ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ။ ။ ရန်ကုန်တိုင်းအတွင်း အိုးပိုင် အိမ်ပိုင်မရှိသူများအား အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ပြုမည့် မဟာဗန္ဓုလအငှားအိမ်ယာစီမံကိန်း လျောက်လွှာစတင်လက်ခံသည့် နေ့၌ပင် လာရောက်လျှောက်ထားသူ များပြားလျက်ရှိသည်။
အဆိုပါ အငှားအိမ်ယာစီမံကိန်းကို ဖေဖော်ဝါရီလ ၁ရက်မှ ၁၅ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လျှောက်လွှာ လက်ခံခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ ပြည်လမ်းနှင့် အလုံလမ်းထောင့်ရှိ တိုင်းဒေသကြီးလွှတ်တော်ဝင်း ဂိတ် (၄)တွင် လျှောက်လွှာ လက်ခံနေခြင်း ဖြစ်သည်။
"အန်တီက မြောက်ဒဂုံမြို့နယ်ကပါ။ မနက်တည်းက လာလျောက်တာပေါ့။ ကြေးမှုံသတင်းစာကနေ သိရတာပေါ့နော်။ ဒီသတင်းကို။ လျှောက်တာတော့ ဘာမှအခက်အခဲမရှိပါဘူး။ သူတို့ပြောပုံအရဆိုရင်တော့ ဖောင်ပိတ်တဲ့နေ့ နောက်ပိုင်းမှာ မဲနှိုက်ပြီးရွေးမယ်ပေါ့။ တကယ်လို့ပေါက်ရင် ဖုန်းဆက်အကြောင်းကြားမယ်ပေါ့နော်။ ပေါက်လို့ အိမ်ပေးတက်နေဖို့ကတော့ အနည်းဆုံးတော့ (၂)လလောက်စောင့်ရဦးမယ်ပြောတာပဲ"ဟု တန်ဖိုးနည်းအငှားအိမ်ခန်း လာရောက် လျှောက်ထားသူ မြောက်ဒဂုံမြို့နယ်မှ ဒေါ်ခင်ခင်မြိုင်က မဇ္ဈိမကို ပြောသည်။
လျှောက်လွှာများကို ဖေဖော်ဝါရီ ၁ရက်မှ ၁၅ရက်အထိ ရန်ကုန်တိုင်း လွှတ်တော်ဂိတ်ပေါက်တွင် လာရောက်လျှောက်ထားနိုင်ပြီး ထိုအထဲမှ မဲနှိုက်ရွေးချယ်ကာ မဲပေါက်သူများကို မတ်လ ၃၁ရက်တွင် ဖုန်းဆက် အကြောင်းကြားမည်ဟု ရန်ကုန်တိုင်း သစ်တော နှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက မဇ္ဈိမကို ပြောသည်။
အိမ်ခန်းလျှောက်ထားသူသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် အိမ်ထောင်စုစာရင်းရှိသူ၊ အိုးပိုင်အိမ်ပိုင် မရှိသူ၊ မည်သူမဆို အငှားအိမ်ရာ လျှောက်ထားနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် အိမ်ထောင်စု စာရင်းရှိသူဖြစ်ကြောင်း ပုံစံ ၆၆/၆ အိမ်ထောင်စု စာရင်းရှိရမည်ဖြစ်ပြီး အငှားစနစ် ဖြစ်ပြီး လက်လွှဲငှားရမ်းခြင်း၊ ရောင်းချခြင်း ပြုလုပ်၍မရကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဇန်နဝါရီ ၂၉ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာထားသည်။
အဆိုပါ မဟာဗန္ဓုလအငှားအိမ်ရာကို ဒဂုံမြို့သစ်တောင်ပိုင်း အမှတ်(၂) လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းဆုံတွင် စီစဉ် ဆောက်လုပ်နေခြင်းဖြစ်ပြီး တိုက်ခန်းပေါင်း (၄)သောင်းပါရှိမည့်အထဲမှ တိုက်ခန်း (၁၂၀၀)ကို စတင်ငှားရမ်းသွားမည်ဟု သိရသည်။
"စံတော်ချိန်မှာပါတယ်ကွာ။ ပါတဲ့အတိုင်း တို့ကလာလျောက်တာ။ ဒီရောက်တော့ တစ်ယောက်တစ်မျိုးစီဖြစ်နေတယ်။ တစ်ချို့က ဧရာဝဏ်ပြောနေတယ်။ တစ်ချို့ကျတော့လည်း ရွာသာကြီးဘက်က အိမ်ရာပြောနေတယ်။ ဘာမှန်းကို မသိဘူး ဖြစ်နေတယ် ။ ဘယ်ဟာမှန်းတော့မသိဘူး။ တို့လည်းဖောင်လေးရလို့ လာလျှောက်ထားတာ"ဟု တောင်ဒဂုံမြို့နယ်၊ (၅၆) ရပ်ကွက်တွင် နေထိုင်သူ ဦးရွှေမောင်က ပြောသည်။
အဆိုပါ မဟာဗန္ဓုလ အငှားအိမ်ရာတွင် အလွှာ(၄)လွှာ ပါရှိမည် ဖြစ်ပြီး တစ်ခန်းလျှင် (၅၆၉.၅) စတုရန်းပေ ကျယ်ဝန်း မည်ဖြစ်သည်။ လစဉ်ငှားရမ်းခ သုံးသောင်းဖြင့် နှစ်ရှည် ငှားရမ်းနေထိုင်ခွင့် ပြုမည်ဟုလည်း ထုတ်ပြန်ထားသည်။
အိမ်ငှားရမ်းရာတွင် မြို့နယ်ထွေအုပ်ရုံးများ၌ လျှောက်လွှာပုံစံ ကူးယူ၍ (လက်ရေးဖြင့် ရေး၍ဖြစ်စေ၊ ကွန်ပျူတာ စာစီ၍ဖြစ်စေ) လျှောက်ထားနိုင်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်၍ ကော်မတီ/အဖွဲ့ဖြင့် လျှောက်လွှာများ စိစစ်နေ၍ ငှားရမ်းပေးနေခြင်း ဖြစ်ကာ အိမ်ခန်းငှားလိုသူများအနေဖြင့် မှတ်ပုံတင် မိတ္တူ၊ အိမ်ထောင်စုစာရင်း၊ အိမ်ပိုင်ရှိကြောင်း မိမိကိုယ်တိုင် ဝန်ခံချက်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်ဖြင့် လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။
Credit: The Mizzma New