အိမ်ခြံမြေအရောင်းအဝယ်မှာ မြို့တွင်းရော အခြားမြို့နယ်တွေမှာပါ အရောင်းဈေးကွက် ဈေးမာနေတာက အငှားဈေးကွက်ရှိနေတာကြောင့်ဖြစ်ပြီး အရောင်းဈေးကွက်ကိုတစ်ရှိန်ထိုးဈေးမတက်ဘဲ ပုံမှန်အနေနဲ့ဈေးမြင့်တက်နေတယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ်။
အခုလိုဈေးကွက်ထဲမှာ အငှားဈေးကွက်ဦးဆောင်နေနိုင်တာက ရောင်းဈေးတွေမြင့်နေတာကြောင့်ဖြစ်သလို အရောင်းဈေးကွက်က ပြီးခဲ့တဲ့၂၀၁၄ ခုနှစ်လောက်ကတည်းက အခုအထိအမြင့်ဈေးနဲ့ ဈေးမာနေနိုင်တာကလည်း အငှားဈေးကွက်ကြောင့်ဖြစ်တယ်။
အပြန်အလှန်တည်မှီနေတာလို့ သိရတယ်။ အရောင်းဈေးကွက်က ငြိမ်သက်ပြီးအေးနေပေမယ့် အငှားဈေးကွက်က တစ်လထက်တစ်လ ဈေးမြင့်နေတာဖြစ်ပြီး ဈေးကလည်း မြင့်နေတာလို့ ပြောပါတယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘အရောင်းဈေးကွက်ငြိမ်နေတာကကြာပြီ ၊ နှစ်နှစ်ဝန်းကျင်လောက်ရှိပြီ ၊ အငှားဈေးကွက်ကတော့ အရင်ကလဲ ဈေးကွက်ထဲမှာဦးဆောင်နေတာပဲဆိုပေမယ့် ဒီနောက်ပိုင်းမှာ ပိုပြီးအငှားတွေဖြစ်လာတယ် ၊ ငှားမယ့်သူတွေဖြစ်လာတယ် ၊ ငှားမယ့်သူတွေများလာသလို ငှားတဲ့သူတွေလဲများလာတယ် ၊ ဒီတော့ဘယ်သူကမှ အငှားကို ဈေးလျှော့ပြီး ခေါ်တယ်ဆိုတာမရှိဘူး ၊ ဈေးအမြဲတက်နေတာ’ လို့ပြောပါတယ်။
ရန်ကုန်မှာအများစုက ဝယ်နေနိုင်တဲ့လူတန်းစားတွေထက် ငှားနေကြတဲ့သူတွေက ပိုများနေတာပါ။ အငှားဈေးကွက်ကောင်းနေသရွှေ့ အရောင်းဈေးကွက်ကလည်း ဈေးအမြင့်နဲ့ပဲရှိနေနိုင်တယ်လို့ပြောပါတယ်။ ဝယ်ရောင်းသမားအများစုကလည်း အရောင်းဈေးကွက်က ခုချိန်မှာ အရှုံးခံရောင်းမှ ထွက်တာကြောင့် မရောင်းဘဲ အငှားဈေးကွက်ဘက်ကို လှည့်သွားကြတာလို့ အကျိုးဆောင်တချို့ထံကသိရပါတယ်။
မြို့တွင်းနဲ့ အခြားမြို့နယ်တွေမှာ ရုံးခန်း ၊ ဆိုင်ခန်း ၊ စားသောက်ဆိုင် ၊ ဘာဆိုင် ၊ ရှိုးရွမ်း နဲ့ အရောင်းပြခန်းတွေ ၊ကားဆားဗစ်စင်တာတွေနဲ့ နေထိုင်ဖို့အတွက် မြေကွက် ၊ လုံးချင်းအိမ် ၊ ဆိုင်ခန်း ၊ တိုက်ခန်း ငှားရမ်းမူ့တွေက ပုံမှန်ဈေးကွက်အတိုင်း အမြဲရှိနေတယ်။
ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင်ဦးအောင်ကျော်က ‘အငှားက ပုံမှန်ရှိတယ် ၊ အရောင်းလိုဝုန်းဒိုင်းမတက်ဘူး ၊ အိမ်ရှင်ရဲ့ခေါ်ဈေးပေါ်မူတည်ပြီး တဖြည်းဖြည်းနဲ့တက်တာ ၊ ခေါ်ဈေးအတိုင်းငှားတဲ့သူတွေက ပေးနေနေရတော့ ဈေးကကျတယ်ဆိုတာမရှိဘူး ၊ ဒီနှစ်လဲ အငှားဈေးကွက်က ကောင်းနေမှာပဲ ’လို့ ပြောပါတယ်။
လုံးချင်းမြေကွက်အငှားဈေး ကရန်ကင်း သစ္စာလမ်းမတန်းပေါ်မှာ လေးထပ်အဆောက်အုံပါ ပေ ၃၀ x ပေ ၇၀ အကျယ်ကို တစ်လကျပ် ၂၅သိန်းလောက်ရှိပြီး တောင်ဥက္ကလာ သံသုမာလမ်းမ ပေါ်ရှိ လေးထပ်လုံးချင်းကိုပဲ ပေ၂၀ x၆၀ အကျယ်ကို တစ်လကျပ်သိန်း ၄၀ ဝန်းကျင်ရှိပါတယ်။
လုံးချင်းအငှားဈေး ၁၀သိန်းအောက်က ဆင်ခြေဖုံးမြို့နယ် တချို့ရှိလမ်းမတန်း တွေမှာပဲရှိကာ မြို့တွင်းဆက်စပ်မြို့နယ်တွေမှာ သိန်း၂၀ နဲ့အထက်ရှိတယ်လို့ သိရပါတယ်။
တချို့ကအငှားအတွက်ပဲ ရင်းနှီးမြုပ်နှံပြီး ဝယ်ထားကြတာပါ ။ နိုင်ငံခြားရင်းနှီးမြုပ်နှံမူ့တွေဝင်လာရင် အငှားဝေးကွက်က ပိုပြီးမြင့်လာနိုင်ခြေရှိတာကြောင့် နေဖို့ငှားတဲ့သူတွေ မြို့တွင်းဆက်စပ်မြို့နယ်တွေဘက်ကို ပြောင်းသွားနိုင်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
Credit: The Modern