ရန်ကုန်မြို့တွင်း ဆောက်လုပ်အကောင်အထည်ဖော်နေတဲ့ ဆောက်လုပ်ရေးဈေးကွက်အတွင်း ကြိုပွိုင့်ဆောက်လုပ်ရောင်းချတဲ့ ကန်ထရိုက်တွေ မရှိသလောက်နည်းပါးလာတယ်လို့ ဆောက်လုပ်ရေးလုပ် ငန်းရှင်တချို့က ပြောပါတယ်။
ဈေးကွက်က အရောင်းပိုင်းမှာပြန်လိုက်လာပေမယ့် အများစုက ငွေအရင်းစိုက်ပြီး ဆောက်လာကြတယ်။ အရင်ကလို လုံးဝမဆောက်သေးဘဲ ကြိုပွိုင့်ရောင်းတာမျိုးကို ၀ယ်လက်ကလည်း တရားမ၀င်တိုက်ခေတ်ထ လာပြီး နောက်ပိုင်းမ၀ယ်ကြတော့ဘူး။ တကယ်ရောင်းမယ်ဆို တကယ်ဆောက်ပြီးတော့မှာ အလုံးအထည်ပေါ်မှ ရောင်းလာကြတယ်လို့ အံ့ထူးဆောက်လုပ်ရေးက မန်နေဂျာကိုမင်းမင်းက ပြောပါတယ်။
ဈေးကွက်အတွင်းဆောက်လုပ်အကောင်အထည်ဖော်နေတဲ့ ကန်ထရိုက်အများစုက ကိုယ်ပိုင်ငွေကြေးနဲ့ ၈၀ ရာခိုင်နှုန်းလောက်အထိ ဆောက်လုပ်ကြပြီး အကြမ်းထည်ပြီးစီးမှုတွေ မြင်ရမှ တရားဝင် ထုတ်ရောင်းတာတွေ ရှိနေပါတယ်။ ဈေးကွက် အတွင်း ကြိုရောင်းတဲ့တိုက်တွေမှာလည်း သာမန်ပုံစံကြော်ငြာပြီးရောင်းချတာမျိုးမဟုတ်ဘဲ အချင်းချင်းမိတ်ဆက်ရောင်းချတာတွေသာ များတယ်လို့ သိရပါတယ်။
အရင်က အရောင်းအ၀ယ်ဖြစ်ခဲ့တဲ့ ကြိုပွိုင့်တိုက်တွေ မှာတော့ သက်ဆိုင်ရာဌာနက ဆောက်လုပ်ခွင့်မကျခင် ကတည်းက ရောင်းချပြီးစီးတာတွေ ရှိနေ တာကြောင့် နောက်ပိုင်းဈေး ကွက် အေးသွားချိန်မှာ ဆောက်လုပ်တဲ့ ကန်ထရိုက်ထွက်ပြေးတဲ့ ပြဿနာတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်းဈေးကွက်ပြန်လည်စတင်ချိန်မှာတော့ သက်ဆိုင်ရာဌာနတွေရဲ့ အရေးယူမှုနဲ့ ၀ယ်လက်တွေရဲ့ ၀ယ်လိုအားတွေကြောင့်တရားမ၀င်ကန်ထရိုက်တိုက် ဆောက် လုပ်မှုမရှိသလောက် နည်းပါးလာတယ်လို့ သိရပါတယ်။
တရားမ၀င်ကန်ထရိုက်တိုက်ဈေးကွက်မှာလည်း နောက် ပိုင်းဆောက်လုပ်တဲ့ တိုက်တွေမှာ နေထိုင်သူတွေ အတွက် ရေမီးစတဲ့ အပိုင်းတွေမှာ ပါမစ်ကျဖို့ အခက်အခဲဖြစ်စေတာကြောင့် ပြန်လည်ရောင်းချတဲ့ ဈေး ကွက်အတွင်းမှာ ကျပ်သိန်း ၁၀၀ ၀န်းကျင်လောက်အထိ ဈေးကွက်ကျဆင်းပြီး အရောင်းများလာတာလည်း ဖြစ်ပါတယ်။
ကန်ထရိုက်ဈေးကွက်အတွင်းမှာတော့ လက်ရှိမှာ အကြမ်းထည်ပြီးစီးတဲ့ တိုက်တွေနဲ့လူနေထိုင်ခွင့် ကျဖို့ စောင့်နေတဲ့ တိုက်တွေမှာသာ အရောင်းဈေးကွက်တွေရှိပြီး အကျိုးတူကန်ထရိုက်ဈေးကွက်ထက် ကန်ထရိုက်တာမြေပိုင်မှာ ဆောက်လုပ်ရောင်းချတဲ့ တိုက်တွေ ပိုမိုများပြားနေတယ်လို့လည်း သိရပါတယ်။
ပြည့်ဖြိုးမြင့်မွန်
Credit: The Kumudra