စုပေါင်းပိုင် အဆောက်အအုံ ဆောက်လုပ်မည့် မြေဧရိယာသည် အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ နှင့်အထက် ရှိရမည့် အချက်အပါအ၀င် နိုင်ငံခြားသားပိုင်ဆိုင်မှုအဖြစ် ရာခိုင်နှုန်း ၄၀ ရှိမည့် အချက်များ အပါအ၀င် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က ဇန်န ၀ါရီ ၂၂ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
စုပေါင်းပိုင် အဆောက်အအုံ၏ ရာခိုင်နှုန်း ၄၀ ထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ ရောင်းချနိုင်ခွင့် ရှိသည်ဟု ဥပဒေတွင် ထည့်သွင်း၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
ထို့ပြင် စုပေါင်းပိုင်မြေပေါ်တွင် စုပေါင်းအဆောက်အအုံအပြင် ဆောက်လုပ်ထားသော ခြောက်ထပ်နှင့်အထက်ရှိသည့် အထပ်မြင့် အဆောက်အအုံကို ဆိုလိုကြောင်း၊ စုပေါင်းပိုင် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် မြေဧရိယာ အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ နှင့်အထက်ရှိရမည်ဟု ပြင်ဆင်ကာ အတည်ပြုခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် စုပေါင်းပိုင် အဆောက်အအုံတစ်ခု ဖြစ်ရန် သတ်မှတ်အထပ်အရေအတွက်၊ အိမ်ခန်းအရေအတွက်၊ လုံလောက်သော ယာဉ်ရပ်နားရန်နေရာနှင့် စုပေါင်းပိုင်သူများ အသုံးပြုရန် စီမံထားရှိရမည့် စုပေါင်းပိုင်ပစ္စည်းများ၊ ယင်းအဆောက်အအုံနှင့် ပစ္စည်းများ၏ နည်းပညာအဆင့်အတန်း၊ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများ စသည်ဖြင့် စံချိန်စံညွှန်းများကို သတ်မှတ်ထားရမည်ဟု ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။
“ကွန်ဒိုတိုက်ခန်းမှာနေတဲ့ ပြည်သူတွေ အနေနဲ့ကတော့ ကွန်ဒိုက စုပေါင်းပိုင်ဖြစ်သွားတဲ့အတွက် ဒီမြေကို တိုက်ခန်းပိုင်၊ မြေပိုင်စနစ်မျိုး ဖြစ်သွားမယ်။ ကန်ထရိုက်ကတစ်ဝက်၊ မြေပိုင်ကတစ်ဝက် အကျိုးတူဆောက်ပေမယ့် မြေကိုကန်ထရိုက်လည်း စွန့်လွှတ်လိုက်ရမယ်။ မြေပိုင်လည်း စွန့်လွှတ်လိုက်ရမယ်။ ဒီမြေနဲ့ တိုက်ခန်းအသီးသီးကို တိုက်ခန်းဝယ်ထားတဲ့သူတွေကပဲ ပိုင်သွားမှာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ ကွန်ဒိုမှာနေတဲ့သူတွေဟာ ဒီကွန်ဒိုကြီး ပျက်စီးသွားရင်တောင်မှ မြေပေါ်မှာ အကျိုးခံစားခွင့် ဆက်ရှိနေမှာဖြစ်တယ်။ ဒါကြောင့် ဒီဥပဒေနဲ့ အညီဆောက်ပြီးတော့ စုပေါင်းပိုင်ခံစားကြမယ်ဆိုရင် မြေပျောက်သွားတာ၊ ကန်ထရိုက်လက်ထဲကို ရောက်သွားတာတွေ၊ ကန်ထရိုက်စားသွားတာတွေ မဖြစ်နိုင်တော့ဘူး။ ပြီးတော့ ဒီတိုက်ခန်းတွေကို ဘဏ်မှာ တရားဝင်ပေါင်နှံခွင့် ရရှိသွားမှာလည်းဖြစ်တယ်”ဟု အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။
ထို့ပြင် နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုတိုက်ခန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်သော်လည်း စီမံခန့်ခွဲမှုကို ရရှိမည်မဟုတ်ကြောင်း၊ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းပြီးပါက လက်ရှိတွင်တည်ဆောက်ထားပြီးဖြစ်သည့် ကွန်ဒိုတိုက်ခန်းများသည် ယခုဥပဒေနှင့် ညီညွတ်ပါက အကျုံးဝင်မည်ဖြစ်ပြီး ဥပဒေပါအကျိုးခံစားခွင့်များကို ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ဦးခိုင်မောင်ရည်က ဆက်လက်ပြောကြားသည်။
Credit: Eleven Media Group