ကိုရီးယား - မြန်မာ ချစ်ကြည်ရေးတံတား(ဒလ) တည်ဆောက်ရေးစီမံကိန်း စတင်ခြင်းနှင့် ထောက်ပံ့ကြေးပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁ဝ ရက်တွင် လျာထားသည်ဟု တံတားဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးက ယနေ့ပြောကြားသည်။
''တံတားနဲ့ မလွတ်ကင်းတဲ့ မြေကွက်တွေကို နစ်နာမှု မရှိအောင် ပေ(၄ဝx၆ဝ)တစ်ကွက်ကို ကျပ်သိန်း ၁၃ဝဝ နဲ့ နစ်နာကြေးပေးမှာပါ။ တကယ်က သတ်မှတ်နှုန်းထားက ပေ(၄ဝx၆ဝ)တစ်ကွက်ကို ကျပ်သိန်း ၁၅ဝ သတ်မှတ်ထား ပါတယ်။ ဒါပေမယ့် မြို့မြေဖြစ်တဲ့ အတွက်သုံးဆဆိုတော့ ကျပ်သိန်း ၄၅ဝ ပေါ့။ ကရုဏာကြေးက သိန်း ၈၅ဝ ဆိုတော့ ပေါင်းလိုက်ရင် သိန်း ၁၃ဝဝ ဖြစ်သွားပါတယ်။ တကယ်လို့ လုပ်ငန်းလုပ်ရာမှာ မလွတ်ကင်းဘူးဆိုရင် သိမ်းတာက ခုနစ်ပေခွဲ၊ နောက်ထပ် ခုနစ်ပေခွဲ၊ ယူလိုက်ရင် ၁၅ ပေဖြစ်မယ်။ ထပ်ယူတဲ့မြေအတွက် ဆိပ်ကမ်း အာဏာပိုင် နဲ့နှုန်းထားအတိုင်း တစ်စတုရန်းပေကို ၂၅ဝ (တစ်လ)၊ လေးနှစ်စာ စာချုပ်ချုပ်ပြီး ပေးလျော်မှာပါ။ မလွတ်ကင်းတဲ့အိမ်တွေအတွက်လည်း ဖျက်ခ၊ ပြန်ဆောက် ခတွေကိုလည်း ပေးဦးမှာပါ''ဟု ၎င်းက ဆက်လက်ပြောသည်။
ဒေသခံတစ်ဦးဖြစ်သူကလည်း ''ကျွန်တော်ကအိမ် လွတ်တယ်။ ခုနစ်ပေခွဲအတွက် အကျယ်ပေ ၄ဝ၊ ငှားရမ်းတာ ခုနစ်ပေခွဲအတွက် ကျပ် ၃၉၄၆ဝဝ ရရှိတယ်။ တံတားပြီးရင် တော့ငှားရမ်းထားတဲ့ ကိုယ့်မြေကိုယ်ပြန် ရမယ်''ဟု ပြောသည်။
ဒလ၊ ကမာကဆစ်အနောက်ကျောင်းဆရာတော် ဦးဧသိကာက ''ဆွမ်းစားကျောင်း (တစ်ထပ်) ပေ(၅ဝx ၁ဝဝ)၊ ရာပြည့်ဆောင်(နှစ်ထပ်) ပေ(၄ဝx၂ဝ)၊ ဓမ္မာရုံ (တစ်ထပ်) ပေ(၅ဝx၃ဝ)၊ ကုဋီ ခြောက်ခန်း၊ ဂရုဏာလူမှုကူညီ ရေးအသင်း ပေ(၂ဝx၂ဝ)တစ်ထပ်၊ ဗိုလ်မင်းရောင်လမ်းမ ကြီးဘေးရှိ ထိုင်လျက်ရုပ်ပွားတော်များ၊ ဥာဏ်တော် ၂၇ တောင်၊ ပလ္လင်က ပေ(၃ဝx၂ဝ)၊ ပလ္လင်အမြင့်က ၁ဝ ပေ၊ အလျားပေ ၃ဝ၊ အနံ ပေ ၂ဝ၊ ဓမ္မာရုံပေ(၆ဝx၃၆)၊ ဘုရားကြီးမိုးရံထားတဲ့ တန်ဆောင်းအကျယ်အဝန်းပေ (၅ဝx၅ဝ)ရှိတယ်။ အဲဒါတွေ မလွတ်ကင်းလို့ဖယ်ပေးရမှာ တွေပါ။ အဲဒါတွေကို ပြန်ပြီး လွတ်ကင်းတဲ့နေရာမှာ ဆောက်ပေးမယ်လိုတော့ပြောတယ်'' ဟုမိန့်ကြားသည်။
ယင်းတံတားနှင့်မလွတ်ကင်း၍ ဖျက်သိမ်းခံရသည့် အိမ်ရှင်တရားသူကြီး (ငြိမ်း)တစ်ဦးကလည်း ''အပြင်မှာ ကြားနေတာတော့ ဒီလ ၁ဝ ရက်နေ့လို့ ပြောတယ်။ ချက်လက်မှတ်လို့ အသံကြားတယ်။ တရားဝင်တော့ ခုထိ ဘာမှ မကြားသေးဘူး။ ကိုယ့်အိမ်က ၁၅ ပေအတွက် (အဆောက်အအုံမပါ) သိန်း ၁၅ဝ ကျော်ရမယ်။ ခုနစ်ပေက သိမ်းတာ၊ ရှစ်ပေက ငှားတာ။ တံတားပြီး ရင်တော့ ပြန်ရမှာ ပေါ့''ဟု ပြောသည်။
အဆိုပါ တံတားကြီးပေါ်တွင် ရေပိုက်လိုင်းလည်း ပါဝင်မည်ဖြစ်ပြီး ရန်ကုန်ဘက် ကမ်းတွင် ဘုန်းကြီးလမ်းကို အသုံးပြု၍ ဒလဘက်ကမ်းတွင် ဗိုလ်မင်းရောင်လမ်း (နာရီစင်လမ်း)ကို အသုံးပြုမည်ဟု တံတားဦးစီးဌာနမှ သိရသည်။ ယင်းတံတားကြီး ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၁၈၇ ဒသမ ၈၃၃ သန်း ကုန်ကျမည်ဟု တံတားဦးစီးမှ ထပ်လောင်းပြောကြားသည်။
ကမာကဆစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းဟံ က ''ရန်ကုန်မြစ်ကမ်းနဲ့ ထိစပ်နေတဲ့ ဆိပ်ကမ်းအာဏာပိုင် မြေနေရာကို ရှေးအစဉ်အဆက်ကပင် ဆိပ်ကမ်းမြေ နေရာကို ငှားရမ်းပြီး ခွင့်ပြုအကျယ်အဝန်းထက် ပိုမိုသုံးစွဲ ထားတဲ့မြေတွေကို နှုန်းသစ်နဲ့ပေးဆောင်နိုင်ဖို့ ခွင့်ပြုမယ်။ လိုအပ်သလောက် ငှားရင်လည်း ခွင့်ပြုမယ်။ ငှားရမ်း ခွင့်ရတဲ့မြေကိုတော့ ငှားရမ်းခွင့် ရသူရဲ့အစီအစဉ်နဲ့ ခြံစည်းရိုး ကာရမယ်ဆိုတဲ့ စာရောက်လာတယ်''ဟု ပြောသည်။
ငြိမ်းချမ်းရေးကူးတို့ရေယာဉ်လိုင်းမှ ဦးညွန့်လွင်က ''ကျွန်တော်တို့က အရင်ငြိမ်းချမ်းရေးကူးတို့ ရေယာဉ် လိုင်းမှာ ကူးတို့သမ္ဗန် ၁၆ စင်းရှိတယ်။ ဟိုဘက်က ကမာကဆစ်ကူးတို့ရေယာဉ်လိုင်းက နှစ်ပေါင်းများစွာ ကြာပြီ။ ကျွန်တော်တို့ကသက်တမ်းနုတော့ မယှဉ်နိုင်ဘူး။ ခုတော့ ရေယာဉ်လိုင်းမှာ စက်လှေလေးစင်းပဲရှိတော့ တယ်။ ကုန်ပဲတင်တာပါ။ စက်လှေမပြေးရတော့ ဆိုင်ကယ်၊ စက်ဘီးအပ်တဲ့လုပ်ငန်းလုပ်ရတာပေါ့။ ခုတော့ တံတားကြီးဆောက် တယ်ဆိုတာ အသံတော့ကြားတယ်။ ခုထိတော့ ဖယ်ဖို့ပြုဖို့အကြောင်းမကြားသေးဘူး။ ကျွန်တော်တို့က ငှားရမ်း၊ အသုံးချတာပါ။ သုံးလကို ကျပ် ၈ဝဝဝဝဝ ကျော်ပေးရတယ်''ဟု ပြောသည်။
ယင်းတံတားကြီးကို ၂ဝ၁၆ ခုနှစ်ဒီဇင်ဘာတွင် စတင်နိုင်မည်ဟု တံတားဦးစီးဌာနမှ သိရသည်။
Credit: MOI Webportal Myanmar