
အပျောက်စနစ်နဲ့ဝယ်ထားတဲ့ပိုင်ရှင်က ကိုယ့်တိုက်ခန်း ကိုပြန်ရောင်းရာမှာ မြေရှင်ရဲ့ သဘောတူအသိအမှတ်ပြုမှု လိုအပ်ပါတယ်။ အဲဒီမှာ မြေရှင်ရဲ့ အခွင့်ထူးခံအခန်း ကဏ္ဍ ပေါ်ပေါက်လာတာပါပဲ။ တိုက်ခန်းပိုင်ရှင်အနေနဲ့ ကိုယ့်တိုက်ခန်းအရောင်းစာချုပ်မှာ သဘော တူကြောင်းလက်မှတ်ထိုးပေးဖို့ မြေရှင်ကို အခကြေးငွေပေးရပါတယ်။ အဲဒီအခကြေးငွေဟာ အစကတော့ သဒ္ဓါကြေးလောက်ပဲဖြစ်ပေ မဲ့ နောက်ပိုင်းတော့ လာဘ်လာဘသဘောဆောင် လာရုံသာမက မသဒ္ဓါရေစာလို့ဆိုရမယ့် အနေအထား အထိ ဖြစ်လာပါတော့တယ်။ ၀ယ်ရင်းတန်ဖိုးထက် အဆများစွာသာလွန်တဲ့အမြတ်နဲ့ ပြန်ရောင်းတဲ့ တိုက်ခန်း မျိုးဖြစ်လေလေ မြေရှင်ရဲ့သဘောတူထောက်ခံချက်လေးရဖို့အရေး မြေရှင်တောင်းတဲ့ကြေးက နင့်နေတာပါပဲ။ ၀ယ်တုန်းက လက်မှတ်ထိုးပေးတဲ့ ပမာဏလောက်ပဲ လက်ခံဖို့ပြောတာတောင် ငွေတန်ဖိုးက ခေတ်အခြေအနေပေါ်မူတည်ပြီး မြင့်တက်သွားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တင်းခံထားလေ့ရှိကြတယ်။
တကယ်တော့ မြေရှင်သဘောတူလက်မှတ်ဆိုတာကလည်း သူ့ဆီက မြေငှါးခဆောင်တဲ့ဘောက်ချာမှာ ပိုင်ရှင်ဟောင်း နာမည်အစား ပိုင်ရှင်သစ်နာမည် ပြောင်းလဲရေးသားပေးဖို့ ဒီအရောင်းအ၀ယ်ဖြစ်သွားခဲ့ပါတယ်ဆိုတာ သူသိရှိကြောင်း သက်သေတစ်ခုမျှသာပါ။ တကယ်လို့ ပိုင်ရှင်ဟောင်း က မြေရှင်သိရှိကြောင်းလက်မှတ်မပါဘဲ ရောင်းလိုက်တယ်ဆိုပါစို့။ အချိန်တနလို့ မြေငှါးခကောက်ခံတဲ့ဘောက်ချာ ထွက်လာရင် ပိုင်ရှင်သစ်နာမည်မထွက်တော့ဘဲ ပိုင်ရှင်ဟောင်းနာမည်နဲ့ပဲ ဆက်ကောက်ခံနေမယ်။ လူရဲ့သဘာဝအရ ကိုယ်က ပိုင်ရှင်ဖြစ်နေပါလျက် ကိုယ့်နာမည်နဲ့ဘောက်ချာမထွက်ဘဲ ပိုင်ရှင်ဟောင်းနာမည်နဲ့ပဲ ဘောက်ချာဆက်ထွက်နေခြင်းဟာ အခံရခက်စရာပါ။ ဒါကြောင့် ၀ယ်သူဘက်ကလည်း ခုရှုပ်မှနောင်ရှင်းဆိုသလို နောက်ပိုင်းကိစ္စရှင်းရှင်းလင်းရှိစေဖို့ မြေရှင်လက်မှတ်အပါအ၀င် အင်္ဂါစုံတဲ့ အရောင်းအ၀ယ် စာချုပ်ကိုပဲ လက်ခံချင်ကြတာပါ။
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေး၊ တိုက်ခန်းဈေးတွေ အတက်ဇယားမှာရှိနေသမျှတော့ တိုက်ခန်း အရောင်းအ၀ယ်တွေ မှာ သူတို့လက်မှတ်မပါရင် အင်္ဂါမစုံတဲ့စာချုပ်ဖြစ်နေတာမို့ အရောင်းအ၀ယ်ဖြစ် စဉ်ကိုတောင် ပျက်ပြားအောင် ခြိမ်းခြောက်နိုင် စွမ်းရှိတဲ့ မြေရှင်တွေရဲ့အခန်းကဏ္ဍကတော့ ပန်းဆက်ပန်ပါ မဗေဒါ ဆိုတဲ့စကားအတိုင်း . . .
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com