မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းတွင် တည်ဆောက်နေသောMandalay Convention Center & Commercial Complex စီမံကိန်းကို အဆင့်သုံးဆင့် ဖြင့် တည်ဆောက်လျက်ရှိရာ ပထမအဆင့်ဖြစ်သည့် Mandalay ConventionCenterမှာအကြမ်းထည်ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ မတ်လ၌ အကြိုဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီနှင့် MIDG (Mandalay Investment & Development Group) တို့ အကျိုးတူပူးပေါင်းတည်ဆောက်ခြင်းဖြစ်ပြီး CAD နှင့် New Star Light ဆောက်လုပ်ရေးကုမ္ပဏီတို့က တည်ဆောက်လျက်ရှိရာ အမေရိကန်ဒေါ်လာ ၂၅ သန်း ကုန်ကျမည် ဟုဆိုသည်။
''ကွန်ဗင်းရှင်းစင်တာကို မတ်လ ၂၃ရက်မှာ အကြို ဖွင့်လှစ်ဖို့ စီစဉ်နေ တယ်။ နိုင်ငံတကာမှာ ကွန်ဗင်းရှင်း စင်တာရှိတယ်။ ကွန်ဗင်းရှင်း စင်တာဆိုတာ တိုင်းပြည် တစ်ပြည်၊ မြို့တစ်မြို့အတွက် အလွန်အရေးပါ ပါတယ်။ မြို့ရဲ့ စီးပွားရေးနယ်ပယ် ချိတ်ဆက်မှုတွေလုပ်နိုင်မှာဖြစ်သလို အနုပညာပွဲတွေလည်းလုပ်နိုင်မယ်''ဟု CAD မှ မန်နေဂျင်းဒါရိုက်တာ ဦးဇင်မင်းဆွေက ပြောသည်။
ဧရိယာ ၁၄ ဒသမ ၇၈ ဧကတွင် ပထမအဆင့် ကွန်ဗင်းရှင်းစင်တာ၊ ဒုတိယအဆင့် Commercial Complex နှင့် တတိယအဆင့်တွင် အနုပညာနှင့် ဧည့်ခံ ဖျော်ဖြေပွဲ အဆောက်အအုံများ တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အဆင့်သုံးဆင့်ကို လာမည့် ၂ဝ၁၉ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကာ ယခုနှစ် ဇွန်လအတွင်း ကွန်ဗင်းရှင်းစင်တာအား လွှဲပြောင်းအပ်နှံမည်ဖြစ်ကြောင်း သိရသည်။
''ဒီကွန်ဗင်းရှင်းစင်တာက သံကူကွန်ကရစ် RC လေးထပ် အဆောက်အအုံဖြစ်ပါတယ်။ ကြမ်းခင်းဧရိယာ စတုရန်းပေ ၂ သိန်းကျော်ရှိပြီး မြေအောက်ကားပါကင် ပါတယ်။ ကွန်ဗင်းရှင်းစင်တာသဘောအရ Seminar တွေ၊ ကွန်ဖရင့်တွေနဲ့ကုန်စည်ပြပွဲတွေတစ်ပြိုင်တည်းလုပ် နိုင်တယ်''ဟု ၄င်းက ဆက်လက်ပြောပြသည်။
ကွန်ဗင်းရှင်းစင်တာမြေညီထပ်တွင် လူဦးရေ ၄၅ဝဝ ဆံ့ ခန်းမတစ်ခု၊၂၆၄ ဦးဆံ့ ကွန်ဖရင့်ခန်းမတစ်ခုနှင့် Seminar များပြုလုပ်နိုင်သည့် ခန်းမငယ်များပါဝင်ကြောင်း၊ စက်လှေကား ခြောက်စင်းပါဝင်၍ ကားပြပွဲများပြုလုပ်နိုင်သည့် ကားအတင်အချ ဓာတ်လှေကား ပါရှိပြီး နိုင်ငံတကာ အဆင့်မီ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
Credit: MOI Webportal Myanmar