ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန် အနောက်ဘက်မြေကွက်လပ်တွင် ဝန်ထမ်း အလုပ်သမားများသက်သာချောင်ချိစွာ နေထိုင်နိုင်ရေး
အတွက် စက်ရုံလုပ်သားအိမ်ရာကို ဆောက်လုပ်လျက်
ရှိရာ အဆောက်အအုံများကို မတ်လကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း
သိရသည်။
အဆိုပါအိမ်ရာကို နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးကြပ်ကာ ၂ဝ၁၅ ခုနှစ် မေလအတွင်းက စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
အကျယ် ၂ ဒသမ ဝ၈၁ ဧကရှိ မြေပေါ်တွင် တစ်လုံးလျှင် ၁၈ ပေပတ်လည်အကျယ်ရှိ အခန်း ၆ဝ ပါ အဆောက်အအုံ ရှစ်လုံးကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းအခန်း ၄၈ဝ ရှိသည်။ ယခုအချိန်တွင် အဆောက်အအုံများမှာ တည်ဆောက်ပြီးစီးတော့မည် ဖြစ်ကာ လေးလုံးမှာ ဖေဖော်ဝါရီလအတွင်း ပြီးစီးမည်ဖြစ်ပြီး မတ်လကုန်တွင် အဆောက်အအုံအားလုံး တည်ဆောက် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
အခန်း ၆ဝ ပါ အဆောက်အအုံများမှ အခန်းတစ်ခန်းလျှင် အလုပ်သမား ရှစ်ဦး နေထိုင်ပါက အလုပ်သမား ၃၈ဝဝ ခန့်အတွက် အဆင်ပြေစွာ နေထိုင်နိုင်မည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆောက်အအုံများတွင် ရေမီးအစုံ တပ်ဆင်ပြီးပါက အလုပ်သမားများ၏ နေထိုင်ရေးအတွက် အဆင်ပြေစေမည့်အပြင် သွားလာစရိတ်လည်း သက်သာ၍ ငွေကြေး ကုန်ကျမှုလည်း ပိုမိုသက်သာလာမည်ဖြစ်ရာ အလုပ်သမားများအနေဖြင့် ပိုမိုသက်သာချောင်ချိလာမည် ဖြစ်ကြောင်း သိရသည်။
လှိုင်သာယာစက်မှုဇုန်တွင် နိုင်ငံအရပ်ရပ်မှ အလုပ်သမားများ လာရောက်အလုပ်လုပ်ကိုင်လျက်ရှိရာ လက်ရှိ အချိန်တွင် စက်မှုဇုန် (၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇၊ ၈)တို့၌ လုပ်ကိုင်နေသည့် စုစုပေါင်း အလုပ်သမားဦးရေမှာ ၆၈ဝဝဝ ခန့်ရှိ ကြောင်း သိရသည်။
Credit: MOI Webportal Myanmar